လာဘအရပ်မှာ လာဘ်ပန်းဆင်

မြန်မာရိုးရာအင်္ဂဝိဇ္ဇာပညာရပ်အရ နေ့နံအလိုက် တစ်ပတ်တစ်ကြိမ် လာဘအရပ်တွင် လာဘ်ပန်း ထိုးခြင်းဖြင့် လာဘ်လာဘ ပွင့်ခြင်း၊ ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေခြင်း စသည့်အကျိုးတရားကို ခံစားရပေမည်။

ဈေးဆိုင်ဖွင့် ရောင်းဝယ်သူများသာမက ကုမ္ပဏီ၊ ရုံးခန်း၊ ဌာနများ ဖွင့်လှစ်လုပ်ကိုင်သူများပါမကျန် သတ်မှတ် (လာဘ) အရပ်တွင် လာဘ်ပန်းအညွှန့်များ ထိုးဖြင်းဖြင့် ရောင်းပန်းဝယ်ပန်းကောင်းခြင်း၊ ငွေကြေးစီးပွား ဖြစ်ထွန်းခြင်းတို့ ရရှိစေနိုင်ပါသည်။

နေ့နံအလိုက် ဆောင်ရွက်ပုံ အသေးစိတ်ကို ဖော်ပြရသော်….

တနင်္ဂနွေနေ့ဖွားများအနေဖြင့် တနင်္ဂနွေနေ့ မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း လုပ်ငန်းဆိုင်ခန်း၏ အနောက်တောင်အရပ်တွင် သပြေ ၆-ညွန့်ကို ပန်းအိုးတွင် ရေခံပြီး ထိုးပါ။ ထိုပန်းအိုးတွင် အဝါရောင် ဖဲကြိုးကို ချည်ထားပြီး အမြင့်တစ်နေရာတွင် ထားရမည်။

တနင်္လာနေ့ဖွားများအနေဖြင့် တနင်္လာနေ့ မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း လုပ်ငန်း ဆိုင်ခန်း၏ အနောက်အရပ်တွင် နှင်းဆီ ၁၀ပွင့်ကို ပန်းအိုးတွင် ရေခံပြီး ထိုးပါ။ ၎င်းပန်းအိုးတွင် အစိမ်းရောင်ဖဲကြိုးကို ချည်နှောင်ထားပြီး အမြင့်တစ်နေရာတွင် ထားပါ။

အင်္ဂါနေ့ဖွားများအနေဖြင့် အင်္ဂါနေ့ မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း လုပ်ငန်းဆိုင်ခန်းတို့၏ အနောက်မြောက်အရပ်တွင် အုန်း ၆ညွန့်ကို ပန်းအိုးတစ်ခုတွင် ရေခံပြီး ထိုးပါ။ ၎င်းပန်းအိုးတွင် ခရမ်းရောင်ဖဲကြိုးကို ချည်နှောင်ထားပါ။

ဗုဒ္ဓဟူးနေ့ဖွားများအနေဖြင့် ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း လုပ်ခန်း ဆိုင်ခန်း၏ မြောက်ဘက်အရပ်တွင် ကံကော် (သို့) ကြံ (သို့) ငွေပန်း ၁၅ပွင့်/ညွန့်ကို ပန်းအိုးတစ်ခုဖြင့် ရေခံပြီး ထိုးပါ။ ၎င်းပန်းအိုးတွင် အဖြူရောင်ဖဲကြိုးကို ချည်နှောင်ထားပါ။

ကြာသပတေးနေ့ဖွားများအနေဖြင့် ကြာသပတေးနေ့ မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း အလုပ်ခန်း ဆိုင်ခန်းများ၏ အရှေ့အရပ်တွင် ဆူးဖယ်ထားသည့် ဆီး (ဇီး) ၈ ညွှန့်ကို ပန်းအိုးတစ်ခုတွင်း ရေခံပြီး ထိုးပါ။ ထိုပန်းအိုးကို လိမ္မော်ရောင်ဖဲကြိုးနှင့် ချည်ထားပါ။

သောကြာနေ့ဖွားများအနေဖြင့် သောကြာနေ့ မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း တောင်အရပ်တွင် ရွက်လှ ၈ညွန့်ကို ပန်းအိုးတစ်လုံးတွင် ရေခံပြီး ထိုးပါ။ ၎င်းပန်းအိုးတွင် အနီရောင်ဖဲကြိုးကို ချည်နှောင်ထားပါ။

စနေနေ့ဖွားများအနေဖြင့် စနေနေ့မနက် ၆ နာရီမှ ၆ နာရီ ၆ မိနစ်အတွင်း အရှေ့မြောက်အရပ်တွင် မေမြို့ ၅-ပွင့်ကို ပန်းအိုးတစ်ခုတွင် ရေခံပြီး ထိုးပါ။ ထိုပန်းအိုးကို ရွှေရောင်ဖဲကြိုးနှင့် ချည်နှောင်ထားပါ။

အထက်ပါအတိုင်း တစ်ပတ်လျှင် တစ်ကြိမ် ရေနှင့် အညွန့်ပန်း၊ အခက်များ လဲလှယ်ပေးခြင်းဖြင့် လုပ်ငန်းစီးပွား ဖြစ်ထွန်းခြင်း အရောင်းအဝယ် သွက်ခြင်း၊ ငွေကြေးဥစ္စာများ ရှာဖွေရလွယ်ကူခြင်း စသည့် အကျိုးတရားများကို ခံစားရပါလိမ့်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)