ဗေဒင်ယတြာနဲ့ ကိုယ်ပိုင်ဥာဏ်ပညာ

မနေ့က အသိတစ်ယောက်ရဲ့ အိမ်ကိုရောက်သွားတော့ ဒကာမကြီးက ဘုရားစင်ရှေ့နားမှာ အလုပ်ရှုပ်နေတာ တွေ့တာနဲ့…

“ဒကာမကြီး ဘာလုပ်မလို့တုန်း” “ဘုရားကို ဆီမီးကပ်မလို့ ဘုရား”

“အာ!!! ဒကာမကြီးကတော့ လုပ်ပြီ” “ဘာလို့လဲ ဘုရား”

“နေ့လည်နေ့ခင်း ဒီလောက် အလင်းရောင် ရနေတာကို၊ ပြီးတော့ ဒီလောက်ပူနေတဲ့ နွေအချိန် နေ့လည်ခင်းကြီးမှာ၊ ဒကာမကြီးကပ်တဲ့ ဆီးမီးကြောင့် ဘုရားက ပိုပူနေပါဦးမယ်၊ ကပ်ချင်ရင် ညမှ ကပ်၊ ဒါတောင် ဆီမီးမကပ်နဲ့၊ လျှပ်စစ်မီးပဲ ကပ်၊ ဆီမီးက လေကြောင့်ဖြစ်ဖြစ် ကြောင်တို့ ဘာတို့ကြောင့် ဖြစ်ဖြစ် လဲသွား ပြုသွားရင် မီးတွေပါတွေ လောင်နေပါဦးမယ်၊ နွေလည်း ရောက်နေပြီ၊ သတိလည်း ထားဦး၊ ဘုရားဆီမီး ပူဇော်လို့ မီးလောင်တာတွေလည်း ဒီလောက်တောင် ခဏခဏ ဖြစ်နေတာကို”

“ဗေဒင်ဆရာက ဒီနေ့ ဒီအချိန်မှာ ကပ်ရမယ် ဆိုလို့ဘုရား”

“ဟာ ဒီဗေဒင် ဆရာကတော့ လုပ်ပြီ၊ သူတို့ခိုင်းတိုင်း လျှောက်မလုပ်နဲ့။ တချို့ဗေဒင် ဆရာဆိုတဲ့ ဟာတွေကလည်း ဘာမှ သိတာ မဟုတ်ဘူး။ ပေါတောတောရယ်။ ဟိုနေ့ကလည်း ရန်ကုန်က အသိတစ်ယောက်ကို ဗေဒင်ဆရာက ယတြာချေခိုင်းတာ၊ ဘယ်လို ချေခိုင်းတယ် ထင်လဲ၊ အောင်ပန်းက ကံ့ကော်ပင် ငါးပင်ကို သွားဝယ်ပြီး သူ့အိမ်မှာ စိုက်ခိုင်းတာ။ အပင်စိုက်ပြီး ယတြာ ချေတာတော့ ကောင်းပါတယ်။

ဒါပေမယ့် စဉ်းစားကြည့်လေ အောင်ပန်းဆိုတာ ကံ့ကော်ပင်မှ မဖြစ်တာ။ အောင်ပန်းက ဘယ်ပျိုးခြံမှာမှ ကံ့ကော်ပင် မရောင်းဘူး။ အဲတော့ အဲဒီလူတွေခမျာ အောင်ပန်းမှာ ကံ့ကော်ပင် ရှာရတာ ဒုက္ခကို ရောက်လို့တဲ့။ ဗေဒင်ဆရာကလည်း လွယ်လွယ်ကူကူနဲ့ အဆင်ပြေမယ့် ယတြာမျိုး ချေခိုင်းတာ မဟုတ်ဘူး။ ဒီလောက် အဝေးကြီး သွားခိုင်းပြီး အဲဒီအရပ်မှာ မရှိတဲ့ အပင်နဲ့မှ ယတြာ ချေခိုင်းရတယ်လို့ ။ အံ့သြပါ့ဗျာ။ တချို့ ဗေဒင်ဆရာတွေကလည်း ဘာမသိ ညာမသိနဲ့ ရမ်းတုတ်တာများတယ်”

