ရာသီဖွားအလိုက် အထူးချွန်ဆုံးအချက်များ

၁၂ ရာသီဖွားတိုင်းမှာ သက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဗေဒင်သုတမှာလည်း တင်ပြပေးခဲ့ပါပြီ။ အခုတစ်ခါမှာတော့ ရာသီဖွားအလိုက် အကောင်းဆုံးနဲ့ အထူးခြားဆုံး စွမ်းအားတွေက ဘာလဲဆိုတာ လိုတိုရှင်း ပြောပြချင်ပါတယ်။ ကိုယ်ဟာ ဘယ်နေရာမှာ ဘယ်လို ထူးချွန်နိုင်သလဲ ဆိုတာ သိထားရင် ကိုယ့်ရည်မှန်းချက်ကို အများကြီး အထောက်အကူပြုနိုင်မှာပါ..

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

ရော့ခ်အဆိုကျော် လေးဖြူရဲ့ ယုံကြည်ရာသီချင်းထဲကလိုပါပဲ။ မိဿရာသီဖွားတွေဟာ သူတို့ ယုံကြည်တဲ့အရာ အပေါ် သေချာ အာရုံစိုက် ကြိုးစားရင် ထူးချွန်ပေါက်မြောက်နိုင်ပါတယ်။ တွန့်ဆုတ်တွေဝေနေရင်၊ စိတ်က ဒွိဟ သံသယတွေ များနေရင် ရည်မှန်းရာပန်းတိုင်နဲ့ ဝေးကွာသွားတတ်ပါတယ်။ ဒီတော့ ချသာချ၊ ဖြဲသာဖြဲ နောက်ကို ပြန်မဆုတ်စတမ်းသာ လုပ်ချလိုက်ပါတော့။ စိုက်စိုက်မတ်မတ်လုပ်ရင် သူများထက်ကို ထူးခြားသွားမှာပါ။

Avengers ရုပ်ရှင်ကားတွေထဲက Iron Man သရုပ်ဆောင် ရောဘတ်ဒေါင်းနင်းဂျူနီယာ၊ တစ်ခေတ်တယောက် ဆိုရမယ့် တရုတ်အက်ရှင်မင်းသား ဂျက်ကီချမ်း၊ ပေါ့ပ်အဆိုတော် လေဒီဂါဂါနဲ့ ကျွန်တော်တို့ မြန်မာပြည်က အခုထိ ဆယ်ကျော်သက် စကီလေးတွေရဲ့ အသည်းကျော် စိုင်းစိုင်းခမ်းလှိုင်တို့ဟာ မိဿရာသီဖွားတွေပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

ခေါင်းမာတယူသန်သလောက် ခွန်အားရော မေတ္တာပါ ကြီးမားတတ်တာ ပြိဿတွေပါ။ စိတ်ဓာတ် ကြံ့ခိုင်မှုမှာ ဘယ်သူမှ လိုက်မမီနိုင်အောင်၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူမှ လမ်းလွဲမသွားနိုင်အောင် အင်မတန်မှ ခိုင်မာ မြဲမြံတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ပြိဿတွေက ပြဌာန်းလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကျောက်စိုင်သားလို မာကျောနေတာ အသေချာပါပဲ။ ဒီစိတ်ဓာတ်ခွန်အားကိုသာ အသုံးချတတ်ရင် အောင်မြင်ဖို့ လွယ်ကူပါတယ်။

လက်ရှိ ဟောလိဝုဒ်မှာ ဗလကြီးသလောက် ဝင်ငွေလည်း စွတ်ကောင်းနေတဲ့ မင်းသားကြီးမောင်ကျောက်ခဲ (The Rock) ၊ သူ့လို နပန်းသမားဘဝက မင်းသားဖြစ်လာသူ ဂျွန်စီးနား၊ Free Kick ကန်ချက်မှာ အမိုက်စား လုပ်ပြနိုင်ခဲ့တဲ့ ဘက်ခမ်းနဲ့ အသံပါဝါ ကောင်းလွန်းလှတဲ့ ဗြိတိန်အဆိုကျော် Adele တို့ဟာ ပြိဿတွေပေါ့။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

