မြန်မာနှစ်သစ် ၁၃၈၅ ခုနှစ်မှာ ဘယ်သူတွေ ကံကောင်းမလဲ၊ ဘာတွေ ဖြစ်လာနိုင်သလဲ

ကောဇာနှစ်သစ်သည် ချဉ်းကပ်စပြုလာပါတယ်။ ၇ နေ့ဖွားတွေရဲ့ ကံပိုင်းဆိုင်ရာတွေကလည်း သိသိသာသာ ဖြစ်စေ မသိမသာဖြစ်စေ ပြောင်းလဲဖို့ တာစူလာကြချိန်လို့ ဆိုနိုင်ပြီ ဖြစ်တယ်။

စာသံပေသံဖျောက်ပြီး .. ပြောရရင်ရှေ့လာမယ့်နှစ်မှာ ကျွန်တော် သဘောအကျမိဆုံး နေ့နံသည် ဗုဒ္ဓဟူး/ရာဟုဖွားများ နဲ့ အင်္ဂါနေ့ဖွားများပါပဲ။

ရှေ့လာမယ့်နှစ်မှာ ဖွားမြင်လာမယ့် ကလေးငယ်တွေသည် …အင်ဂျင်နီယာ ၊ ဘာသာစကား ကျွမ်းကျင်သူ၊ အိုင်တီသမား၊ သင်္ချာပညာရှင်၊ စာရင်းကိုင်ပညာရှင်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများမှာ အကျိုးပေးတတ်သော ဖွားဇာတာရှင်ကလေးငယ်တွေ ဖြစ်လာကြပါလိမ့်မယ်။

ကမ္ဘာကြီးကို တိုးတက်အောင် တည်ဆောက်နိုင်စွမ်း မြင့်မားကြမယ့် ကလေးအုပ်စုတစ်စု မွေးဖွားလာမယ့် နှစ်လို့ပဲ သာသာထိုးထိုး ချီးမွှမ်းဟောဆိုရမယ် ထင်ရဲ့။

ရှေ့လာမယ့်နှစ်မှာ သမုဒ္ဒရာနဲ့ ရေပြင်တွေသည် ထူးထူးခြားခြားဖောက်ပြန်မှုတွေ ဖြစ်လာတတ်ပါတယ်။ ( ခုနှစ် နှစ်တစ်ကြိမ် သတင်းတွေမှာ လေ့လာကြည့်သင့်ပါတယ်။ )

ဘဏ်လုပ်ငန်းတွေ အတက်အကျ ပိုမြန်လာမယ့်နှစ်လည်းဖြစ်ပါတယ်။ အခြေအနေယိမ်းယိုင်နေတဲ့ ဘဏ်လုပ်ငန်းတစ်ချို့  ပြန်လည် ဦးမော့လာနိုင်သလို…အခြေအနေမြင့်တက်နေတဲ့ ဘဏ်လုပ်ငန်းတစ်ချို့ ဦးစိုက်ကျသွားတာမျိုး အပြောင်းအလဲ ၊ အနိမ့်အမြင့်တွေ ပေါ်ပေါက်လာတတ်တဲ့ နှစ်ကာလမျိုးပါပဲ။

ကြာသာပတေးနေ့ဖွားများနဲ့ တနင်္ဂနွေနေ့ဖွား အများစုအဖို့ နေရာထိုင်ခင်း ဆိုင်ရာ ရည်မှန်းချက်များ ပြည့်ဝရတတ်ချိန်လည်း ဖြစ်တယ်။ဗုဒ္ဓဟူးနေ့ဖွား (ရာဟုမဟုတ်) အများစု အတွက်ကတော့ နေရာထိုင်ခင်း ဆိုင်ရာ မကောင်းကျိုး သို့မဟုတ် အခက်အခဲ ကြုံလွယ်လာတတ်ချိန်လို့ ဆိုရပါမယ်။

ဒီတစ်နှစ်မှာ အမည်မှာ တနင်္လာနံနဲ့ အဆုံးသတ်ထားသော မြို့ပြတစ်ချို့ မီးဘေး၊ လက်နက်ဘေး နဲ့ ငလျှင်ဘေး စသည်ဖြင့် …ဘေးအန္တရာယ်အချို့ ပိုမိုကျရောက်လွယ်လာတတ်ချိန်ဖြစ်ပါတယ်။ ကမ္ဘာ့မြို့ပြ အမည်တွေပါသလို…မြန်မာပြည်မှာကတော့ ဥပမာအားဖြင့် မိုးကောင်း၊ မိုးကုတ်၊ တောင်ကြီး စသည်ဖြင့် တနင်္လာနံအဆုံး မြို့ပြများ ပိုမိုဂရုစိုက်ကြရပါမယ်။

ပြီးတော့ နိုင်ငံအသီးသီးမှာ (အထူးသဖြင့် အမည်အဖျားစာလုံး တနင်္လာနံဖြင့် အဆုံးသတ်ထားသော တိုင်းနိုင်ငံများမှာ) ထိပ်တန်းလျှို့ဝှက်ချက်အချို့ ပေါက်ကြားမှု ဖြစ်ပေါ်လာပါမယ်။ ဥပမာအားဖြင့် အမေရိကန် လိုမျိုး အင်အားကြီးနိုင်ငံအချို့လည်း ပါပါမယ်။

ထိပ်တန်းလျှို့ဝှက်ချက်အချို့ ပေါက်ကြားခြင်း သို့မဟုတ် ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ဘဲ အမှန်အတိုင်း ၀န်ခံပေးလိုက်ရခြင်း အနေအထားတွေ ဖြစ်ပေါ်လာတတ်ချိန်ပါပဲ။ ( 2023၊ 4 လပိုင်း ကနေ 2024၊ 4လပိုင်းအတွင်း ကမ္ဘာ့သတင်းတွေမှာ လက်တွေ့လေ့လာကြည့်သင့်။)

ဆက်သွယ်ရေးပိုင်းဆိုင်ရာနဲ့ နည်းပညာတွေ တိုးမြှင့်မှု ပြုလာကြမယ့် နှစ်တစ်နှစ် ဖြစ်တယ်။ လူသားတွေမှာ ဦးနှောက်ဥာဏ်ရည် ပိုမိုဖွံ့ဖြိုးလာစေသော နှစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ တိုးတက်ပြောင်းလဲမှုတွေ အများအပြား မျှော်လင့်နိုင်တဲ့ နှစ်မျိုးပါပဲ။

အထူးသဖြင့် လူတစ်ယောက်ချင်းဆီမှာတော့ အမည်ရဲ့နောက်ဆုံးမှာ ဗုဒ္ဓဟူး/ ရာဟုနံများဖြင့် မှည့်ခေါ်ထားသူများအတွက် ဒီနှစ်သစ်သည် ကံကောင်းမှုအချို့ကို မျှော်လင့်ခွင့် ရနိုင်ချိန် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ယူဆမိတာ ကျွန်တော်ရေးခြင်းသာဖြစ်တယ်။ အားလုံးပဲ ကံကောင်းခြင်းဖြင့် ပြည့်စုံကြပါစေ။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)