“မသိဘူးလေ ဘုရား၊ တပည့်တော်ကလည်း အခုနောက်ပိုင်း သိပ်အဆင်မပြေတော့ ပြေလိုပြေငြား သူတို့ ခိုင်းတဲ့အတိုင်း လုပ်လိုက်တာပဲ”

“ခင်ဗျားတို့နဲ့တော့ ခက်တာပဲ၊ ဟိုနေ့ကလည်း အောင်တော်မူ ဘုရားရောက်တော့ ဂြိုလ်တိုင်တွေမှာ ဘုရားကို မီးပူဇော်ထားတာ တွေ့လိုက်ရတယ်။ ဆီးမီး မီးခိုးတွေ ရိုက်ပြီး ဆင်းတုတွေကလည်း မည်းတူးလို့။ ဘုရားကို မီးပူဇော်တာလား ဘုရားကို မီးလောင်တိုက် သွင်းနေတာလား မသိတတ်တော့ဘူး။ အတော့်ကို စိတ်ပျက်စရာပဲ၊ ဟိုတုန်းကတော့ ဆီမီးပဲ ရှိသေးတဲ့ခေတ်မို့ ဆီမီးနဲ့ ပူဇော်ကြတာ။ ခုခေတ်ကျ လျှပ်စစ်မီးတွေ ပေါ်နေပြီလေ၊ လျှပ်စစ်မီးနဲ့ ပူဇော်တာက ဆီမီးနဲ့ ပူဇော်တာထက် အန္တရာယ်လည်း ပိုပြီး ကင်းသလို ဘုရားစင်လည်း ပိုပြီး သန့်ရှင်းစေတယ်”

“တင်ပါ့၊ နောက်ဆို တပည့်တော် ဆင်ခြင်ပါ့မယ် ဘုရား”

“ဦးဇင်းပြောတဲ့ အရာတိုင်းကို မဖြစ်မနေ လက်ခံဖို့ မလိုဘူးနော်၊ သင့် မသင့် စဉ်းစားနိုင်ဖို့ ပြောပြတာ၊ ဒါနဲ့ ဘုရားစင်ပေါ်ကို ရေမွှေးပုလင်းတွေက ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”

“ဘုရားကို မျက်နှာသစ်တာ ဘုရား၊ တပည့်တော်က မနက်တစ်ကြိမ် ညပိုင်းတစ်ကြိမ် ဘုရားကို ရေမွှေးနဲ့ မျက်နှာ သစ်ပေးတာ နှစ်လလောက် ရှိပြီ”

“ဒကာမကြီးရယ်၊ ဘုရားကို မျက်နှာသစ်တာလည်း သစ်ပေါ့၊ ဒါပေမယ့် ဒကာမကြီးရဲ့ ဘုရားစင်ပေါ်က ဆင်းတုက ရှေးဟောင်း ကြေးဆင်းတုနော်။ ရေမွှေးမှာ Chemical တွေ ပါ မပါတော့ ဦးဇင်းလည်း သေချာတော့ မသိဘူး။ ပါရင်တော့ အနည်းနဲ့အများ ဆင်းတုကို ပျက်စီးစေနိုင်တယ်။ ဒါကြောင့် သိတဲ့ သူတွေကို မေးကြည့်ပြီး သုံးစေချင်တယ်။ ဖုန်တွေ ဂျီးတွေ ပြောင်လောက်ရင် တော်ရောပေါ့”

“တင်ပါ့၊ တပည့်တော်လည်း သူများတွေ လုပ်တာမြင်လို့ သဘောကျပြီး လုပ်မိတာ ဘုရား”

“ဘယ်အရာနေနေ သူများတွေလုပ်တိုင်း လိုက်မလုပ်နဲ့၊ မလုပ်ခင် သင့်၏ မသင့်၏ ကိုယ့်အသိဥာဏ်လေးနဲ့ ကိုယ်အရင်စဉ်းစား၊ ဟုတ်ပြီလား”

“တင်ပါ့”

အရှင် Zaya Ditha ၏ စာစုကို ပြန်လည် မျှဝေပူဇော်ပါသည်။ ဗေဒင်ယတြာကို ကိုယ်ပိုင်ဥာဏ်ပညာဖြင့် ချိန်ဆ ဆင်ခြင် အသုံးပြုနိုင်ကြပါစေ…။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)