မွေးထားတဲ့ ရင်သွေး၊ ပေးထားတဲ့ နာမည် (၂)

ဒီဆောင်းပါးရဲ့ ကနဦးအစမှာ ဒီအချက်လေးတွေကို အရင်ဖတ်သိထားဖို့ လိုပါတယ်။ နာမည်တစ်ခုမှာ အစစာလုံးကို အရင်းစာလုံး အဆုံးစာလုံးကို အဖျားစာလုံး လို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။

ဥပမာအားဖြင့် မောင်ကောင်းမြတ်စံမှာ ကောင်းဟာ အစစာလုံး  (အရင်းစာလုံး) ဖြစ်ပြီး စံဟာ အဆုံးစာလုံး (အဖျားစာလုံး) ဖြစ်ပါတယ်။ အထူးသဖြင့် နာမည်အဖျားစာလုံးကို အဓိကပြုပြီး တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

စူးစမ်းမှု အားကောင်းသော  ကလေးများအကြောင်း

ဆော့သမျှ ကလေးတွေထဲမှာ ရှာရှာဖွေဖွေ အဆော့ဆုံး ကလေးသူငယ်များကို ဖော်ပြပါဆိုရင်တော့ နာမည်အဖျားစာလုံး အင်္ဂါနံနဲ့ မှည့်ခေါ်ထားသော ကလေး သူငယ်များပဲ ဖြစ်ပါလိမ့်မယ်။

ပမာအားဖြင့် မိမိတို့ရဲ့ ရင်သွေးကို အောက်ပါကဲ့သို့သော အမည်များ မှည့်ခေါ်ထားခဲ့မယ်ဆိုရင် ကောင်းမြတ်စံ၊ ဇင်ဇင်ဇော် ၊ မြတ်မင်းစိုး ၊ လင်းဇာနည်ဆွေ ၊ မိုးမြင့်ဆု ၊ ယမင်းရွှေစင် ၊ ချစ်သဲစု စသည် …..။

ဒီရင်သွေးငယ်လေးတွေဟာ တစ်ခုမဟုတ်တစ်ခု အဆန်းထွင်ဖို့ အမြဲ ကြိုးစားနေတတ်ကြပါတယ်။  စူပါဟီးရိုး လူစွမ်းကောင်း ဇာတ်ကောင်တွေကိုလည်း အလွန်နှစ်သက် အားကျပြီး ဗြောင်းဆန်အောင် ဆော့တတ်တဲ့ ကလေးသူငယ်မျိုးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီကလေးသူငယ် နာမည်ရှင်မျိုးတွေဟာ အရာရာကိုလည်း အလွန် စပ်စုတတ်ကြပါတယ်။

ဒါဘာလေးလဲ မသိဘူး ဆိုတာ သူတို့ရဲ့ ဆောင်ပုဒ်တစ်ခုလိုပါပဲ။  ဆိုင်ဆိုင် မဆိုင်ဆိုင် စပ်စုကြည့်ဖို့ စူးစမ်းကြည့်ဖို့ အမြဲအဆင်သင့် ရှိနေတတ်ကြတဲ့ကလေးငယ် တွေပဲမို့ အရပ်ထဲမှာ မျက်လှည့်ပြနေရင်လည်း သူတို့ပဲ ရှေ့ဆုံးက နေရာယူ ဖြစ်နေတတ်ပါတယ်။

တစ်ကယ်တော့ စူးစမ်းတယ်ဆိုတာ ကောင်းတဲ့ အလေ့အထ လို့ ပြောနိုင်ပါတယ်။ လူသားတွေအဖို့ ဒီကနေ့ ရရှိလာတဲ့ တိုးတက်မှုအားလုံးဟာလည်း ဒီလိုစူးစမ်းတဲ့ အလေ့အထတွေကနေ ရရှိလာတာ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အခြားသော ကလေးငယ်များထက် ယခုကဲ့သို့သော နာမည်အဖျားစာလုံး အင်္ဂါနံနဲ့ မှည့်ခေါ်ထားသော ကလေးငယ်များဟာ တိုးတက်မှု မြန်ဆန်ကြပါတယ်။

ဒါပေမယ့် ဘယ်နေရာမှာ တိုးတက်မှာလဲ။ ကောင်းတဲ့နေရာမှာလား ၊ ဆိုးတဲ့နေရာမှာလား၊  ဒါလည်း အရေးကြီးပါတယ်။

နာမည်အဖျားစာလုံး အင်္ဂါနံ နဲ့ မှည့်ခေါ်ထားသော ကလေးငယ်တွေဟာ ပြီးပြီးသားအရာတွေထက် မဖြစ်သေးတာတွေကို ပိုမို စိတ်အားထက်သန်ကြပါတယ်။ ဒါလေးလုပ်ကြည့်ရင် ရှေ့ဘာဖြစ်လာမလဲ ဆိုတဲ့ စိတ်သဘာဝမျိုး ထက်သန်အားကောင်းလွန်းတာမို့ ဆိုင်ရာ လူကြီးမိဘ ဆရာသမားများအနေနဲ့ ဒီလို ကလေးငယ်တွေကို ကောင်းတဲ့ဘက်မှာ စူးစမ်းအားစိုက်မှု ဖြစ်စေဖို့ တည့်မတ်လမ်းညွှန်ပေးနိုင်ဖို့ရာ အရမ်း အရေးကြီးပါတယ်။

