အဌဂဠုန်စက်နှင့် မြန်မာနှစ်သစ် ၁၃၈၂

မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကံအနေအထားကို အဌဂဠုန်စက်နဲ့ တွက်ချက် ဖော်ပြပေးလိုက်ပါတယ်။

ထာဝရကိန်း နှင့် ထာဝရနက္ခတ်တွက်စစ်ခြင်း – ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပိဋကတ် သင်္ချာကိန်းအရ ကောက်ယူ၍ ပေါင်းသော် ၆၃ ရသည်။ ၆၃ ကို ထာဝရကိန်းဖွဲ့သော် ၄၃ ရသည်။ ၄င်း ထာဝရကိန်း ၄၃ ကို ထာဝရနက္ခတ်ဖွဲ့သော် ၁၈လုံး ၀ပါဒ် ၁၀ ဃဋီဖြစ်ပြီး ၄င်းသည်အဌဂဠုန်စက်တွင် ၂င်္လာအိမ် ၆ကြာခွင် (အထွက်) ဇေယျဘုဇလက်ရုံး ဖြစ်၏။ သောမအိမ် သောမခွင်ဖြစ်သောကြောင့် ပုင်္ဂ၀ပူရ (ကျား) ဖြစ်သည်။

ဇင်္ဂမကိန်းနှင့်ဇင်္ဂမနက္ခတ် တွက်စစ်ခြင်း – ၁၃၈၂ ကို ဇင်္ဂမကိန်းဖွဲ့ယူသော်  ၅၅ ရမည်။ ၄င်း ၅၅ ကို ဇင်္ဂမနက္ခတ်ဖွဲ့သော် ၂၃လုံး ၀ပါဒ် ၁၀ဃဋီဖြစ်ပြီး အဌဂဠုန်စက်တွင် ၅တေးအိမ် စနေခွင် (အ၀င်) ယုဒ္ဓ ပါဒခြေ ဖြစ်ပါသည်။ သောမအိမ် ပါပခွင်ဖြစ်၍ နပုံသကပူရ (နပုံး) ဖြစ်သည်။

ယုဂ်နက္ခတ်တွက်စစ်ခြင်း – အထက်ပါ ထာဝရနက္ခတ် ၁၈လုံး ၀ပါဒ် ၁၀ ဃဋီနှင့် ဇင်္ဂမနက္ခတ် ၂၃လုံး ၀ပါဒ် ၁၀ဃဋီ ကိုပေါင်းလျှင် ယုဂ်နက္ခတ် ၁၄ လုံး ၁ပါဒ် ၅ဂဋီရမည်။ ၄င်းသည် အဌဂဠုန်စက်တွင် ၆ကြာအိမ် ၄ဟူးခွင် (အ၀င်) ဂဇော ရုဓိရ အသွေးဖြစ်သည်။ သောမအိမ် သောမခွင်ဖြစ်၍ ပုင်္ဂ၀ပူရ (ကျား) ဖြစ်သည်။

ကပ်နက္ခတ်တွက်စစ်ခြင်း- အထက်ပါ ယုဂ်နက္ခတ် ၁၄ လုံး ၁ပါဒ် ၅ဂဋီတွင် ထာဝရနက္ခတ် ၁၈လုံး ၀ပါဒ် ၁၀ ဃ ပြန်ပေါင်းသော် ကပ်နက္ခတ် ၅လုံး ၂ပါဒ် ၀ဃဋီ ရ၏။ ၄င်းသည် အဌဂဠုန်စက်တွင် ၄ဟူးအိမ် ၅တေးခွင် (အထွက်) ဒုဗ္ဘိက္ခ  အဌိ အရိုး ဖြစ်သည်။

ကင်းဖမ်းခြင်း – တွက်လိုသော ၁၃၈၂ကို ကင်းဖမ်းရာတွင် ကောလီတွင် ဓာတ်ဆန်းပါမည်။ တွက်ရသော နှုတ်ကြွင်း ၇တွင် ၁တိုးသော် ၈နှစ် ရပါမည်။  ကောလီဓာတ်ဆန်းလျှင်  ၂၊ ၄၊ ၇၊ ၉၊ ၁၃၊ ၁၆၊ ၁၈၊ ၂၁၊ ၂၃ နှစ်တို့၌ ကပ်သင့်သည်ဟုဆိုရာ ၈နှစ်သည် ကပ်လွတ်သည်။

ထို့ကြောင့် ယခုရောက်ရှိသော မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ရောဂါဘယ နှိပ်စက်ခြင်းဘေးမှ ကင်းလွတ်နိုင်ခွင့် ကံအားကောင်းသော အနေအထား ဖြစ်သည်။ ကပ်နက္ခတ်သည် ဒုဗ္ဘိက္ခကြုံနေသောကြောင့် ငတ်မွတ်ခေါင်းပါးဘေး အနည်းငယ် သတိပြုရမည်ဖြစ်သော်လည်း သောမအိမ် သောမခွင်တွင် တည်၍ ကပ်အမြင်သင့်ခြင်း မရှိရကား ငတ်မွတ်ခေါင်းပါးဘေးထက် ကုန်ဈေးနှုန်း ကြီးမြင့်တတ်ခြင်း၊ ကောက်ပဲသီးနှံ ရှားပါးတတ်ခြင်းဘေးလောက်သာ ကြုံရနိုင်ပါသည်။ ဤတွင် နတ်စက်ရောင်ဆရာတော်ကြီး တီထွင်အသုံးပြုခဲ့သော အဌဂဠုန်စက်ဖြင့် မြန်မာ့နှစ်သစ် အလားအလာကို ပညာရှုထောင့် အမြင် သီးသန့်ဖြင့်သာ ဖော်ပြပေးလိုက်ပါသည်။

မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ကပ်ရောဂါဘေးလွတ်ကင်းပြီး ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ အာစရိယဂုဏံအဟံဝန္ဒာမိ – ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့် ကေပီနက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)