အင်္ဂါများအတွက် ယခုနှစ် ကံဇာတာအသေးစိတ်စစ်တမ်း

ကိုယ့်နာမည်ကို ဘယ်လိုပဲ မှည့်ထားထား၊ အင်္ဂါသားသမီး ဖြစ်တယ်ဆိုရင် ကိုယ့်နာမည်ရဲ့ အဖျားစာလုံးက ဘယ်နံနဲ့ အဆုံးသတ်လည်း ဆိုတာ ကြည့်ပြီး ဒီအဟောကို ဖတ်နိုင်ပါတယ်။ လက်ရှိ ဖြတ်သန်းနေဆဲ ကောဇာ မြန်မာသက္ကရာဇ် ၁၃၈၀ အတွက် ဟောစာတမ်း ဖြစ်ပါတယ်။

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး တနင်္ဂနွေနံ ဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ – စိုးအောင် ၊ စန်းစန်းအေး ၊ ဇင်သီရိအောင် ၊ မြမြဦး ၊ သန်းအေး .စသည် ) အပြောင်းအလဲကံတွေကို အခြား အင်္ဂါနေ့ဖွားတွေထက် ပိုမိုရင်ဆိုင်ရမယ့် သူတွေပဲ ဖြစ်ပါတယ်။ စလုံးရေ စ ဆိုသလို အစကနေ ပြန်ပြန်စနေရတတ်သော ကံဟာ ဒီအမည်ရှင်တွေ အားလုံးအတွက် ဒီနှစ်မှာ ပိုထင်ရှားတတ်ပါတယ်။

အသစ်ကပြန်စကြစို့ ……ဆိုတဲ့ နှစ်မျိုးပါ။ ဘာတွေ အသစ်ကနေပြန်စကြရမလဲ…၊ ဘယ်လို အစပြန်ပြုရမလဲ။ ဘယ်လို အခြေအနေကောင်းကြုံအောင် ပြန်အစပြုရမလဲ စသည်ဖြင့် ..ဘ၀ရဲ့ ပုစ္ဆာ တွေကိုလည်း … ဒီတစ်နှစ် မုချဖြေကြရပါမယ်။

မေတ္တာရေး အိမ်ထောင်ရေး …အခက်အခဲ သို့မဟုတ် အပြောင်းအလဲ အကြုံနိုင်ဆုံး နှစ်မျိုးဖြစ်ပါတယ်။ မုချ ဂရုစိုက်ကြရမယ့်အချိန်ပါ။  အလုပ်အကိုင်အပြောင်းအလဲ ၊ အထက်လူကြီးနဲ့ အဆင်မပြေမှု ၊ အိုးအိမ် နေရာထိုင်ခင်း အပြောင်းအလဲကံတွေလည်း ဒီနှစ် ၁၃၈၀ ထဲမှာ အလွန်ကျရောက်လွယ်နေချိန်ပါ။ တစ်ချို့သော ဒီအမည်ရှင်များ ဒီတစ်နှစ်လုံး ဆောက်တည်ရာမရသလို ယိမ်းယိုင်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

ယတြာ- တနင်္ဂနွေနေ့မှာ… ဓါတ်ခဲဟောင်းများ ၊ မီးသီးဖန်ချောင်း၊ ဒိုင်နမို စသဖြင့် အဟောင်းအစုတ်အပြတ်များ ရှိနေရင်.အနောက်စူးစူးအရပ်ကို စွန့်ပစ်ပါ။ ဗုဒ္ဓဘာသာဝင်များအဖို့ တနင်္ဂနွေနေ့မှာ အလင်းကုသိုလ်၊ ဆေးဝါးဒါန ကုသိုလ် ပြုသင့်ပါတယ်။

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး တနင်္လာနံ ဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊စိုးခိုင် ၊ ဇင်ဇင်ကျော်၊ သီရိခင်၊ ချမ်းငြိမ်းကျော်…စသည် ) ဒီနှစ်အဖို့ မိမိတို့ရဲ့ စိတ်ဟာ ပိုမို နူးညံ့ပြီး ထိခိုက်လွယ်နေပါလိမ့်မယ်။  ကောင်းသောခရီးများ သွားရတတ်ချိန်လည်းဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့လူတွေနဲ့ ပျော်မွေ့ခွင့် ပိုမိုရရှိတတ်ချိန်ပါ။ စိတ်နှလုံးသည် အတိတ်ကာလများအပေါ်ပိုမိုပြီး ခံစားမိနေတတ်တာကိုလည်း သတိပြုမိလာပါလိမ့်မယ်။