လမ်းလွဲလိုက်မိတာနဲ့ ဗြောင်းဆန်အောင် ဆိုးသွားနိုင်သလို လမ်းမှန်ပေါ်ရောက်သွားရင်လည်း အမြောက်အများ တိုးတက်ပြီး ရှေ့ရောက်နိုင်တဲ့ကလေးငယ်လေးတွေ ဖြစ်ကြောင်း မိဘများအနေနဲ့ သေချာကျနစွာ သိမြင်ထားဖို့ လိုအပ်ပါတယ်။

သူတို့က  ဘာကိုပဲဖြစ်ဖြစ် နည်းနည်းလးတော့ စမ်းကြည့်ချင်စိတ် အမြဲရှိနေပါတယ်။ ဒါကြောင့် သူတို့ကို ဘာကို လုံးဝ မလုပ်ရဘူး ဆိုတာမျိုးထက်၊ ကဲ ဟော့ဒါကြီးက မကောင်းဘူး ဘယ်လို ဆိုးကျိုးပေးတယ် မယုံရင် နည်းနည်း စမ်းကြည့်စမ်း( အနည်းငယ် စမ်းကြည့်လို့ ဘေးမဖြစ်လောက်ဘူး ဆိုရင်ပေါ့)  အဲဒါမျိုး ဥပမာပေး ဆုံးမတာက ပိုမို သင့်လျော်ပါလိမ့်မယ်။

ဘာကြောင့်လဲ ဆိုတော့…လုံးဝပိတ်ပင်ထားခြင်းအားဖြင့် သူတို့ကို မလုပ်မိအောင် တားလို့ ခက်တာကြောင့်ပါပဲ။ အခွင့်သာတာနဲ့ တားမြစ်ထားတာတွေ အားလုံးကို ကျူးကျော်ချိုးဖောက်ကြည့်ဖို့ စိတ်အင်အား အပြည့်အဝ ရရှိထားစေသော အမည်များပိုင်ရှင် ကလေးသူငယ်များပဲ ဖြစ်ပါတယ်။

ကျွန်တော်ပြောတာတွေကို မျက်ကန်းယုံကြည်တာမျိုးထက် ကိုယ်မွေးထားတဲ့ ရင်သွေးငယ် ကိုယ်ပေးထားမိတဲ့ နာမည်ပိုင်ရှင် ဒီကလေးငယ်တွေကို သေချာအကဲခတ်ကြည့်ပြီးမှ ယုံကြည် နားလည်ပါ။ ဒါဆိုရင် ကလေးရော မိဘများအတွက်ပါ အကျိုးကျေးဇူး ပိုမို များနိုင်ကြပါလိမ့်မယ်။

အနှစ်ချုပ် အကြံပြုချင်တာက အင်္ဂါနံ (စ၊ဆ၊ဇ၊ဈ၊ည) ဖြင့် နာမည်အဖျားစာလုံးပြု မှည့်ခေါ်ထားသော ရင်သွေးငယ်များ အားလုံးအတွက် ဆိုင်ရာ လူကြီးမိဘအုပ်ထိမ်းသူများအနေနဲ့……

(၁)  အတင်းအကျပ် မတားပါနဲ့။ သူတို့ရဲ့ စူးစမ်းလိုစိတ် နဲ့ စမ်းသပ်လုပ်ကိုင်ကြည့်လိုစိတ်များကို အသိအမှတ် ပြုပါ။ (နောင်တစ်ချိန်မှာလည်း  အဆိုပါအချက်တွေကပဲ သူတို့ဘဝအောင်မြင်မှုတွေဆီ ဆွဲခေါ်သွားမှာမို့ပဲ ဖြစ်ပါတယ်။ )

(၂) နည်းပေးလမ်းပြကောင်း ၊ ဆရာကောင်း ၊ လမ်းညွှန်မှုကောင်းစွာ ပေးနိုင်သော သူမျိုးနဲ့ နီးနီးကပ်ကပ် ထားပါ။ (Guide ကောင်းကောင်း ရှိသလောက် တိုးတက်မှုအားကောင်းနိုင်တဲ့ ကလေးတွေ ဖြစ်ပါတယ်။ )

(၃) လက်တဲ့စမ်းကြည့်ချင်တဲ့ သဘာဝကို အဆိုးဘက်မှာ ရောက်မသွားစေဖို့ ထိန်းသိမ်းစောင့်ရှောက် ပေးပါ။ အထူးသဖြင့် အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ် ၊ ၂၀ နှစ်တွေမှာ ပိုမို ဂရုစိုက်ထိန်းကျောင်း ပေးအပ်ပါတယ်။

အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ

ကိုဖုန်း
သုတေသီဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791
09 318 17 287

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)