ရာသီခွင်တိုင်း တိမ်မြုပ်ထားတဲ့ စိတ်နေသဘာဝများ

ရာသီခွင်ဗေဒင်မှာ လူတစ်ယောက် လျှို့ဝှက်ထားတဲ့ (တခါတလေ သူ့ဖာသာသူတောင် ရှိမှန်း မသိတဲ့) စိတ်ရဲ့ အမှောင်ဘက်ခြမ်းလေး တစ်ခု ရှိပါတယ်။ ဒီစိတ်မျိုး ထားတာ မကောင်းဘူးဆိုတာ သိပေမဲ့ ပြင်လို့ မရနိုင်အောင် ဖြစ်နေတတ်ပါတယ်။ ရာသီခွင်အလိုက် ရှိနေတတ်တဲ့ စိတ်ဆိုးစိတ်ရိုင်းလေးတချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) –  ကိုယ်တကယ် လိုချင်လာပြီဆိုရင် လိုချင်တာအတွက် ဘာမှ မငဲ့နိုင်ဘဲ တိုက်ခိုက် ရင်ဆိုင်ရယူတတ်တတ်တယ်။ ကိုယ်လိုချင်တာ ရဖို့ ဘယ်သူသေသေ ငတေမာရင် ပြီးရောလုပ်တယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – သိပ်ခေါင်းမာသူ၊ တယူသန်လွန်းသူတွေ ဖြစ်တယ်။ ဇွဲကောင်းသလိုလိုနဲ့ အပျင်းကြီးရင်လည်း လိုက်မမီဘူး။ ကိုယ်ဖို့ပဲ ကိုယ်သိတတ်ပြီး နှမျောတွန့်တိုစိတ်တွေလည်း များတတ်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အပေါ်ယံကြည့်ရင် လူမှုဆက်ဆံရေး ကျွမ်းကျင်သူ၊ လူပေါင်းဆံ့သူလို့ ထင်ရပေမဲ့ စိတ်က ဂဏှာမငြိမ်သူတွေ ဖြစ်တယ်။ မထင်တာတွေ ထလုပ်တတ်သလို မှန်းရလည်း ခက်တယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – နေသားတကျ နေနေတာကို အပြောင်းအလဲလုပ်ဖို့ ဝန်လေးတယ်။ တစ်ခုခုဆို ညည်းတွားလိုက်ရမှ နေသာမယ်။ အသေးအဖွဲကအစ ပုံကြီးချဲ့ ငြီးတွားလို့ မဆုံးဖြစ်နေတတ်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အားလုံးရဲ့ Attention ကို လိုချင်ကြတယ်။ လူပုံအလယ်မှာ ငါမှငါ ဆိုသလို ဖြစ်ချင်ကြတယ်။ သူတပါးရဲ့အလေးထား၊ ပစားပေးမှုနဲ့ အသိအမှတ်ပြု နေရာပေးမှုကို ခံယူချင်တယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – အသေးအဖွဲကအစ လိုက်တွက်သူ၊ အရမ်းကို အသေးစိတ် အနုစိတ် ဖြစ်ချင်သူတွေမို့လို့ လက်ပေါက်ကပ်တယ်။ သူများအပြစ်ဆို သေးသေးမွှားမွှားက မြင်တတ်ကြတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အရာရာကို ဘက်မလိုက်ဘဲ မျှမျှတတ လိုက်တွေးပေး မြင်ပေးတတ်လို့ ပြတ်ပြတ်သားသား လုပ်ဖို့ဆို ခက်လာတယ်။ မပြတ်မသားနဲ့တွေဝေမှုတွေ များနေတတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ပုံမှန်ကတော့ တည်တည်ကြည်ကြည်နဲ့ အလေးအနက် နေထိုင်ဖြတ်သန်းသူတွေ ဖြစ်ပေမဲ့ လက်တုံ့ပြန်ပြီဆိုရင် ကြောက်စရာ ကောင်းလွန်းတဲ့ရာသီခွင်မျိုး ဖြစ်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အကင်းပါးသူ၊ နားလည်လွယ် သိတတ်လွယ်သူတွေ ဖြစ်နေလို့ ကိုယ့်အပေါ် ထိခိုက်အောင် လုပ်လာခဲ့ရင် ပြန်တိုက်ခိုက်ဖို့အတွက် ဘာမဆို လုပ်ဝံ့သူတွေ ဖြစ်နေတတ်တယ်။

မကာရရာသီဖွား ( ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – တစ်ခုခုဆို မကောင်းမြင်လွယ်တာ အကျင့်လို ဖြစ်နေတယ်။ သူများတွေကို ထိန်းချုပ်ချင်သလို ကိုယ့်အကျိုးအတွက် သူတပါးကို နင်းဖို့ ဝှက်ဖဲတွေလည်း ရှိနေတတ်တယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – သူများကို ဒုက္ခပေးမယ်ဆို ဥာဏ်ကောင်းလွန်းသူတွေ ဖြစ်ပြီး သူတပါးကိုတော့ လျှော့တွက်တတ်ကြတယ်။ အရာရာကို သီအိုရီအတိုင်း လိုက်လုပ်ချင်စိတ် များတတ်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) –  အားလုံးနဲ့ ရေလိုက်ငါးလိုက် နေတတ်ပေမဲ့ ကိုယ့်ကို ထိခိုက်လာပြီ ဆိုရင် နာကျင်အောင်လုပ်ဖို့ အသင့် ရှိနေတတ်တယ်။ သစ္စာမဲ့တာ၊ စိတ်ကြီးဝင်တာမျိုးတွေ ဖြစ်လာတတ်တယ်။

ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)