မြန်မာက မြင်ရမယ့်လကြတ်ဖြစ်စဉ်နှင့် နက္ခတ်ဗေဒင်အမြင် (၂၀၂၂ ၊ နိုဝင်ဘာ လကြတ်ခြင်း)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ၊ ၂၀၂၂ မှာ နေတစ်စိတ်တစ်ပိုင်း ကြတ်တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး မြန်မာနိုင်ငံကနေ တွေ့မြင်ခဲ့ရခြင်း မရှိပေမဲ့ အခု နိုဝင်ဘာ ၈ ရက် အင်္ဂါနေ့ လအပြည့်အ၀ကြတ်တဲ့ ဖြစ်စဉ်ကိုတော့ မြန်မာနိုင်ငံက မြင်တွေ့ရတော့မှာပါ။

နက္ခတ်ဗေဒင်တွက်ရိုးအရ လကြတ်တာကို မြန်မာ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေ၊ တောင်အမေရိက အလယ်နဲ့ အနောက်ပိုင်းဒေသတွေ၊ မြောက်အမေရိကတိုက်၊ သြစတြေးလျ၊ နယူးဇီလန်၊ နယူးဂီနီ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ မွန်ဂိုလီးယားနဲ့ ရုရှားဒေသတွေကနေ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။

မြန်မာစံတော်ချိန်အရ နိုဝင်ဘာ ၈ ရက် အင်္ဂါနေ့ ညနေ ၃ နာရီ ၄၀ နောက်ပိုင်းမှာ လမျက်နှာပြင်ပေါ် အရိပ်စ ထိုးမှာ ဖြစ်ပြီး လမျက်နှာပြင်တစ်ခုလုံး အမှောင်ဖုံးချိန်က ညနေ ၄ နာရီ ၄၅ ၀န်းကျင် ဖြစ်ပါတယ်။ အဲဒီနောက် လကြတ်အလယ်ဗဟိုချိန်ဟာ ညနေ ၅ နာရီခွဲခန့် ဖြစ်ပြီး အရိပ်ဖုံးလွှမ်းခြင်းကနေ လွတ်မြောက်ချိန်က ညနေ ၆ နာရီကျော်နဲ့ အရိပ်ကနေ လုံးဝ လွတ်မြောက်ချိန်က ည ၇ နာရီကျော် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ လကြတ်တာကို ညနေ လထွက်ချိန်မှာ စတင် မြင်တွေ့ရမှာ ဖြစ်ပြီး လွတ်ဆုံးအချိန်ထိတိုင် ဆက်တိုက် မြင်တွေ့ရမယ်လို့ နက္ခတ်ဗေဒင်တွက်ရိုးတွေမှာ ဖော်ပြထားပါတယ်။ ရှေးဟောင်းနက္ခတ်ကျမ်းအရ

လကြတ်တာကို မြင်တွေ့ရတဲ့တိုင်းပြည်ဒေသတွေမှာ သက်ရောက်မှု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုထားပြီး ဒီတခေါက် လကြတ်ဖြစ်စဉ်အရ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတဲ့ပညာရှင်များရဲ့အမြင်ကို ကောက်နုတ်တင်ပြချင်ပါတယ်။

မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့က နယကကြီး၊ နက္ခတ်ဗေဒင်ကျမ်းပြု ပညာရှင် ဆရာကြီးဒေါက်တာကံညွှန့်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ နေကြတ်လကြတ်အဟောတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

လကြတ်ဖြစ်ပွားခြင်းသည် တေဇောရာသီ၊ မိဿရာသီ၊ ဘရဏီနက္ခတ်နှင့် စန်းယှဉ်ခိုက် ဖြစ်ပွားသောကြောင့် ပြည်သူတို့ အသက်အိုးအိမ် စည်းစိမ်များ ကပ်ဘေးများ သင့်၍ ပျက်စီးဆုံးရှုံး တတ်သည်။ လက်နက်ကိုင် အဖွဲအစည်းများ၊ မီးနှင့် အသက်မွေးဝမ်းကျောင်းပြုသူများ အခက်အခဲများနှင့် ကြုံတွေ့ရတတ်မည်။

