အရောင်က ပြောတဲ့ လူ့မနော

လူတစ်ယောက် ကြိုက်နှစ်သက်တဲ့ အရောင်ကို သိရင် အဲဒီလူရဲ့ စိတ်နေသဘောထားနဲ့ အကျင့်စရိုက်တွေကို လေ့လာကြည့်နိုင်ပါတယ်။ တစ်ခု သတိထားရမှာက ကိုယ်ရွေးချယ်တဲ့ အရောင်ကို နှစ်နှစ်ကာကာ သဘောကျ စွဲလမ်းမှသာ ဒီအဟောတွေက သက်ရောက်မှု ရှိနိုင်မှာ ဖြစ်ပါတယ်။

အခု ဒီအရောင် ကြိုက်ပေမယ့် နောက်တခါကျ ဟိုအရောင် ပြောင်းကြိုက်တာမျိုး ဆိုရင်တော့ ဒီဟောကိန်းနဲ့ သိပ်ပြီး ကိုက်ညီမယ် မဟုတ်ပါဘူး။ စိတ်ထဲက လိုလိုလားလား သဘောကျတဲ့ အရောင် ဖြစ်မှသာလျှင် ဒီဟောကိန်းနဲ့ အံဝင်ခွင်ကျမှာ ဖြစ်ပါတယ်။ အရောင်ဟောကိန်းအပြင် အရောင်တွေကို ဘယ်လို လက်တွေ့ အသုံးပြုနေလဲ ဆိုတာကိုပါ ဗေဒင်သုတအဖြစ် ဖော်ပြလိုက်ပါတယ်။

အဖြူရောင်ကို ကြိုက်တဲ့သူဟာ – အကောင်းမြင်သမား၊ သန့်ရှင်းသပ်ယပ်စွာ နေထိုင်တတ်သူ၊ စိတ်သဘောထား ဖြောင့်စင်းပြီး နူးညံ့သိမ်မွေ့သူ၊ စည်းနဲ့ကမ်းနဲ့ နေထိုင်တတ်သူ၊ အများနဲ့ အဆင်ပြေအောင် လိုက်လျောညီထွေ ရှိသူ ဖြစ်ပါတယ်။ တစ်ဖက်မှာ အဖြူရောင်ဟာ ရောဂါဝေဒနာကို သက်သာစေတဲ့အတွက် ကျန်းမာရေးဌာနတွေမှာ အသုံးပြုလေ့ ရှိပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အနက်ရောင်ကို ကြိုက်တဲ့သူဟာ – အစွန်းရောက်တတ်သူ၊ လျှို့ဝှက်သိုသိပ်စွာ နေထိုင်တတ်သူ၊ နက်ရှိုင်းတဲ့ အသိပညာကို လေ့လာ လိုက်စားသူ၊ နားလည်ရ ခက်ခဲသူ၊ တခါတလေ ရက်စက်ပြီး အပျော်အပါးနောက် လိုက်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ ဂမ္ဘီရ ပညာ မှာတော့ အနက်ရောင်ဟာ အမြင့်ဆုံး ပညာသည်အဆင့်ကို ရည်ညွှန်းပြီး ဝိညာဉ်လောကနဲ့ ပတ်သက်မှုတွေမှာ အနက်ရောင်ကို အသုံးပြုတတ်ပါတယ်။

အနီရောင်ကို ကြိုက်တဲ့သူဟာ – စိတ်နောက် ကိုယ်ပါ လျှောက်လုပ်တတ်သူ၊ ဒေါသထွက်လွယ် ခွင့်လွှတ်လွယ်သူတွေ ဖြစ်သလို ထက်မြက်သူ၊ အငြိမ်မနေဘဲ ဟိုဒီ လျှောက်သွားနေလိုသူတွေ ဖြစ်ပါတယ်။ အတိုက်အခံရှိမှ ပိုပြီး အောင်မြင်တတ်ကြပါတယ်။ အနီဟာ သွေးအားကို မြှင့်တင် တက်ကြွစေလို့ အပျော်အပါးကိစ္စနေရာတွေမှာ အဓိက သုံးစွဲတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ခရမ်းရောင်ကို ကြိုက်တဲ့သူဟာ – လျှို့ဝှက် ဆန်းပြားတဲ့ အတတ်ပညာတွေနဲ့ ပတ်သက်နေသူ၊ ဥာဏ်ရည်စွမ်းအား ကောင်းပေမယ့် စိတ်ထား မတည်ငြိမ်ဘဲ ခံစားချက်ကို ဦးစားပေးတတ်သူ၊ စိတ်ကူးအယဉ် များသူတွေ ဖြစ်နေတတ်ပါတယ်။ ဥာဏ်ပညာ အရောင် ဖြစ်ပေမယ့် တစ်ဖက်မှာလည်း ဝမ်းနည်းကြေကွဲစရာတွေကို သယ်ဆောင်လာတတ်ပါတယ်။ ခရမ်းနုရောက်ကတော့ အေးချမ်းမှုကို ဖော်ညွှန်းပါတယ်။

