အိုဇာတာ ကောင်းမလား
အိုဇာတာကောင်းမလား ဆိုသော မေးခွန်းအတွက် မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်တွင် အလွယ်တကူ တွက်ချက်သိရှိနိုင်သော လက်ဆန်းနည်းများ ရှိသည်။
ဦးစွာ မိမိ မြန်မာမွေးသက္ကရာဇ်ကို သိဖို့ လိုမည်။ ထို့နောက် မိမိ မွေးနေ့ကို သိဖို့ လိုပါမည်။ ၎င်း နှစ်ခုကို သိရုံဖြင့် မိမိအိုဇာတာ ကောင်း၊ မကောင်းကို တွက်ချက် နိုင်ပေမည်။
မိမိ မြန်မာမွေးသက္ကရာဇ်ကို မွေးနံဖြင့် ပေါင်းပါ။ ဉပမာ – ၁၃၀၅ ခု မွေးသည့် ဗုဒ္ဓဟူး သမီးဆိုပါစို့ ။
မိမိမြန်မာမွေးသက္ကရာဇ် ၁၃၀၅ ကို မွေးနံဂြိုဟ် ၄ နှင့် ပေါင်းပါ။ ၁၃၀၉ ခု ရပေမည်။ ၎င်းရလဒ်ကို ၇-ဖြင့် စားပါ။ အကြွင်းကို ကြည့်၍ ဟောကိန်းထုတ်နိုင်သော မြန်မာ့လက်ဆန်းဗေဒင်ဟောကိန်းဖြစ်ပေသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
အထက်တွင် မွေးသက္ကရာဇ်နှင့် မွေးနံဂြိုဟ်ပေါင်းလဒ်မှာ ၁၃၀၉ ဖြစ်၍ ၇နှင့်စားသော် ဝ-ကြွင်းပါသည်။ ထို့ကြောင့် အိုဇာတာ ကောင်းဆိုးရောထွေး သော ဇာတာမျိုးဟု သုံးသပ်ရပေမည်။ အကြွင်းလိုက် ဟောကိန်းမှာ –
– ၁ကြွင်းပါက
အိုဇာတာအားနည်းချက်ရှိသည်။ အသက်ကြီးမှ အပြောင်းအလဲ များတတ်ခြင်း ၊ စိတ်မွန်းကြပ်မှု များတတ်ခြင်း၊ သားသမီးညီအစ်ကိုမောင်နှမကြောင့်စိတ်ပူပန်ရတတ်ခြင်းများ သတိပြုရမည်။
– ၂ကြွင်းပါက
အိုဇာတာကောင်းမည်။ ငွေကြေးအတွက် ပူပန်စရာ မလိုဘဲ အလှူအတန်းများ ပြုရတတ်သည်။
-၃ကြွင်းပါက
အိုဇာတာ ထိပ်တန်းကောင်းမည်။ အသက်ကြီးလေ ပြည့်စုံကြွယ်ဝလေ ဖြစ်တတ်သော ဇာတာမျိုး ဖြစ်သည်။
-၄ကြွင်းပါက
အနည်းငယ်ညံ့သည်။ အသက်ကြီးမှ ရန်များခြင်း ၊ အတူနေအသိုင်းဝိုင်းနှင့် မသင့်မြတ်ခြင်း၊ ဖြစ်တတ်သည်။
-၅ကြွင်းပါက
အထူး သတိထားရမည်။ အသက်ကြီးလျှင် ဘာသာရေးဘက်ပိုမို အားပြုသင့်သော ဇာတာများ ဖြစ်သည်။ ကျန်းမာရေး နာတာရှည် သတိပြုရမည်။
-၆ကြွင်းပါက
အိုဇာတာကောင်းမွန်မည်။ စီးပွားအတွက် မပူပန်ရတတ်ဘဲ ကူညီဖေးမသူ များမည်။
-ဝကြွင်းပါက
ကောင်းဆိုး ဒွန်တွဲနေတတ်မည်။ စီးပွားငွေကြေးနှင့် မိသားစုနွေးထွေးမှုကြား ချိန်ညှိရန် ခက်ခဲတတ်မည်။ မကြာခဏ ကောင်းလိုက် ဆိုးလိုက်ဖြစ်နေတတ်မည်။
ဤကားမြန်မာ့လက်ဆန်းနည်းဖြင့် မိမိအိုဇာတာနောင်ရေး မည်သို့ ရှိမလဲ ဆိုသည်ကို လွယ်လင့်တကူ တွက်ဆနိုင်သော တွက်ကိန်းနည်း ဖြစ်ပေသည်။ မိမိတို့၏ မွေးမူလဖွားဇာတာ နာမည်ပညတ်များအရ အနည်းအများ ကွာဟချက်များ ရှိနိုင်ကြောင်း ကြိုတင်သတိထားနားလည်ဖို့တော့လိုအပ်ပါမည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းနှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)