ရှေးဟောင်းကျမ်းလာ ရှင်သီဝလိ လာဘ်ရွှင်ဂါထာ

လောကီပညာကို လိုက်စားကြသော မြန်မာဆရာများ၌ တစ်ခါတစ်ရံ ဆရာဆရာအချင်းချင်း ပညာကို ဖလှယ်သော အလေ့အထ ရှိတတ်ကြ၏။

ထိုသို့ တစ်ဦးအား ပေးအပ်ကာ လဲလှယ်ကြရာ၌ ရှေးဦးစွာ…`မိမိရှာဖွေတတ်သိထားသမျှ ပညာရပ်များတွင် အကောင်းဆုံးနှင့် ကိုယ်တွေ့မှန်ကန်သော ပညာများကိုသာပေးပါမည်။ မဟုတ်မမှန် လုပ်ကြံ၍ ပေးခဲ့မိလျှင် ယခုတတ်ထားသမျှပညာများလည်း ပျက်ကွက်၍ မဟာအ၀ီစိငရဲ၌ မကျွတ်တန်းခံရပါစေ`ဟု ဆရာနှစ်ဦးစလုံး သစ္စာပြုပြီးမှကို ပညာဖလှယ်ကြလေ့ရှိပါသည်။

ယခုဖော်ပြလိုက်သောနည်းမှာ ၁၂၉၄ခုနှစ်လောက်က ပဲခူးမြို့သို့ရောက်စဉ် ယုံကြည်လောက်သော ပယောဂဆရာတစ်ဦးနှင့် စာရေးသူတို့ ပညာချင်းဖလှယ်ကြရာမှ ရရှိခဲ့သောနည်းတစ်ခု ဖြစ်ပါသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥုံ – ရှင်သီဝလိ ဘုန်းရှိမြတ်စွာ ရဟန္တာ
ထိပ်မှာမြတ်ဖျား ကိုယ်တော်ထား
နားမှာ ကိုယ်တော်ကျိန်း ခပ်သိမ်းလိုရာရ
ကာယဝစီ မနောချီ သုံးလီသြကာသ။
ရိုသေမြတ်နိုး ကျွန်ရှိခိုး တန်ခိုးကိုယ်တော်ပြ။
အရာခပ်သိမ်း အောင်မြင်ငြိမ်းစေသတည်း။

ဤဂါထာကို နေ့စဉ်နံနက် အိပ်ရာထ၌ အရှေ့အရပ်ကိုကြည့်၍ ၇ခေါက်ရွတ်၊ ညအိပ်ရာဝင်၌ ဘုရား ရှေ့တော်တွင် ၇ ခေါက်ရွတ်လျှင် ဘုန်းတန်ခိုးကြီး၍ လာဘ်လာဘ ရွှင်သည်။ သူတပါး မကောင်းကြံစည်၍ မရ။

၎င်းပြင် ခရီးသွားရန် အလုပ်ကိစ္စ အကြံအစည် တစ်ခုခုတို့ကို ပြုလုပ်ရန် ရှိသောအခါတို့၌ မသွားမီ အိမ်လှေကားတွင် ရပ်၍ လမ်းဘက်ကို ကြည့်ပြီး ၇ခေါက်ဖြစ်စေ၊ အချိန်မရခဲ့လျှင် တစ်ခေါက်ဖြစ်စေ ရွတ်ဆို၍ သွားပါလေ။ မိမိလုပ်ဆောင်ရမည့် အလုပ်ကိစ္စဟူသမျှ အောင်မြင်၏။ ငွေတစ်ဆယ်ရရန်အတွက် ရည်စူးသွားသောအခါ လမ်းတွင် ငွေနှစ်ဆယ်ကို ရတတ်၏။

စိတ်ညစ်ညူးခြင်း အကြံအိုက်ခြင်းတို့ ဖြစ်နေခဲ့ပါလျှင်မှု သောက်ရေကို ၇ အုပ်မန်း၍ မျက်နှာသစ်ပါ။ အနည်းငယ်လည်း သောက်ပါ။ ချက်ချင်း ရွှင်လန်းလာပါလိမ့်မည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဤနည်းဖြင့် သူတပါးကိုလည်း ပြုလုပ်ပေးနိုင်သည်။ မိမိကိုယ်တိုင်လည်းပြုလုပ်နိုင်သည်။ တရားတဘောင်ကိစ္စ၊ ဖျားနာရေးကိစ္စ ၊ စီးပွားရှာရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စ အစစအရာရာတို့၌ ဥာဏ်ရှိသလိုအချိန်အခါမရွေး ဤဂါထာကို အသုံးချနိုင်ကြပါသည်။ ရွတ်ဆိုရာ၌ အသက်အောင့်၍ ရွတ်ဆိုလျှင် ပို၍ အကျိုးရှိသည်ဟု မူရင်းဆရာက မှာထားချက်ရှိပါသည်။ မှတ်ချက်။ ။ ပထမံဆရာလင်း၏ မူရင်းကျမ်းအတိုင်း ပြန်လည် တင်ပြပေးလိုက်ပါသည်။

ကိုယ်စိတ် ၂ပါး ချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့်  ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)