အတွေးလွန် ပူပန်တတ်တဲ့ ရာသီခွင်များ

ဖြစ်သမျှ ကြားသမျှ မြင်သမျှ အရာရာတိုင်းအပေါ် အတွေးလွန် ပူပန်တတ်တဲ့ ရာသီခွင်တွေ အကြောင်း ဗေဒင်သုတအဖြစ် ဖော်ပြပေးချင်ပါတယ်။ တကယ်လို့များ ကိုယ်ဟာ ဒီရာသီဖွား စာရင်းမှာ ပါနေမယ် ဆိုရင် အတွေးလွန်ပြီး စိတ်ပူသောကများတတ်တဲ့ သဘာဝကို တတ်နိုင်သမျှ သတိထား ဆင်ခြင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ တောင်တွေးမြောက်တွေးနဲ့ အလွန်အကျွံ တွေးတောပြီး အပီအပြင် ခံစားတတ်တဲ့ ရာသီဖွားတွေကတော့…

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

အရာရာကို အသေးစိတ်ကျကျ သိမြင်တွေးခေါ်နိုင်တဲ့ ကန်ရာသီဖွားတွေဟာ အတွေးလွန်တတ်သူတွေ စာရင်းမှာ ပါဝင်နေပါတယ်။ ကိစ္စတစ်ခုမှာ ဝင်ပါမိပြီဆိုတာနဲ့ ခရေစေ့တွင်းကျကို နက်နက်နဲနဲ လိုက်ပြီး တွေးတော့တာပါပဲ။ အဲဒီလို အတွေးလွန်မိလို့လည်း စိတ်သောက များပြီး လိုရင်းမရောက်ဘဲ ဝေ့လည် ကြောင်ပတ် ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်စိတ်ကို လက်ရှိ ပစ္စုပ္ပန်အခြေအနေမှာပဲ ထားပါ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

အမွှာရုပ်ကြယ်စုနဲ့ ဗုဒ္ဓဟူးဂြိုဟ် ပေါင်းစပ်ထားတဲ့ ရာသီခွင် ဖြစ်လို့ လူတစ်ကိုယ်နဲ့ စိတ် ၁၀ မျိုးလောက် ဖြစ်နေတတ်ပါတယ်။ အတွေးများ၊ ဗျာများပြီး ပျာယာခတ်နေတတ်သူမို့ သူများအမြင်မှာလည်း ဂဏှာ မငြိမ် ၊ ဂယက်ထလွန်းသူလို့ အထင်ခံရတတ်ပါတယ်။ ကိစ္စတစ်ခုကို အစွန်းရောက်အောင် တွေးပစ်သူ ၊ ဖြစ်နိုင်ခြေထက် ပိုတွက်သူတွေမို့ ကိုယ့်ဉာဏ်ရည်အစွမ်းအစကို ကောင်းတဲ့ဘက်မှာပဲ သုံးကြည့်ပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ခံစားမှုကို ဦးစားပေးသူတွေ ဖြစ်လို့ ကိစ္စတစ်ခုအပေါ် လိုတာထက် ပိုပြီးတော့ စိုးရိမ်တတ်ကြပါတယ်။ မလိုလားအပ်တဲ့ အတွေးတွေနဲ့ စိုးရိမ်မှုတွေ သိပ်များတတ်လို့ ကိုယ့်ဖာသာ ပြန်ပြီး ထောက်ချောက်ထဲ မိနေသလို ခံစားရတတ်ပါတယ်။ ကြားရ၊ ဖတ်ရတာတွေထက် တကယ့် အချက်အလက်အမှန်တွေက ဘာတွေလဲဆိုတာကို ခေါင်းအေးအေးထား စဉ်းစားပါ။ စိုးရိမ်သလောက် မဆိုးဘူးဆိုတာ တွေ့ရပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

မူလသဘာဝရေရာသီခွင် ဖြစ်သလို တနင်္လာဂြိုဟ် စိုးမိုးသူတွေလည်း ဖြစ်လို့ ထစ်ခနဲဆို ခံစားမှုနောက် ကောက်ကောက် ပါအောင် လိုက်ရင်း အစိုးရိမ်ကြီးတတ်ကြပါတယ်။ ဖြစ်သမျှကြားသမျှကို လိုက်ခံစား တွေးတောနေတတ်လို့ စိတ်ပင်ပန်းမှု များတတ်ပါတယ်။ ကိစ္စတိုင်းမှာ လိုက်ပါ စီးမျော ခံစားတတ်တဲ့ အကျင့်ကို သတိပြုရပါမယ်။ တတ်နိုင်သမျှ အရာရာကို အကောင်းဘက်ကနေ ရှုမြင်နိုင်အောင် လုပ်ပါ။

အထက်ပါ ရာသီဖွား (၄) ခုဟာ ထစ်ခနဲဆို လျှောက်တွေးတတ်သူ ၊ အစွန်းရောက်အောင် တွေးပစ်သူ၊ ဖြစ်သမျှကို လိုက်ခံစား ပူပင်နေတတ်သူတွေ ဖြစ်လို့ အတွေးတွေ၊ ခံစားချက်တွေတိုင်းကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီရာသီဖွားတွေလောက် မဟုတ်ပေမဲ့ မကာရရာသီဖွားနဲ့ တူရာသီဖွားတွေဟာလည်း အတွေးများသူ၊ အစိုးရိမ်ကြီးတတ်သူတွေ ဖြစ်လို့ သတိနဲ့ ဆင်ခြင်နိုင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)