သိထားသင့်တဲ့ ခုနှစ် သက္ကရာဇ်များအကြောင်း

နှစ်သစ် ၂၀၂၀ ကိုတော့ ကူးပြောင်းရောက်ရှိသွားပါပြီ။ ဒါပေမယ့် လက်ရှိ မြန်မာကောဇာသက္ကရာဇ် ဘယ်လောက်လဲ မေးလိုက်ရင် မသိတဲ့ လူတွေ အတော်များများ ရှိနေမလားပဲဗျ။ မျက်မှောက်ခေတ်ကာလမှာ မြန်မာလူငယ်အများစုက ဒီနှစ် ကောဇာသက္ကရာဇ် ဘယ်လောက် ရှိပြီလဲ ဆိုတာကို တန်းခနဲ သိတဲ့သူ မရှိသလောက် ဖြစ်နေပါပြီ။ မေးလိုက်တော့မှသာ ပြက္ခဒိန်လေး ပြေးလှန်ပြီး ဒီနှစ် မြန်မာကောဇာ သက္ကရာဇ် ဘယ်လောက်ပါလားလို့ သိရတဲ့ အနေအထား ဖြစ်နေပါတယ်။

ခုခေတ် လူငယ်များကလည်း အနောက်တိုင်းသားတွေ သုံးကြတဲ့ ခရစ်နှစ်ကိုပဲ အသုံးများနေတော့ မြန်မာ့ရိုးရာ သက္ကရာဇ် ဆိုတာ ဘယ်အထိ ရောက်နေပြီ ၊ သာသနာနှစ်က ဘယ်လောက် ရှိနေပြီ ဆိုတာ မသိကြတော့တာ မဆန်းပါဘူး။ ဒီနေရာမှာတော့ မြန်မာနဲ့ အနောက်တိုင်းက သုံးစွဲကြတဲ့ သက္ကရာဇ်အမျိုးမျိုး အကြောင်းကို စုစည်း ဖော်ပြချင်ပါတယ်။ အားလုံးအတွက် ဗဟုသုတ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

မြန်မာနှစ် – မြန်မာသက္ကရာဇ်တွေအကြောင်း ပြောရရင် မဟာသက္ကရာဇ်ကနေ စပြောရမှာပါ။ မဟာသက္ကရာဇ် ဆိုတာက ဗုဒ္ဓဘုရားရှင် မပွင့်သေးခင် ကာလတွေကို ဆိုလိုပါတယ်။ ဗုဒ္ဓဘုရားလောင်းတော်ကို မဟာသက္ကရာဇ် (၆၈) မှာ ဖွားမြင်တာ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် ပြီးရင် သာသနာနှစ်ကို ဆက်ပါမယ်။ ဗုဒ္ဓ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး ပထမ သင်္ဂါရတနာ တင်တဲ့ နှစ်၊ တနည်း ပြောရရင် ရှင်မဟာကဿပနဲ့ အဇာတသတ်မင်းတို့ ထားခဲ့တဲ့ နှစ်ကို သာသနာသက္ကရာဇ် လို့ ခေါ်တွင်ပါတယ်။ မဟာသက္ကရာဇ်ကို ဖြိုပြီး သာသနာနှစ်အဖြစ် စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လက်ရှိ မြန်မာတွေ အသုံးပြုကြတဲ့ သက္ကရာဇ်ကိုတော့ ကောဇာသက္ကရာဇ်လို့ ခေါ်ပါတယ်။ ပထမ သင်္ဂါရတနာ တင်တဲ့နှစ်ကနေ စတင် ရေတွက်ခဲ့ပေမယ့် သရေခေတ္တရာနဲ့ ပုဂံခေတ်တွေမှာ သက္ကရာဇ် (၂) ခါ ဖြိုခဲ့ပါတယ်။ နှစ်ကြိမ် ဖြိုခဲ့တဲ့ ခုနှစ်ပေါင်းက (၁၁၈၂) ဖြစ်ပါတယ်။ အဲဒီတော့ လက်ရှိ ရောက်နေတဲ့ မြန်မာသက္ကရာဇ်ထဲမှာ ဖြိုချခဲ့တဲ့ ခုနှစ် (၁၁၈၂) ကို ပေါင်းထည့်ရင် သာသနာနှစ်ကို ရရှိမှာ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ခရစ်နှစ် – ဒီနေ့ခေတ် အသုံးများကြတဲ့ ခရစ်နှစ်ဆိုတာကို ယေရှုခရစ်တော် မွေးဖွားချိန်ကနေ စတင် ရေတွက်တာ ဖြစ်ပါတယ်။ အနောက်တိုင်းသားတွေရဲ့ သမိုင်းရာဇဝင်တွေ ပြန်လှန်ရင် ဘီစီနဲ့ အေဒီ ဆိုတဲ့ စာလုံးတွေကို မြင်တွေ့ရမှာပါ။ ဘီစီ (BC) ဆိုတာ Before Christ (ခရစ်တော် မပေါ်ခင်က) ရေတွက်တဲ့ နှစ်တွေကို ဆိုလိုရင်း ဖြစ်ပြီး အေဒီ (Anno Domini) ဆိုတာက ဒို့ဘုရားသခင်နှစ်လို့ အမည်ရပါတယ်။ ခရစ်တော် ဖွားမြင်ပြီးနောက် နှစ်တွေကို ဆိုလိုရင်း ဖြစ်ပါတယ်။

 

ဖြည့်စွက်သုတအနေနဲ့ ပြောရရင် ဗေဒင်ဆရာက မြန်မာမွေးခုနှစ် ပြောဆို အင်္ဂလိပ်မွေးခုနှစ်ပဲ သိကြတဲ့ ညီငယ် မောင်မယ်များအတွက် ခရစ်နှစ်ကနေ မြန်မာနှစ် ပြောင်းနည်းလေးပါ ပြောပြချင်ပါတယ်။ ကိုယ့်ရဲ့ အင်္ဂလိပ်လို မွေးခုနှစ်ကနေ (၆၃ဂ) ကို နုတ်ရင် မြန်မာမွေးခုနှစ် ရပါတယ်။ ဇန်နဝါရီ ၁ ကနေ ဧပြီ ၁၆ ကြား မွေးရင်တော့ အကြွင်းမှာ (၁) ထပ် နုတ်ပေးရပါမယ်။

ဒီလောက်ဆိုရင် မြန်မာတွေရဲ့ သက္ကရာဇ်က ဘယ်လို ဖြစ်တည်လာတယ်၊ အနောက်တိုင်းသားတွေက ခုနှစ် သက္ကရာဇ်ကို ဘယ်လို ရေတွက်လာတယ် ဆိုတာကို အကြမ်းထည်လောက် သဘောပေါက်လောက်ပြီလို့ ယူဆပါတယ်။

အားလုံး သုတအဖြာဖြာနဲ့ ပြည့်စုံ ကြွယ်ဝနိုင်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)