အပ်ချမတ်ကျ အောင်စေသော်

အလုပ် အင်တာဗျူးတစ်ခု ဖြေထားတယ်၊ အောင်မှ အောင်ပါ့မလား စိတ်ထဲ မတင်မကျ ဖြစ်နေရင်…အရောင်းအဝယ်တစ်ခု တေ့ဆိုင်ထားတယ်၊ ပွဲဖြစ်မှဖြစ်ပါ့မလားလို့ စိတ်ထဲ စနောင့်စနင်းတွေ ဖြစ်နေရင်…

လုပ်ငန်းတစ်ခု မြေစမ်းခရမ်းပျိုးထားတယ်၊ အရှုံးအမြတ် မသေချာသေးဘဲ မရေမရာတွေ ဖြစ်နေရင်…ဘာလုပ်လုပ် အလွဲအချော်တွေ များနေပြီး ကြံစည်ဆောင်ရွက်သမျှလည်း ထစ်ငေါ့နေရင်…ငွေမကုန်၊ လူ မပန်းတဲ့ အပ်ချမတ်ကျအစီအရင်ကို ဆောင်ရွက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

လောကီပညာရှင် ဆရာအဆက်ဆက် မှာကြားချက်တွေအရ အပ်ချမတ်ကျအစီအရင်ကို အဘဘိုးမင်းခေါင်က အများသူငါ ကောင်းကျိုးဖြစ်စေဖို့ ဖော်ထုတ်ပညာပေးအပ်နှံခဲ့တယ်လို့ အဆိုရှိပြီး ကိုယ်ဖြစ်ချင်တဲ့ကိစ္စတစ်ခုခု၊ ဒါမှမဟုတ် ဆုတောင်းတစ်ခုခု အဟုတ်တကယ် အတိအကျ ဖြစ်မြောက်စေချင်တဲ့အခါ သုံးလေ့ရှိပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကိုယ့်လိုအင်ဆန္ဒဟာ လက်တွေ့လည်း ကျရမယ်၊ ဘေးလူသူတပါးကိုလည်း ထိခိုက်စေခြင်း မရှိဘူးဆိုရင်တော့ အပ်ချမတ်ကျအစီအရင်ကို အောက်ပါအတိုင်း ဆောင်ရွက်ကြည့်နိုင်ပါတယ်။

ဒီအစီအရင်က မခက်ဘူးဆိုပေမယ့် မတ်စေ့တစ်စေ့ကိုတော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အစီအရင်က မခက်ပေမယ့် မလွယ်ဘူးလို့လည်း ဆိုရမှာပါပဲ။ မတ်စေ့တစ်စေ့ရလာပြီဆိုရင် လက်ချုပ်အပ်အသစ်တစ်ချောင်း လိုပါမယ်။ မတ်စေ့ရော အပ်ရော နှစ်ခုစလုံး ရပြီဆိုရင်တော့ အစီအရင် စတင်နိုင်ပါပြီ။

လဆန်းရက်နဲ့ မိမိမွေးနေ့နဲ့ တိုက်ဆိုင်တဲ့တစ်ရက်ကို အစီအရင် စတင်မယ့်ရက်အဖြစ် သတ်မှတ်ပါ။ အဲဒီနေ့ဟာ ရက်ရာဇာ (သို့) အမြိတ္တစုတ်ရက်ဖြစ်နေရင် ပိုကောင်းပါတယ်။ (အမြိတ္တစုတ်ရက်ရွေးနည်းကို ဗေဒင်သုတ Page မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်)

ရက်ရလာပြီဆိုရင် အဲဒီနေ့ (မွေးနေ့) မနက် ၉ နာရီတိတိ အိမ်က ဘုရားကျောင်းဆောင်မှာ…

ကြွေပန်းကန်ပြားတစ်ချပ်ထဲ အပ်ကို အရင်ချပါ။

ပြီးရင် မတ်စေ့ကို အပ်ပေါ် တင်ပြီး မတ်စေ့ပေါ်မှာ ဖယောင်းတိုင် (၁) တိုင် တင်ထွန်းပါ။

ဒီအလင်းတိုင်မီးနဲ့ ဘုရားကို ပူဇော်ပေးပါ။

မိမိရဲ့အလုပ်အကိုင်၊အကြံအစည်တွေ အပ်ချမတ်ကျ အောင်မြင်ပါစေကြောင်း အလေးအနက် ဆုတောင်းပါ။

ဒါဆိုရင် အစီအရင် ပြီးမြောက်ပါတယ်။ မွေးနေ့မနက်မှာ ၉ နာရီကနေ စလုပ်ပေမယ့် ကျန်ရက်တွေမှာတော့ မိမိ အားလပ်ရာအချိန်တစ်ခု ယူပြီး (၉) ရက်ဆက်တိုက် လုပ်သွားရပါမယ်။

ဒီအစီအရင်ကို ဆောင်ရွက်ကြရာမှာ မိမိတို့ လိုအင်ဆန္ဒလောဘအကျိုးစီးပွားတွေကို မျှော်ကိုးပြီး လုပ်တာထက် မြတ်စွာဘုရားရှင်ကို လောကီအတတ်နဲ့ အလင်းဓာတ်ရယ် ပေါင်းစပ်ပူဇော်တယ်ဆိုတဲ့ စိတ်သန့်သန့်လေး ထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

ကောင်းကျိုးလိုရာဆန္ဒတွေ အပ်ချမတ်ကျ ပြည့်ဝနိုင်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)