အတာစားခြင်းနှင့် ရိုးရာအယူအဆ (၁၃၈၂)

အတာစားခြင်းသည် မြန်မာသက္ကရာဇ်နှစ်တစ်ခု၏ နောက်ဆုံးကျရောက်သောရက်၊ တစ်နည်းအားဖြင့် မဟာသင်္ကြန် အတက်နေ့နှင့်တိုက်ဆိုင်သော နေ့ဖွားများကို အတာစားသည်ဟု သတ်မှတ်ယူဆသည်။

သင်္ကြန်အကြိုနေ့တွင် ဘာဏုရာဇာခေါ် တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း)ကို နေ့သားသမီး အားလုံးတို့မှ သင်္ကြန်ပန်းများဖြင့် ကြိုဆိုကြပြီး အတက်နေ့တွင် အခြားသောနေ့ဖွားများထက် ၄င်းအတက်နေ့နှင့် တိုက်ဆိုင်သော နေ့ဖွားများသည် တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည် ပို့ဆောင်ရန် အထူးတာဝန်ကျခြင်းကို အတာစား ခြင်းဟု ခေါ်ဆိုသတ်မှတ်ခြင်းဖြစ်သည်။

အတာစားခြင်းသည် အကောင်းအဆိုး သတ်မှတ်ရာတွင် တနင်္ဂနွေဂြိုဟ်မင်းကို ပြန်လည်ပို့ဆောင်ရန် တာဝန်ကျေသူများသည် တစ်နှစ်တာအတွင်း အတာစားခြင်း အကျိုးတရားကို ခံစားကြရမည်ဟု ကျမ်းဂန်များတွင် ဆိုသည်။ တာဝန်ပျက်ကွက်သူများသည် အညံ့ရှိမည်ဟု ယူဆခဲ့ပုံရသည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ယခုနှစ် မဟာသင်္ကြန်အတက်ရက်၊ တစ်နည်းအားဖြင့် ၁၃၈၁ခု၏ နောက်ဆုံးရက်သည် ၁၆.၄.၂၀၂၀ ၊ ကြာသပတေး နေ့ဖြစ်သည်။ ထို့ကြောင့် ယခုနှစ် ကြာသပတေး နေ့ဖွားများသည် အတာစားပါသည်။

ထို့ကြောင့် ၁၆.၄.၂၀၂၀ -ရက်နေ့ မဟာသင်္ကြန်တက်ချိန်ဖြစ်သော နံနက် ၃-နာရီ ၃၉-မိနစ် ၀-စက္ကန့်တွင် ကြာသပတေးနေ့ဖွားများသည် ရေမိုးချိုး ကိုယ်လက်သန့်စင်၍ သန့်ရှင်းသော အဝတ်အစားကို ၀တ်ဆင်ပြီး ရတနာမြတ်သုံးပါး၊ မိဘ ဆရာသမားများကို ရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်များ ဆပ်ကပ်လှူဒါန်းပြီး သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များအား အမျှပေးဝေပါ။

ပြီးနောက် ထိုနေ့၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အနောက်အရပ်သို့ မျက်နှာမူပြီး တနင်္ဂနွေဂြိုဟ်မင်း (သင်္ကြန်မင်း) ကို မိမိတို့ပြုခဲ့သမျှ ကုသိုလ်ဒါနကို အမျှပေးဝေပြီး ပြန်လည်ပို့ဆောင်ပါကြောင်း မေတ္တာပို့ ပန်ကြားခြင်းဖြင့် အတာစားကုန်ရာသည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဤသို့ အတာစားခြင်းကို ပြုလုပ်ခြင်းဖြင့် တစ်နှစ်တာအတွင်း ကံကောင်းခြင်း၊ လုပ်ကိုင်သမျှ အောင်မြင်ခြင်း၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များ မစခြင်း ရှိမည်ဟု ဆိုထားချက်ရှိသည်။ အကယ်၍ ၄င်းနေ့များတွင် ပြန်လည်ပို့ဆောင်ရန် အဆင်မပြေသော ကြာသပတေးနေ့ဖွားများသည် ၄င်းအတက်နေ့ တစ်ရက်တာအတွင်းတွင် သင်္ကြန်ထမင်းကို မိမိကိုယ်တိုင်လည်း စား၊ သူတပါးကိုလည်း ဒါနကုသိုလ်ပြုပါက အပြစ်လွတ်သည် ဟူ၏။ ဤကား အတာစားခြင်း၏ အယူအဆပင်ဖြစ်ပါသည်။

အကယ်၍ သင်္ကြန်တက်ချိန် မနက်အစောပိုင်းတွင် လုပ်ဆောင်ရန် အဆင်မပြေသောသူများ အဖို့ ထိုနေ့ည အဆင်ပြေသောအချိန်တွင် ဆောင်ရွက်နိုင်ပါသည်။ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ- ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)