ဒီတစ်နှစ်သည် … စိတ်ချမ်းသာမှု ပိုမိုရတတ်ချိန်ပါ။ သို့သော် မမျော်လင့်ဘဲ စိတ်ဖိအားတွေ၊ ပရက်ရှာတွေ ၊ တစ်ဖက်သတ် အနိုင်ကျင့်ခံရတာတွေလည်း ကြုံလွယ်တတ်ချိန်ဖြစ်ပါတယ်။ အနက်ရောင်ကို လုံးဝ တစ်နှစ်လုံး ရှောင်ကျဉ်သင့်လှပါတယ်။

ယတြာ- စနေနေ့မှာ….ရေသတ္တ၀ါ ဘေးမဲ့လွှတ်ခြင်း ၊ ရေကုသိုလ်ပြုခြင်း၊ သန့်ရှင်းရေးကုသိုလ်ပြုခြင်း၊ ရေသတ္တ၀ါ အစာကျွေးခြင်းများကို မကြာခဏ ပြုလုပ်သင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး အင်္ဂါနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊ဇော်ဇော်၊ ဇင်ဇင် ၊ စိုးဝေဆန်း ၊ လင်းသန့်ဆွေ၊ မျိုးမြတ်စံ… စသည် ) အခြေအနေ တိုးတက်မှု ပိုမိုများပြားလာပါမယ်။ စိတ်က ဆောင်သမျှ..လက်တွေ့အကောင်အထည် ရ ပိုမိုလွယ်ကူလာပါမယ်။ မူလဇာတာ ၊ အသက်ပိုင်း ၊ ဒသာများအရပါ ကံကောင်းချိန်လည်း တိုက်ဆိုင်နေမယ်ဆိုရင် ထိုသူများအဖို့ ဒီနှစ်မှာ ကံကောင်းမှု အပြည့် ကြုံရတတ်ချိန် ဖြစ်ပါလိမ့်မယ်။

ယတြာ- အနီရဲရဲ အရောင်ကို တစ်နှစ်တာကာလပတ်လုံး မကြာခဏ အဆင်ပြေသလို သုံးစွဲသွားသင့်ပါတယ်။ နာရီအမျိုးအစားကောင်းကောင်း တစ်လုံး ပတ်ထားသင့်သောနှစ်ပါပဲ။

အင်္ဂါနေ့ဖွား၊ အမည်အဖျားစာလုံး ဗုဒ္ဓဟူးဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ ၊စိုးဝင်း၊ ဆန်းလွင် ၊ စည်သူဝေ၊ ချိုမာလွင် ၊ မြင့်ဝေ …စသည် ) ငထွားအပူ ကြားကယူပြီး….မဆိုင်ဘဲနဲ့ ရန်များရတတ်ချိန်ပါ။ ဒီတစ်နှစ်လုံး ကိုယ်နဲ့ မဆိုင်တဲ့ သူများကိစ္စတွေကို တာဝန်ဝင်ပြီး ထမ်းပေးနေရတာတွေ အထူးများလာပါမယ်။

အတ္တဟိတအကျိုးမရ ပရကိစ္စတွေ နဲ့ တစ်နှစ်တာ ပတ်လုံး ပိုမို လုံးထွေးနေရပါမယ်။ တစ်ခါမှ မလုပ်ဖူးတဲ့. နေရာတွေနဲ့ ဆက်သွယ်ပြီး အကျိုးစီးပွားရေး တွေလည်း ဆောင်ရွက်နေရတတ်ပါတယ်။ ဆီးဝမ်းသွေးလေ မညီမညွတ်ဘဲ၊ ကျန်းမာရေးတွင် အဆီကြောင့် ဥပါဒ်ပေးတတ်ခြင်း ဖြစ်လွယ်သော ကာလလည်းဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

သီးခံခြင်း ၊ စိတ်ရှည်ခြင်းတွေ …မွေးမြူထားနိုင်ပါမှ…အဆင်ပြေနိုင်မယ့် နှစ်တစ်နှစ်ပါပဲ။

