အတာစားခြင်းနှင့် ရိုးရာအယူအဆ

အတာစားခြင်းသည် မြန်မာသက္ကရာဇ်နှစ်တစ်ခု၏ နောက်ဆုံးကျရောက်သော ရက်၊ တစ်နည်းအားဖြင့် မဟာသင်္ကြန် အတက်နေ့နှင့် တိုက်ဆိုင်သော နေ့ဖွားများကို အတာစားသည်ဟု သတ်မှတ်ယူဆသည်။

သင်္ကြန်အကြိုနေ့တွင် ဘာဏုရာဇာခေါ် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း)ကို နေ့သားသမီးအားလုံးတို့မှ သင်္ကြန်ပန်းများဖြင့် ကြိုဆိုကြပြီး အတက်နေ့တွင် အခြားသောနေ့ဖွားများထက် ၄င်းအတက်နေ့နှင့် တိုက်ဆိုင်သော နေ့ဖွားများက တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည် ပို့ဆောင်ရန် အထူးတာဝန်ကျခြင်းကို အတာစားခြင်းဟု ခေါ်ဆိုသတ်မှတ်ခြင်းဖြစ်သည်။

တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည်ပို့ဆောင်ရန် တာဝန်ကျသူများသည် တစ်နှစ်တာအတွင်း အတာစားခြင်း အကျိုးတရားကို ခံစားကြရမည်ဟု ကျမ်းဂန်များတွင် ဆိုသည်။ တာဝန်ပျက်ကွက်သူများသည် အညံ့ရှိမည်ဟု ယူဆခဲ့ပုံရသည်။

ယခုနှစ် မဟာသင်္ကြန်အတက်ရက်၊ တစ်နည်းအားဖြင့် ၁၃၈၀ခုနှစ် နောက်ဆုံးရက်သည် ၁၆.၄.၂၀၁၉ ၊ အင်္ဂါနေ့ (ယနေ့) ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် အင်္ဂါနေ့ဖွားများသည် အတာစားပါသည်။

ထို့ကြောင့် ၁၆.၄.၂၀၁၉ -ရက်နေ့ မဟာသင်္ကြန်တက်ချိန်ဖြစ်သော ည ၉-နာရီ ၂၆-မိနစ် ၂၃-စက္ကန့်တွင် အင်္ဂါနေ့ဖွားများသည် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး သန့်ရှင်းသောအ၀တ်အစားကို ၀တ်ဆင်ပြီး ရတနာ မြတ်သုံးပါး၊ မိဘ ဆရာသမားများကို ရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ဆပ်ကပ်လှူဒါန်းပြီး သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များအား အမျှပေးဝေပါ။

ပြီးနောက် ထိုနေ့၏ ဂြဟဇာပွင့်ရာ အရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ မျက်နှာမူပြီး တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း) ကို မိမိတို ပြုခဲ့သမျှ ကုသိုလ်ဒါနကို အမျှပေးဝေပြီး ပြန်လည်ပို့ဆောင်ပါကြောင်း မေတ္တာပို့ ပန်ကြားခြင်းဖြင့် အတာစားကုန်ရာသည်။

ဤသို့ အတာစားခြင်းကို ပြုလုပ်ခြင်းဖြင့် တစ်နှစ်တာအတွင်း ကံကောင်းခြင်း၊ လုပ်ကိုင်သမျှအောင်မြင်ခြင်း၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ မစခြင်း ရှိမည်ဟု ဆိုထားချက်ရှိသည်။

အကယ်၍ ၄င်းနေ့များတွင် ပြန်လည်ပို့ဆောင်ရန် အဆင်မပြေသော အင်္ဂါနေ့ဖွားများသည် ၄င်းအတက်နေ့ တစ်ရက်တာအတွင်းတွင် သင်္ကြန်ထမင်းကို မိမိကိုယ်တိုင်လည်း စားသုံးမှုပြုပါ။ သူတပါးကိုလည်း ဒါနကုသိုလ် ပြုပါက အပြစ်လွတ်သည်ဟူ၏။

ဤကား အတာစားခြင်း၏ အယူအဆပင်ဖြစ်ပါသည်။

၁၃၈၁ မြန်မာနှစ်သစ်တွင် ၇ ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

ဆရာလင်းဝေအောင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)