အိမ်ဆောက် သင့်၊ မသင့်နှင့် လက်ဆန်းဗေဒင်ကိန်း

ရှေးရိုးမြန်မာ့လက်ဆန်းဗေဒင်ပညာဖြင့် လူတစ်ဦးတစ်ယောက် အိမ်၊ အဆောက်အဦ ဆောက် သင့်၊ မသင့် တွက်စစ်နည်းကို ဖော်ပြပေးပါမည်။ ပထမဦးစွာ နေအိမ်ကို တည်ဆောက်မည့် အိမ်ထောင်ဦးစီး၏ အသက်ကို သိရမည်။ ၎င်း၏ အသက်ကို (၈) ဖြင့် စားပြီး “အိမ်ငယ်” ကျသော နေရာမှ လက်ဝဲရစ် ထောက်သွားရမည်။

ဥပမာ – အသက် ၆၀ ရှိသူ နေအိမ်တည်ဆောက်မည် ဆိုပါစို့။ အသက် ၆၀ ကို တည်၍ (၈) ဖြင့် စားသော် (၄) ကြွင်းပေရာ အိမ်ငယ်မှ စ လက်ဝဲရစ် ရေတွက်ကြည့်သော် အိမ်သင်္ဘော ကျမည်။ (ပုံတွင်ဖော်ပြထားပါသည်)

အိမ်သင်္ဘောကျ၍ အဟောကို ကြည့်သော် စည်းစိမ်ဥစ္စာ ကြွယ်ဝမည်ဟု ဆိုသည်။ ထို့ကြောင့် အသက် ၆၀ တွင် အိမ်ဆောက်သင့်ပေသည်။ သက်ရောက်နှစ်အလိုက် အိမ်ဆောက်သင့်၊ မသင့် သိနိုင်သော အိမ် (၈) မျိုးနှင့်အကျိုးတရားကို ဗေဒင်သုတအဖြစ် ဖော်ပြပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၁) အိမ်ငယ် ကျသော် အသက်ရှည်ခြင်း၊ စည်းစိမ်ဥစ္စာ ဖြစ်ထွန်ခြင်း၊ သားသမီး မြေး အခိုင်းအစေ များမည်။ (၂) အိမ်ဆောင်ပန်း ကျသော် မိတ်ဆွေအပေါင်းသင်းနှင့် အခြွေအရံသင်းပင်းများ ပေါများမည်။

(၃) အိမ်ပေါက်လဲ ကျသော် မကောင်းပေ။ အသက် ဆုံးရှုံးရတတ်သည်။ (၄) အိမ်သင်္ဘော ကျသော် စည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝခြင်းရှိမည်။

(၅) အိမ်ပြဿဒ် ကျသော် စဉ်းစိမ်ဥစ္စာခိုင်မြဲခြင်း အကျိုးရှိမည်။  (၆) အိမ်ကျီးနားကျသော်  သားသမီး မြေး အစေခံတို့ ပျက်စီးခြင်းရောက်တတ်သည်။

(၇) အိမ်ပြန်ကျသော် မကောင်းပေ။ နှစ်မကုန်မီကာလတွင် အလုံးစုံ ပျက်စီးတတ်သည်။ (၈) အိမ်တံကျင် ကျသော် ဆိုးသည်။ ပျက်စီးခြင်းသို့ ဦးတည်တတ်သည်။

ဤကား မြန်မာ့လက်ဆန်းပညာဖြင့် အသက်ပိုင်းအလိုက် အိမ်ဆောက် သင့်၊ မသင့် တွက်စစ်သော ရှေးနည်းပညာတစ်ခု ဖြစ်ပါသည်။ လက်တွေ့အသုံးချနိုင်ခြင်းဖြင့် ကောင်းကျိုးဖြစ်ထွန်းနိုင်ကြပါစေ။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)