ယတြာ- ဗုဒ္ဓဟူးနေ့မှာ သန့်ရှင်းရေးကုသိုလ်မျိုး ပြုသင့်လှပါတယ်။ ဗုဒ္ဓဟူးနေ့မှာပဲ ဗုဒ္ဓဘာသာဝင်လည်း ဖြစ်နေမယ်ဆိုရင် ထိုနေ့မှာ ထွေးခံ အမှိုက်ပုံးစသည်တို့ကို မိမိတို့နာမည် ရေးထိုးပြီး လှူသင့်ပါတယ်။

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး ကြာသာပတေးနံ ပိုင်ရှင်များ

( ဥပမာ ၊စိုးပိုင် ၊ ဇင်ဇင်မိုး ၊ သီရိမြိုင်၊ ကျော်မြင့် ..စသည် ) ဒီအမည်ရှင်အများစု အဖို့ ဒီနှစ်သည် အလုပ်အကိုင် နဲ့ စွမ်းရည်ပိုင်းမှာ ပိုမို တိုးတက်လာပါမယ်။ ကိုယ့်ရဲ့ တွေးခေါ်မှု ..ချဲ့ထွင်သိမြင်နိုင်မှု စွမ်းအားကလည်း ပိုမိုအားကောင်းလာပါမယ်။

လုပ်ငန်းချဲ့ထွင်လိုသော ဒီအမည်ရှင်များအတွက်ကတော့ ဒီတစ်နှစ်က အထူးအားကောင်းသော နှစ်မျိုး မိမိကိုယ်တိုင်ကလည်း စွမ်းဆောင်နိုင်မှု များလာသော နှစ်မျိုးပါပဲ။ ကျန်းမာရေး အထူးဂရုပြုရမယ့် ကာလပါ။ သားသမီးရေးအတွက်ဖြစ်စေ ဒီတစ်နှစ် အပူသောကများရတတ်ပါတယ်။ ကောလဟာလများ၊ မကောင်းသတင်း အလွှင့်ခံရခြင်းများ ဒီအမည်ရှင်တွေ ဒီတစ်နှစ် မုချကြုံရပါမယ်။

ယတြာ- ကြာသာပတေးနေ့မှာ….မိမိ ၀တ်ထားသော ၀တ်ပြီးသားဖြစ်သော အ၀တ်အစားအကောင်း တစ်စုံကို အမှန်တစ်ကယ် လိုအပ်နေသူတွေကို စွန့်ကြဲသင့်လှပါတယ်။ ဗုဒ္ဓဘာသာဝင်များအဖို့ ကြာသာပတေးနေ့မှာ သံဃာ လေးပါး သို့မဟုတ် ၁၇ ပါးကို သင်္ဃန်း ကပ်လှူ ပူဇော်သင့်လှပါသည်ခင်ဗျား။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး သောကြာနံ ပိုင်ရှင်များ

( ဥပမာ ၊စိုးသိန်း၊ ဇင်မာသီ၊ ဆွေသီရိသွယ်၊ မြမှုးသွင် ..စသည် ) အများစုသော ဒီအမည်ရှင်များအဖို့ ကံကောင်းမှု မုချကြုံနိုင်သော ကာလဖြစ်ပါတယ်။ ထုံးစံအတိုင်း မူလဇာတာ ၊ အသက်ပိုင်း ဒသာတွေပါ ကောင်းနေတာမျိုး တိုက်ဆိုင်နေခဲ့မယ်ဆိုရင် ဒီတစ်နှစ်သည် ကောင်းကျိုးအပြည့်အ၀ ရနိုင်သော နှစ်မျိုးပါပဲ။

အခြားတစ်ဖက်မှာ သတိပြုရမှာကတော့ ရလာသော ကောင်းကျိုးနဲ့အတူ ကိုယ်ကိုယ်တိုင် ချောင်ပိတ်မိသွားတတ်ခြင်းမျိုး၊ အကျဉ်းအကျပ်ဖြစ်နေရပြီး မလှုပ်သာ မလူးသာ …ခြေချုပ် စိတ်ချုပ် မိသွားခြင်းမျိုးတွေပါ ပါလာတတ်ခြင်းပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်သည် ဒီအမည်ရှင်အများစုအဖို့ ကံကောင်းမှုကို ပိုမိုမျှော်လင့်ခွင့် ရှိနေမည့်ကာလပါပဲ။

