အရောင်းအဝယ်ပါးတတ်သူများအတွက် လာဘ်ဖွင့်ယတြာ

ပုံမှန်အားဖြင့်တော့ အခုလို မိုးရာသီ ရောက်လာရင် အရောင်းအဝယ်တွေ အေးတတ်ကြသည်။ ဈေးသည်တွေ၊ ဆိုင်သမားတွေ ရောင်းမကောင်းဘူးလို့ မကြာခဏ ညည်းတွားရသည့် ရာသီကာလ ဖြစ်သည်။

အကယ်၍ မိမိ မူလကံဇာတာကလည်း ညံ့နေမယ်၊ အရောင်းအဝယ်ကလည်း အေးနေမယ်ဆိုရင် ဗေဒင်ပညာအရ အရောင်းအဝယ်တွေ သွက်ပြီး လာဘ်လာဘတွေပါ ပြန်ပွင့်စေမယ့် အောက်ဖော်ပြပါယတြာကို ယုံကြည်လေးနက်စွာ လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါသည်။

(၁) ရောင်းကုန်ပစ္စည်းနဲ့ ဘုရားကို ပူဇော်ပါ

ဈေးသည်ဖြစ်စေ၊ ဆိုင်ရှင်ဖြစ်စေ မိမိတို့ ရောင်းကုန်ပစ္စည်းများကို လင်ဗန်းငယ်တစ်ချပ်တွင် စတိသဘောမျိုးဖြင့် အနည်းငယ်စီ ထည့်ပြီး အိမ် (သို့) ဆိုင်က ဘုရားမှ ဆိုင်မဖွင့်ခင် ၊ ဈေးမဖွင့်ခင် ကပ်လှူပေးပါ။

ဆိုင် (သို့) မိမိ ဈေးရောင်းသည့် နယ်ပယ်ဝန်းကျင်ဒေသက အစောင့်အရှောက်များ၊ နတ်ဒေဝါများကို အမျှဝေ၊ မေတ္တာပို့ပေးပါ။ တတ်နိုင်ရင်တော့ ပုလင်းခွံလေးတစ်လုံးထဲ အမွှေးတိုင်တွေ ထည့်ထွန်းပြီး ပူဇော်ပေးပါ။ မိမိရဲ့ ဆိုင် (သို့) ရောင်းကုန်များ အမြန်စွံဖို့၊ ဈေးရောင်းကောင်းဖို့ ဆုတောင်းပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) သဗ္ဗဇယမင်္ဂလာဂါထာတော် ရွတ်ဖတ်ပါ

မိမိ အားလပ်ချိန်မှာ ဖြစ်ဖြစ်၊ အရောင်းအဝယ် ကျဲပါးချိန်မှာ ဖြစ်ဖြစ် သဗ္ဗဇယမင်္ဂလာဂါထာတော်ကို မကြာခဏ ရွတ်ဖတ်ပူဇော်ပါ။ ဒိဝါတပတိဂါထာလို့ လူသိများသလောက် လာဘ်လာဘအရာမှာလည်း ထင်ထင်ရှားရှားကို အကျိုးပေးထက်သန်တဲ့ ဂါထာတော် ဖြစ်လို့ အလေးအနက်ထားပြီး ရွတ်ပွားဆင်ခြင်ပါ။

သဗ္ဗဇယမင်္ဂလာဂါထာတော်

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။

နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

(၃) လာဘံအခါမှာ လာဘ်ဖွင့်ပါ

နေ့နံအားလုံးအတွက် မိမိမွေးနေ့၏ (ညနေ ၃ နာရီမှ ၄ နာရီခွဲအတွင်း) သည် လာဘံအခါပင် ဖြစ်သည်။ ငွေကြေး၊ လာဘ်လာဘအတွက် အာရုံပြု ဆုတောင်းခြင်း၊ ယတြာပြုခြင်းတို့ ဆောင်ရွက်နိုင်သည်။

တစ်ပတ်လျှင် တစ်ကြိမ် ကြုံနေမည့် မိမိမွေးနေ့ ညနေ ၃ နာရီနှင့်  ၄ နာရီခွဲအတွင်း ဒိဝါတပတိဂါထာတော်ကို သက်စေ့ ရွတ်ဖတ်ပေးခြင်း၊ (သို့) မိမိ တတ်နိုင်သလောက် ငွေကြေး၊ အစားအစာနှင့် အလှူတစ်ခုခု ပြုခြင်းကို ဆောင်ရွက်ခြင်းဖြင့် ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်လန်းလာပြီး ရောင်းပန်းဝယ်ပန်း လှစေပါလိမ့်မည်။

အရောင်းအဝယ်ကောင်းလို့ စီးပွားဖြစ်ထွန်းကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)