ဝါဆိုလပြည့်ည လကြတ်မှုဖြစ်စဉ် ဟောကိန်း

လာမယ့် ၂၀၁၉၊ ဇူလိုင် ၁၆ ၊ ဝါဆိုလပြည့်ညနဲ့ ဇူလိုင် ၁၇ ရက်အကူး အစောပိုင်းမှာ တစ်စိတ်တစ်ပိုင်း လကြတ်မယ့်ဖြစ်စဉ်ကို မြန်မာနိုင်ငံ အပါအဝင် ဒေသအတော်များများကနေ မြင်တွေ့ရဖို့ ရှိနေပါတယ်။

တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်း ကျပြီး နေကြတ်၊ လကြတ် ဖြစ်ပွားတာဟာ ပုံမှန်အနေနဲ့ ထူးခြားမှု မရှိပေမယ့် ဒီတစ်ခါ လကြတ်ချိန် လရဲ့အနီးမှာ ပါပစနေဂြိုဟ် တည်ရှိနေမှာ ဖြစ်ပြီး ဗုဒဟူးဂြိုဟ်ကလည်း နောက်ပြန် Retro အဖြစ် လည်ပတ်နေမှာပါ။

ဇူလိုင် ၁၆ ရက် ညပိုင်း လကြတ်တဲ့ဖြစ်စဉ်ကို အာရှ၊ အာဖရိကနဲ့ ဥရောပ၊ တောင်အမေရိကတိုက်က ဒေသတချို့ကနေ မြင်တွေ့နိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ဇူလိုင် ၁၇ ရက် မနက် ၁ နာရီနဲ့ ၅ နာရီ ကြားလောက်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ (မိုးလည်း မရွာဘူး၊ တိမ်လည်း ကင်းစင်တယ်ဆိုရင်ပေါ့)

ဒီတစ်ခေါက် လကြတ်တဲ့ ဖြစ်စဉ်ကြောင့် နေ့စဉ်လူနေမှုဘဝမှာ အများဆုံး ရိုက်ခတ်မှု ဖြစ်လာနိုင်တဲ့ ရာသီဖွားတွေကတော့ မကြာသေးခင်တုန်းက နေကြတ်မှုဖြစ်စဉ်မှာ အဓိက ခံစားခဲ့ရတဲ့ ရာသီဖွား (၄) ခုပဲ ဖြစ်ပါတယ်။ နေကြတ်လကြတ်နှစ်ကြိမ်စလုံးကို ခံစားရမယ့် မိအေးနှစ်ခါနာအုပ်စုလို့ ဆိုရမှာပါပဲ။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) တွေဟာ လကြတ်ပြီးနောက်မှာ ဖြစ်ချင် လုပ်ချင်တာတွေ နှေးကွေးကြန့်ကြာတာ၊ စိတ်သွားတိုင်း ကိုယ်မပါသလို ဖြစ်တာ၊ လုပ်ငန်းကိစ္စတွေမှာ မျှော်မှန်းသလို ဖြစ်မလာဘဲ နောက်ကျကုန်တာ စတဲ့ အဖြစ်အပျက်တွေ ကြုံရတတ်ပါတယ်။ ဒီလိုတွေ ဖြစ်လာခဲ့ရင် စိတ်တိုဒေါသ ဖြစ်မနေဘဲ ခေါင်းအေးအေးထားပြီး လုပ်သမျှကို ပြန်သုံးသပ်ဖို့ သင့်ပါတယ်။ မိသားစု မိဘတွေ၊ ချစ်ခင်ရင်းနှီးသူတွေနဲ့ ပိုပြီး အချိန်ပေး နေထိုင်ကြည့်ပါ။ နားသင့်ရင် ခဏ နားလိုက်ပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) တွေက အချစ်ရေး အိမ်ထောင်ရေး နှလုံးသားရေးမှာ ထစ်ခနဲဆို ဆတ်ဆတ်ထိမခံတဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အခက်အခဲတွေ ဖြစ်လာနိုင်လို့ တတ်နိုင်သမျှတော့ စိတ်ခံစားချက်ကို ထိန်းရပါလိမ့်မယ်။ တစ်ခုခုဆို သိပ်ခံစားပစ်တာ၊ တနုံ့နုံ့ ဖြစ်နေတာမျိုးကို ထိန်းချုပ်ပါ။ စိတ်ပျက်လွယ် ထိခိုက်ခံစားလွယ်နေပါမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) တွေဟာ အလုပ်အကိုင်နဲ့ မိသားစုရေး ကြားထဲမှာ ပဋိပက္ခလေးတွေ ဖြစ်လာတတ်ပါတယ်။ အလုပ်နဲ့ ဘဝ ညီမျှခြင်း ချနိုင်ဖို့ကို အတော်လေး ရုန်းကန်ရပါမယ်။ အလုပ်တွေ များလို့ အိမ်ကို ပြန်မကြည့်နိုင်တာ၊ အလုပ်ဒဏ်ကြောင့် မိသားစုအပေါ် ပေါက်ကွဲမိတာ စတဲ့ စိတ်မချမ်းသာစရာတွေ ဖြစ်မလာအောင် ကြိုရှောင်ပါ။ မျှမျှတတ နေထိုင်ပေးပါ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) အိမ်ထောင်ရေးအစ လူမှုရေးအဆုံး နေ့စဉ် ထိတွေ့ဆက်ဆံနေရသူတွေနဲ့ အမြင်မတူ၊ အငြင်းပွားလွယ်ပြီး ပြဿာနာတွေ ဖြစ်လာတတ်ပါတယ်။ အများနဲ့တစ်ယောက်လို ဖြစ်တာ၊ ကိုယ့်ကိုကိုယ် မထိန်းနိုင်ဘဲ ရန်လိုချင်တာ၊ အားလုံးက ဘူးဆိုရင် ကိုယ်က ဖရုံပဲ သီးပြချင်တာတွေ ဖြစ်နေပါမယ်။ ပေါက်ကွဲလွယ်၊ ခံစားလွယ်တာမျိုးကို ရှောင်ထားပါ။

ဝါဆိုလပြည့်ည၊ လကြတ်မှုဖြစ်စဉ်အပြီး ရက်ပိုင်းနဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ဖော်ပြပါ ရာသီဖွား (၄) ခုဟာ အနည်းနဲ့အများ ကံဇာတာအညံ့လေးတွေ ခံစားရတတ်တာမို့ ကိုယ့်ဘက်က ကြိုသိကြိုပြင်ထားရင် ခံရသက်သာပါလိမ့်မယ်။ ပြဿနာတွေကိုလည်း ကြိုတင် ရှောင်လွှဲနိုင်ပါလိမ့်မယ်ဆိုတာကို ဗေဒင်သုတ စာရှုသူတွေအတွက် စေတနာရှေ့ထား တင်ပြပေးလိုက်ရပါတယ်ဗျား..။

ဧက

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)