ယတြာ- သောကြာနေ့မှာ စာအုပ်စာပေ လှုဒါန်းသင့်ပါတယ်။ ( စာမပါသော ဗလာစာအုပ်အလွတ်မျိုးကို လှူဒါန်းခြင်းမျိုးကို ဆိုလိုပါတယ်။ ) ဗုဒ္ဓဘာသာဝင်များအဖို့ သောကြာနေ့မှာ ဘုန်းတော်ကြီးကျောင်းတွင် နာရီ ပြက္ခဒိန် စသည်တို့ လှုဒါန်းပူဇော်ခြင်း ပြုသင့်လှပါတယ်ခင်ဗျား။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး စနေနံဖြင့် မှည့်ခေါ်ထားသူများ

( ဥပမာ .စိုးမိုးထွန်း ၊ ဇင်မာနွယ် ၊ နီနီနိုင်၊ သောင်းတင်၊ မြင့်နောင် ..စသည် ) ကံတရားက ဖေးမပေးလာမယ့် နှစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ပညာရေးလုပ်ကိုင်နေသူများ အခက်အခဲ တွေ့ပါမယ်။ ကြားညှပ်ခံရသောကံမျိုး ဒီတစ်နှစ် အလွန်ဖြစ်လွယ်လှတာမို့ ဆွေမျိုးကြား ..ဟိုကြား..သည်ကြား…ဘယ်ကြားမှ ဖြစ်နိုင်သမျှ မ၀င်ပါနဲ့။ ယူကြုံးမရ တသသ ဖြစ်ရတာမျိုး နှမြောစရာကောင်းတဲ့ အခြေအနေမျိုးတွေလည်း ဒီတစ်နှစ် မုချ ကြုံရတတ်ပါတယ်။ မိမိမှာ လျှို့ဝှက်ချက် ရှိနေရင် ဒီတစ်နှစ်သည် ဒီအမည်ရှင်တွေအဖို့ လျှို့ဝှက်ချက် ပေါက်ကြားမှု အများနိုင်ဆုံးကာလပဲ ဖြစ်ပါတယ်ခင်ဗျား..။

ယတြာ- ဖြစ်နိုင်သမျှ…ဒီတစ်နှစ်အဖို့ မေတ္တာစိတ်ကလေးကို ခါတိုင်းထက် ပိုမိုမွေးမြူပြီး နေထိုင်သင့်လှပါတယ်။ သန့်ရှင်းရေးကုသိုလ် များများပြုပေးသင့်သော နှစ်မျိုးဖြစ်ပါတယ်။ ပြန်လည်တွေးတော ပူပန် လွမ်းဆွေးရခြင်း ကံတွေ ကျရောက်လာတတ်ချိန်မို့ ယောနိသော နှလုံးသွင်းနိုင်ဖို့ အထူးလိုအပ်လှသော နှစ်မျိုးလည်း ဖြစ်ပါတယ်ခင်ဗျား။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

အင်္ဂါနေ့ဖွား ၊ အမည်အဖျားစာလုံး ရာဟုနံ ဖြင့် မှည့်ခေါ်ထားသူများ

(ဥပမာ..စိုးရွှေ၊ ၀င်းမြင့်ရှိန် ၊ ဇင်မာရွှေ၊ သီရိမွန်ရှင်း၊ မြမှုးကေသွယ်ရှိန် စသည်) အစွမ်းကုန် ကာကွယ်မှု ပြုနေရင်းနဲ့မှာကိုပဲ ရန်သူအတိုက်အခံတွေက ပွားသည်ထက် ပွားလာမယ့် ကာလပါ။ အရှုံးပေးနေရမှုတွေက ဆက်တိုက်ဆိုသလို ကျရောက်လာပါမယ်။ ကိုယ်နဲ့မဆိုင်ဘဲ မဆီမဆိုင် ကြားကနေ ကိုယ်က ရန်အလုပ်ခံ ရတတ်ပါတယ်။ ဒီတစ်နှစ် ကံအားနိမ့်ပါးလွယ်နေပါလိမ့်မယ်။

ယတြာ- အိမ်ခြေယာခြေမဲ့များကို ဒါနပြုခြင်းဟာ ဒီတစ်နှစ်အတွက် အကောင်းဆုံးယတြာပါပဲ။ ဗုဒ္ဓဘာသာဝင်များအဖို့ ဗုဒ္ဓဟူးနေ့မှာ အချိုပါသော ဆွမ်းခဲဖွယ်ဘောဇဉ်များကို ကပ်လှူပူဇော်ပေးပါ။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်)

လေးစားစွာဖြင့်

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287 ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)