လကြတ်ခြင်း ဖြစ်ပွားသော မိဿရာသီသခင် ၃င်္ဂါဂြိုဟ်သည် မေထုန်ရာသီတွင် ရပ်တည်သဖြင့် ဆက်သွယ်ရေး လုပ်ငန်းများ၊ ကုန်လမ်းသယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းတွင် မတော်တဆ ဖြစ်ပွားမှုများ ဖြစ်ပွားလိမ့်မည်။ ပြဿနာပေါ်လိမ့်မည်။ အများပြည်သူတို့ အသက်ရှူလမ်းကြောင်းနှင့် သက်ဆိုင်သောရောဂါများ ခံစားရတတ်သည်။

လကြတ်ခြင်းဖြစ်ပွားသော နေ့သည်လည်း ၃င်္ဂါနေ့ပင် ဖြစ်သည်။ နေ့အရှင် ၃င်္ဂါဂြိုဟ်သည် လကြတ်ဇာတာ၏ မေထုန်ရာသီ ၃တန့်ဘာဝတွင် ရပ်တည်သည်။ ကန်ရာသီကို အမြင်ရှိသည်။

လကြတ်ဇာတာ မိဿလဂ်၏ ၄တန့်သခင် ၂င်္လာဂြိုဟ်သည် မိဿရာသီတွင် ၈ဟုဂြိုဟ်၏ ဖမ်းကြတ်ခြင်း ခံရသည်။ အများပြည်သူတို့ စိတ်ဆင်းရဲကြရ လိမ့်မည်။ အများပြည်သူတို့၏ စိတ်မှာ အမှောင် ဖုံးလွှမ်းခြင်း ခံရသောကြောင့် မတရားမှုများ၊ မကောင်းမှုများ၊ အကုသိုလ်ဒုစရိုက်များ ကျူးလွန် ပြုလုပ်လိုသော ဆန္ဒ ပြင်းထန်လိမ့်မည်။ အများပြည်သူတို့၏ ကျန်းမာရေး ချူခြာ၍၊ နာမကျန်း ဖြစ်ပေါ်တတ်သည်။ သဘာဝဘေးဆိုး အန္တရာယ်များလည်း ကျရောက်တတ်သည်။ ကူးစက်ရောဂါများ လည်း ဖြစ်ပွားခံစားရတတ်သည်။

မြန်မာပြည်ဇာတာအရ နေကြတ်လကြတ်နှစ်စလုံးသည် ၆တန့်၊ ၁၂တန့် ဝန်ရိုးတန်းပေါ်တွင် ဖြစ်ပွား၍ မကောင်းသော အချင်းအရာ ဖြစ်သည်။ သဘာဝဘေးဆိုးအန္တရာယ်များ၊ ရောဂါဘေးများ၊ သတ္တန္တရကပ်နှင့် ငတ်မွတ်ခေါင်းပါးသော ဘေးများ ဖြစ်ပွားလိမ့်မည်။ (၆တန့်) နှစ်ဘက် ယှဉ်ပြိုင်မှုများ အများအပြား ဖြစ်ပွားတတ်သည်။ (၁၂တန့်) အပျက်အစီး၊ အဆုံးအရှုံး၊ အလေအလွင့်များ များပြားလိမ့်မည်။  

ဆရာကြီးဒေါက်တာကံညွှန့်ရဲ့ ရေးသားချက်အရ ဒီတခါ လအပြည့်အ၀ကြတ်တဲ့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်လို့ အားလုံး ကြိုတင်သတိထားနိုင်ဖို့အတွက် ထပ်ဆင့် ဖော်ပြလိုက်ရပါတယ်။ – ဗေဒင်သုတ Admin Team

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)