အမည်အရင်းစာလုံးအကြောင်း (၁)

အမည်တစ်ခုရဲ့ အရင်းစာလုံး (သို့မုတ်) အစစာလုံးသည် ဆိုင်ရာဇာတာရှင်ရဲ့ ရုပ်ဆင်းသွင်ပြင်လက္ခဏာနဲ့ တိုက်ရိုက် ဆက်နွယ်ပါတယ်။ အမည်ရင်းလုံးကို ရုပ်ပိုင်း လို့လည်း သတ်မှတ်ယူဆကြတာ ရှိကြပါတယ်။ ဒါကြောင့် အမည်တစ်ခုကို အစပြု မှည့်ခေါ်လိုက်သော အစစာလုံး (၀ါ) အရင်းစာလုံးသည် ……

မှည့်ခေါ်သော အမည်ရှင်ရဲ့ ရုပ်လက္ခဏာနဲ့ ကိုက်ညီနေမှလည်း အကျိုးပေးအား ပိုမို ရရှိစေပြီး အပြန်အလှန်အားဖြင့် ကွဲလွဲခြားနားနေမယ် ဆိုရင်တော့ ….ဆိုင်ရာအမည်ရှင်ကို အမည်အရင်းစာလုံးသည် ဆိုးကျိုး ပြန်လည် ပြုလာစေပါတယ်။

ဥပမာအားဖြင့် မြင့်ဝေ ဟူသည့် အမည်ရှင်မှာ မြင့်သည် အမည်အစစာလုံး (၀ါ) အမည်အရင်းစာလုံးပါ။ မြင့်ဟူသော ပညတ်ရှိသည့် အတိုင်း အရပ်မြင့်မြင့် …ထောင်ထောင်မောင်းမောင်း ရှိပါမှသာ ဘုန်းကံ မြင့်မားသော ဘ၀ (၀ါ) ရာထူးဌာန ကြီးမားခြင်း၊ မြဲမြံခြင်း စတဲ့ ကောင်းကျိုးပြုခြင်း ဖြစ်စေပါတယ်။

အရပ်ပုနေပြီး မြင့်နဲ့ အစပြုမှည့်ထားရင်တော့ ရာထူးကြီး မရနိုင်လို့ လုံးဝ မဟောဆိုအပ်သော်လည်း ရာထူး မမြဲခြင်း (မူလဇာတာ အနေအထားပါ အားနည်းချက် ခိုင်လုံခဲ့ရင်) ဘ၀မှာ ဘုန်းကံ ချွတ်ချော် ရာထူးပြုတ်..အလုပ်ပြုတ် အရေးယူခံရ စသည်ဖြင့် မုချ ကြုံကြိုက်တတ်ခြင်းမျိုး အကျိုးပေးပါတယ်။ အမည်အရင်း စာလုံးအကြောင်းတွေ အများကြီး ထပ်ရေးစရာတွေ ရှိပါသေးတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)