ဘယ်လိုဥာဏ်စမ်းပွဲမှာမဆို အကွက်ကျကျနဲ့ ကစားနိုင်တာ မေထုန်ရာသီဖွားတွေပေါ့။ သူတပါးရဲ့ ရွှေ့ကွက်ကို ကြိုမြင်သူ၊ အလှည့်အပတ် မာယာတွေ သိပ်ကျွမ်းတဲ့သူ၊ စကားအပြောအဆို စာပေရေးသားချက်တွေကလည်း ထိထိမိမိနဲ့ တစ်လုံးဆို ဆိုသလောက် တစ်ဖက်ကို အလဲထိုးနိုင်တာ မေထုန်တွေပါပဲ။ အတွေးအခေါ်နဲ့ စကား စွမ်းအင်မှာ သူတပါးထက် နှစ်တစ်ဖျားမက အမြဲသာနေတာမို့ ဒီအားသာချက်ကို ထုတ်သုံးကြည့်စေချင်ပါတယ်။

မေထုန်ရာသီဖွားတွေထဲမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၊ နာမည်ကျော် ဟောလိဝုဒ် မင်းသမီးကြီး အိန်ဂျလီနာဂျိုလီ၊ Captain America သရုပ်ဆောင် မင်းသားခရစ်အီဗန်နဲ့ မြန်မာပြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လူသိများ ထင်ရှားသူတွေပဲ ဖြစ်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

ချစ်စရာကောင်းတဲ့ မျက်နှာပေး အပြုအမူတွေ၊ ပြင်းပြထက်သန်တဲ့ ခံစားချက်ပိုင်ရှင်တွေဟာ ကရကဋ်တွေပါပဲ။ ခံစားချက်ကို အလေးထားပြီး ခံစားချက်အတိုင်း ပြုမူရှင်သန်တတ်လို့ ဒီအချက်ကို လက်ကိုင်ပြု ကြိုးစားနိုင်ရင် ဒိတ်ဒိတ်ကြဲတွေ ဖြစ်လာတတ်ပါတယ်။ အလိုလို စန်းပွင့်တဲ့ ရာသီဖွားတွေမို့ သိပ်ကြိုးစားလုပ်ပြနေစရာ မလိုဘဲ အောင်မြင်နိုင်ပါတယ်။ အေးရာအေးကြောင်း နေတတ်သလို လုပ်ပြီဟေ့ဆိုရင်လည်း အပြတ်ချတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဟောလိဝုဒ်မှာ ခုထိ သိပ္ပံဆန်တဲ့ အက်ရှင်ကားတွေ ရိုက်နေဆဲ မင်းသားကြီး တွမ်ခရုဇ်ဟာ ကရကဋ်ရာသီဖွား ဖြစ်ပြီး ကျွန်တော်တို့ မြန်မာပြည်မှာလည်း တစ်ခေတ်မှ တစ်ယောက်ဆို နာမည်ကျော်ကြားခဲ့တဲ့ ဦးကျော်ဟိန်း၊ ဂီတပညာရှင် ထူးအိမ်သင်နဲ့ ဗေဒင်ပညာရှင် စာရေးဆရာကြီးမင်းသိင်္ခတို့ဟာ ကရကဋ်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ရာသီဖွားတွေရဲ့ ထူးချွန်ထက်မြက်မှုအပိုင်းတွေနဲ့ နာမည်ကျော် ဘယ်သူဘယ်ဝါက ဘယ်ရာသီဖွား ဖြစ်တယ်ဆိုတာတွေကို ဆက်လက် ဖော်ပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦး..။

ရာသီခွင်ဖွားအားလုံး ထူးချွန်တဲ့အချက်တွေကို ထုတ်ယူ အသုံးပြုနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)