အစိမ်းရောင်ကို ကြိုက်တဲ့သူဟာ – အေးရာအေးကြောင်း နေလိုသူ၊ သနားကရုဏာ ဖြစ်လွယ်သူ၊ အရာရာကို အကောင်းဘက်ကနေ ရှုမြင်ပေးပြီး ငြိမ်းချမ်းမှုကို လိုလားသူ ၊သဘာဝတရားနဲ့ အသားကျသလို ငွေလည်း အရှာကောင်းသူတွေ ဖြစ်ပါတယ်။ အစိမ်းရောင်ဟာ အေးမြသက်သာမှုကို ပေးတဲ့အတွက် ခွဲစိတ်ခန်းတွေမှာ သုံးသလို ငွေကြေးရဲ့ အရောင်အဖြစ် ယူဆ အသုံးပြုတာလည်း ရှိပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အပြာရောင်ကို ကြိုက်တဲ့သူဟာ – လွတ်လပ် ပျော်ရွှင်မှုကို နှစ်သက်သူ၊ အများနဲ့ တသားတည်း နေထိုင်နိုင်ပြီး ကူညီဖေးမတတ်တဲ့ ပရဟတိ စိတ်ဓာတ် ပြည့်ဝသူတွေ ဖြစ်ပါတယ်။ သနားတတ်ပြီး ကူညီဖို့ လက်မနှေးသူတွေလည်း ဖြစ်ပါတယ်။ အပြာရောင်ဟာ သစ္စာတရားကို ကိုယ်စားပြုလို့ တည်ကြည် အနောက်တိုင်းမှာ ရည်းစားစာတွေ ရေးတဲ့အခါ အပြာရောင်စက္ကူကို သုံးခဲ့ကြဖူးပါတယ်။

အဝါရောင် ကြိုက်တဲ့သူဟာ – တီထွင်ဥာဏ် အားကောင်းသူ၊ စိတ်ကူး ကောင်းသလောက် လက်တွေ့လည်း ဖြစ်မြောက်အောင် လုပ်နိုင်သူ၊ အများကို ဆွဲဆောင်နိုင်သူတွေ ဖြစ်ပါတယ်။ ပြီးတော့ ဘာသာတရား ကိုင်းရှိုင်းသူလည်း ဖြစ်တတ်ပါတယ်။ အဝါရောင်ဟာ အနုပညာနဲ့ ဆွဲဆောင်အားကို ဖြစ်စေလို့ ကြော်ငြာတွေမှာ အသုံးပြုတာ များပါတယ်။ ပညာရေးကိစ္စမှာလည်း အသုံးပြုနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လိမ္မော်ရောင် ကြိုက်တဲ့သူဟာ – ပျော်ပျော်နေ သေခဲ ဆိုတဲ့ ခံယူချက်သမားတွေ ဖြစ်ပြီး ပေါပေါ့့ပါးပါးနဲ့ ဘဝကို ဖြတ်သန်းချင်ကြပါတယ်။ ဒါပေမယ့် ရည်မှန်းချက် ကြီးမားပြီး ပေါ်ပြူလာ ဖြစ်ချင်ကြတာကလည်း သူတို့တွေပဲ ဖြစ်ပါတယ်။ လူမှုရေး ပွဲလမ်းကိစ္စတွေမှာ သုံးတတ်ကြပါတယ်။

ပန်းရောင် ကြိုက်တဲ့သူဟာ- အလှအပနဲ့ အနုပညာတွေနဲ့ ပျော်မွေ့နေတတ်သူ၊ အရာရာကို ပေါ့ပေါ့ပါးပါးပဲ တွေးပြီး ဖြတ်သန်းချင်သူ၊ စိတ်ခံစားချက် ဦးစားပေးပြီး အများကို ဆွဲဆောင်လိုသူတွေ ဖြစ်တတ်ပါတယ်။ အနုအရွကိုမှ သဘောကျသူလို့လည်း ဆိုနိုင်ပါတယ်။

နှစ်သက်ရာအရောင်မှာ မွေ့လျော်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)