အငှားယာဉ်မောင်းများအတွက် အသုံးတည့် နည်းလမ်းတစ်ခု

ဆူးလေဘုရား သွားရန်အတွက် တက္ကစီတစ်စီးကို လက်တားလိုက်၏။  “ဘယ်သွားမလဲ အစ်ကို” “ဒီ ဆူးလေဘုရားတင်ပါပဲ”

“ဟာ …ဆရာ” “သြော် ကိုထွန်းပါလား..” ကိုယ်နှင့်သိသော အငှားယာဉ်မောင်းနှင့် တည့်တည့်တိုးနေ၍ ပြောပြောဆိုဆိုနှင့် ကားပေါ်တက်လိုက်၏။

“ဘယ်လိုလဲ ကိုထွန်း ကားဆွဲရတာ အဆင်ပြေရဲ့လား” ” အဆင်ပြေတယ် ဆရာရေ…ဒီလိုမိုးတွင်းကာလကိုပဲ ဆရာပေးလိုက်တဲ့ အစီအရင်လေးနဲ့တော်တော် အလုပ်ဖြစ်ပါတယ်…”

“ဒါက ခင်ဗျားလည်း အလုပ်ပေါ်တန်ဖိုးထား…၀ီရိယထားတာလည်း ပါပါတယ်ဗျာ…”

“ဟုတ် ဆရာ့ပညာကျေးဇူးတွေကြောင့်ရောပေါ့ …အိမ်လာလည်ဦးလေဆရာ.. ကျွန်တော့်အမျိုးသမီးလည်း ဆရာ့ကို အိမ်ဖိတ်ပြီး ထမင်း ဖိတ်ကျွေးခိုင်းနေတာ…”

“ဟုတ်ပါပြီဗျာ …. အဆင်ပြေရင်ပဲ ၀မ်းသာပါပြီ..နောက်မှအေးဆေးပေါ့…”

“‘ဒီမှာလေ ဆရာ့အစီအရင်လေး…” ပြောရင်း လစ်ပိုပုလင်းလေးအား ကားရှေ့ခန်းထဲမှ ထုတ်ပြ၏။

“ဟုတ်ပြီ…လစဉ် လုပ်ရမှာရော လုပ်ဖြစ်လား” “လုပ်တယ်ဆရာ…ဆရာပြောတဲ့ လတစ်လရဲ့ ပထမဆုံး ရတဲ့ ၀င်ငွေထဲက အနည်းငယ်ကို ငါးစာကျွေးတာနဲ့ လိပ်စာကျွေးတဲ့ ကုသိုလ် ဆက်ဖြစ်ပါတယ်…”

“ဟုတ်ပြီ ကိုထွန်း ဆက်လုပ်သွားပါ….ကဲ ရှေ့ဆို ရောက်ပြီဆိုတာ့ နောက်မှ ဆုံတာပေါ့ဗျာ”  “ဟုတ်ကဲ့ ဆရာ”

ကျွန်တော်နှင့် စတွေ့စဉ်က ကိုထွန်းသည် ယခုကိုထွန်းမတူတော့…ဘာပဲဖြစ်ဖြစ် ဝမ်းသာသည်။ စားဝတ်နေရေး ကျပ်တည်းခြင်းအတွက် အဆင်မပြေခဲ့ရှာသော ကိုထွန်းအနေဖြင့် ယခုလို အတိုင်းအတာတစ်ခုထိ ပညာဖြင့် လမ်းတည့်ပေးနိုင်ခဲ့သည်။

အငှားယာဉ်မောင်းတိုင်း အငှားသွက် လာဘ်ရွှင်ရေးအတွက် ကိုထွန်းအား ပေးခဲ့သော အစီအရင်အား အများ အကျိုးငှာ ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လုပ်ဆောင်ရမည့် အချိန်မှာ တနင်္လာနေ့ မနက် ၆း၀၀ ကနေ ၇း၀၀ အတွင်းဖြစ်သည်။ လဆန်းရက်မှာ ကျရောက်သော တနင်္လာနေ့ ဖြစ်ဖို့လိုပါမည်။ လဆုတ်ရက် မဖြစ်စေရပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လစ်ပိုပုလင်းတစ်လုံးအခွံထဲကို လက်ဖက်သားအပြည့်သိပ်ထည့်ပြီး အဖုံး ပြန်ပိတ်ပါ။ အဖုံးပေါ်တွင် ဆော့ပင် (မာကာပင်) အနီနှင့် မြန်မာလို ၃ ဂဏန်းကို ရေးပြီး ပုလင်းအား ရေမွှေးဖြန်း၍ ကားခေါင်းခန်းထဲ အဆင်ပြေသော နေရာတွင် ထားရှိပါ။ ထိုပုလင်းကို နေ့စဉ်ရေမွှေးဖျန်းပေးနိုင်လျှင် ပိုကောင်းသည်။ လက်ဖက်အသားများကို တစ်ပတ်တစ်ကြိမ် တနင်္လာနေ့ မနက်တိုင်း လဲပေးနိုင်ပါသည်။ နောက်တစ်ခုမှာ လစဉ် ပထမဆုံး ဝင်သော ငွေထဲမှ ငါးစာကျွေးခြင်း လိပ်စာကျွေးခြင်းကုသိုလ်ပြုပေး ရန်ဖြစ်သည်။

ခက်ခက်ခဲခဲ မဟုတ်သော်လည်း ဆရာများသင်ကြားပြသပေးခဲ့သော မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်း၏ ဥာဏ်စေစားရာ အပိုင်းကဏ္ဍ ဖြင့် အငှား ယာဉ်မောင်းများအတွက် လွယ်ကူထိရောက်လှသော အစီအရင်တစ်ခုအား ဖော်ပြပေးလိုက်ပါ၏ ။ လက်တွေ့အသုံးချ၍ ကောင်းကျိုး ဖြစ်ထွန်းကြပါစေသတည်း။

အာစရိယဂုဏံအဟံဝန္ဒာမိ – ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)