လယ်တီဆရာတော်ကြီး စီမံခဲ့သော ကပ်ကျော် အဆောင်စမတံဆိပ်များ

ရှေးနှစ်ပေါင်းတစ်ရာလောက်က မြန်မာပြည်အဝန်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ဘေးရန် အန္တရာယ်၊ ကပ်ဘေးတွေ ကင်းဝေးစေသော စမ အဆောင်တံဆိပ်တွေအကြောင်း လူမှုကွန်ရက်ပေါ် တင်ပြလာသမျှကို ဗေဒင်သုတ – BaydinThyuta က စုစည်း ဖော်ပြပေးချင်ပါတယ်။

အန္တရာယ်ကင်းစမတံဆိပ်တော် – တခါတုန်းက လယ်တီဆရာတော်ကြီးဟာ ကပ်ရောဂါတွေ ဘာလို့ ဖြစ်ရတယ်၊ ကပ်ရောဂါ မကျခင် ဘယ်လို နိမိတ်တွေ ပြတယ် အစရှိတဲ့ စိတ်ဝင်စားဖွယ် အချက်တွေ ပါဝင်တဲ့ ရောဂန္တရဒီပနီကျမ်းကို ရေးသားပြုစုနေတုန်းမှာ ယိုးဒယားနယ်စပ်မှာ နေတဲ့ ရသေ့တစ်ပါးက အိပ်မက်အရ ရရှိလာတဲ့ စမတံဆိပ်တစ်ခုကို လာရောက် ဆက်ကပ်ခဲ့ပါတယ်။ “ပထရမ” အက္ခရာစုကို တစ်ကြောင်းဆွဲအဖြစ် ရေးဆွဲထားတဲ့ ဒီစမတံဆိပ်ကို လယ်တီဆရာတော်ကြီးက ဂုဏ်တော်၊ ပဌာန်း စတာတွေနဲ့ ရွတ်ဖတ်ပူဇော်ပြီး အမဲသားရှောင်သူတွေကို အဆောင်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

လယ်တီဆရာတော်ကြီးဟာ အဲဒီခေတ်ကာလက ကပ်ရောဂါဘေး သင့်နေတဲ့ မြို့၊ ရွာဒေသတွေဆီကို ကြွရောက်ရာမှာ ပရိတ်၊ ပဋ္ဌာန်းတော်တွေ ရွတ်ဖတ်၊ အမိန့်တော်ပြန်တမ်းတွေ ထုတ်တဲ့အပြင် ဒီစမ တံဆိပ်ကိုလည်း အိမ်တိုင်းမှာ ချိတ်ဆွဲ၊ အဆောင်ပြုထားဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။ ဒီစမကို Screen Shot ရိုက်ယူ Print ထုတ်ပြီး အိမ်အဝမှာ ဖြစ်ဖြစ် ချိတ်ဆွဲပူဇော်နိုင်ပါတယ်။ ဒီစမတံဆိပ်ရဲ့ အဓိပ္ပါယ်ဟာ “ရှေးဦးစွာ သစ္စာလေးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား” လို့  ဆိုလိုကြောင်း ဆရာကြီးမင်းသိင်္ခက ပုတီးသမားဆောင်ရန်စမ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားခဲ့ဖူးပါတယ်။

လယ်တီဆရာတော်ဘုရားကြီး၏ အန္တရာယ်ကင်းစမတံဆိပ်တော်ပုံ

အန္တရာယ်ကင်း စမစကြာတံဆိပ်တော် – ဒီစမကတော့ လယ်တီဆရာတော်ကြီးရဲ့ မူရင်းစမတံဆိပ်မှာ ရှေးဂမ္ဘီရကျမ်းထဲက အတတ်ပညာတွေနဲ့ ထပ်မံ ပေါင်းစပ်ပြီး ရေးဆွဲထားတဲ့ စမစကြာတံဆိပ်တော်ပဲ ဖြစ်ပါတယ်။ ဒီစမမှာတော့ စက်ဝန်းနဲ့ ခြောက်ထောင့်ကြယ်တွေကို ကမ္ဘာ့ဂန္ဒာရီပညာရှုထောင့်ကနေ ဖြည့်စွက်ထားပြီး တစ်ကြောင်းဆွဲအရဟံစမနဲ့ ရောင်ခြည်တော်ခြောက်သွယ်တွေကိုလည်း ထည့်သွင်း ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ ဒီစမကို ရေးဆွဲရာမှာ လယ်တီဆရာတော်ကြီးနဲ့ တိုင်ပင်ခဲ့တယ်လို့ ဆိုထားပြီး မြန်မာပြည်အနှံ့ ကပ်ရောဂါဘေးတွေ ကြုံတုန်းက အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အသစ် မွမ်းမံထားသော အန္တရာယ်ကင်းစမတံဆိပ်တော်ပုံ

အန္တရာယ်ကင်း ဘုရားပုံတော် – လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က လယ်တီဆရာတော်ဘုရားကြီး စီမံခဲ့တဲ့ ကပ်ရောဂါ အန္တရာယ်ကင်း ဘုရားပုံတော်ကို ကြည့်မြင်တိုင်၊ စလင်းကွင်းကျောင်းတိုက်က တိုက်ကြပ်ဆရာတော်ဦးတိလောကက ပြန်ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီဘုရားပုံတော်ကိုလည်း ကိုယ့်အိမ်က ဘုရားကျောင်းဆောင်မှာ ပူဇော်ထားရှိနိုင်ပါတယ်။

လယ်တီဆရာတော်ကြီး စီမံခဲ့သော အန္တရာယ်ကင်း ဘုရားပုံတော်

လယ်တီဆရာတော်ကြီး၏ စမတံဆိပ်တော်များကို ရေးဆွဲပူဇော်၊ ပြန်လည် မျှဝေ တင်ပြပေးသော သံဃာတော်အရှင်သူမြတ်များနှင့် လူပညာရှိများအား လေးစားစွာ Credit ပေးပါသည်။  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)