ရာသီဖွားအလိုက် အထူးချွန်ဆုံးအချက်များ (၃)

ရာသီဖွားအလိုက် အကောင်းဆုံးစွမ်းရည်နဲ့ အထူးချွန်ဆုံး အချက်တွေက ဘာတွေလဲ ဆိုတာကို အရင် တင်ပြီးသား ဆောင်းပါးရဲ့ နောက်ဆက်တွဲနဲ့ နောက်ဆုံးအဖြစ် ဓနု၊ မကာရ၊ ကုမ်နဲ့ မိန်ရာသီဖွားတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဟာ ဘယ်လိုနေရာမျိုးမှာ အထူးချွန်ဆုံး ဖြစ်နေသလဲ ဆိုတာ သိထားရင် ဘဝ အောင်မြင်ရေးအတွက် အသုံးတည့်မှာ အသေချာပါပဲ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

လေးနဲ့ မြားကို ဆွဲထားတဲ့ မုဆိုးကြီး ကြယ်စုမှာ မွေးဖွားသူတွေ ဖြစ်လို့ ရည်မှန်းချက် ကြီးမားသလောက် အဲဒီ ရည်မှန်းရာကိုလည်း ရောက်အောင် သွားနိုင်ကြပါတယ်။ ဘေးတီးတွေ၊ ကြားဝင်ဖျက် နှောင့်ယှက်တာတွေကို နည်းနည်းမှ ဂရုမစိုက်ဘဲ ဦးလည်မသုန် လျှောက်လှမ်းကြပါတယ်။ အင်တိုက်အားတိုက် မခံချင်စိတ်တွေနဲ့ ကြိုးစားလိုက်ရင် ထိပ်ဆုံးကို တက်လှမ်းနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းအဖြစ်လည်း ရပ်တည်ပါတယ်။

ဓနုရာသီခွင်ထဲမှာ တေလာဆွစ်ဖ်၊ မိုင်လေဆိုင်းရပ်စ်၊ ဘရစ်တနီစပီးယား၊ နစ်ကီမီနာ တို့လို နာမည်ကျော် အဆိုတော်တွေကို မွေးဖွားခဲ့ကြသလို ဟောလိဝုဒ်က နာမည်ကြီးမင်းသား ဘရတ်ပစ်ကလည်း ဓနုရာသီဖွားပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

စနေဂြိုဟ် စိုးမိုးတဲ့ ရာသီခွင် ဖြစ်လို့ ခေါင်းအေးအေးနဲ့ သည်းခံစွမ်းအားအပြည့် သုံးပြီး ရည်မှန်းရာပန်းတိုင်ကို လျှောက်လှမ်းတတ်ကြပါတယ်။ ရင့်ကျက် ပြည့်ဝပြီး စိတ်ဓာတ်လည်း ခိုင်မာကြသလို အရာရာကို သတိတရား လက်ကိုင်ထား ဖြေရှင်းတတ်ပါတယ်။ အဲဒီလိုစွမ်းရည်တွေကြောင့်လည်း သူများ မလုပ်နိုင်တာတွေ လုပ်ပြပြီး နေရာတစ်ခု အဆင့်တစ်ခုကို ခေါင်းဆောင်အဖြစ် ရောက်ရှိတတ်ပါတယ်။

ဒီရာသီဖွားတွေထဲမှာ နာမည်ကျော်သူတွေတချို့ကို ပြရရင် ကျွန်တော်တို့ အားလုံး သိကြတဲ့ မစ္စတာဘင်း သရုပ်ဆောင်မင်းသားကြီး ရိုဝန်အက်ကင်ဆန်၊ အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ အမျိုးသမီး မီရှဲလ် အိုဘားမား၊ နာမည်ကြီး အမေရိကန်ရက်ပ်အဆိုကျော် ပစ်ဘူးလ်တို့ကို ပြရပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

ထူးခြားတဲ့ အတွေးအခေါ်တွေ ရှိနေပြီး သမာရိုးကျ လမ်းဟောင်းတွေကနေ ခွဲထွက်ရင်း အသစ်အဆန်းတွေ ဖန်တီးပြနိုင်တယ်။ အားလုံးနဲ့ သိကျွမ်းသလို အားလုံးကိုလည်း မွှေနှောက်သိရှိသူမို့ သူများကို အကြံပေးတာ ကူညီတာတွေနဲ့ ဘဝကို ဖြတ်သန်းတယ်။ ကြုံရာမှာ အဆင်ပြေသလို နေထိုင်ရှင်သန်တတ်တယ်။ ထူးခြားစွာ အောင်မြင်သူတွေလည်း ဖြစ်လာတတ်ကြပါတယ်။ တခါတလေ ထူးထူးဆန်းဆန်းတွေ လုပ်ပြတတ်တယ်။

ကုမ်ရာသီမှာ မွေးဖွားတဲ့ ဒိတ်ဒိတ်ကြဲ နာမည်ကျော်အားကစားသမားတွေကတော့ ဂန္တဝင်ဘောလုံးစတား ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဘတ်စ်ကတ်ဘော ချန်ပီယံ မိုက်ကယ်ဂျောဒန်တို့ ဖြစ်ပြီး ရှာကီရာ၊ ဂျက်စတင် တင်းဘားလိတ်တို့လို နာမည်ကြီးအဆိုတော်တွေနဲ့ Avengers ထဲမှာ Scarlett Witch အဖြစ် နာမည်ရခဲ့တဲ့ မင်းသမီး အဲလီဇဘက်အော်လ်ဆွန်တို့ပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

၁၂ ရာသီခွင်ထဲမှာ နောက်ဆုံး ဖြစ်လို့ ထူးခြားဆန်းကြယ်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ တော်ရုံနဲ့ ခန့်မှန်း မရတဲ့ ပုံစံတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အားလုံးက မျက်ခုံးပင့် ကြည့်ရလောက်အောင် ထူးခြားတဲ့ အလုပ်တွေ လုပ်ပြတတ်ကြသလို အောင်မြင်မှုလမ်းပေါ် ရောက်လာတဲ့အခါမှာလည်း လက်ဖျားခါလောက်တဲ့ စံချိန်တင် အလုပ်မျိုးတွေနဲ့ နာမည်တွင်ကျန်ရစ်တတ်ပါတယ်။ ကိုယ့်အရည်အချင်းကို ထုတ်သုံးနိုင်ဖို့သာ အဓိကပါပဲ။

မိန်ရာသီခွင်ထဲမှာ အိုင်စတိုင်းနဲ့ စတိဂျော့ဗ်တို့လို သမိုင်းတွင်တဲ့ ကမ္ဘာကျော်တွေ မွေးဖွားခဲ့ကြပြီး အနုပညာ လောကမှာဆိုရင်လည်း ရီဟာနားနဲ့ ဂျပ်စတင်ဘီဘာတို့လို နာမည်ကျော်တွေကို မွေးဖွားခဲ့ပါတယ်။

၁၂ ရာသီဖွားအားလုံး ထူးချွန်ပေါက်မြောက် အောင်မြင်ကြပါစေ – ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)