မြန်မာနှစ် ၁၃၈၄ အတွက် အနှစ်ချုပ် ဗေဒင်မှတ်စု

လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် (၂၀၂၂ ဧပြီကနေ ၂၀၂၃ ဧပြီ) အတွင်း ဘယ်နေ့ဖွားတွေက ဘယ်အချက်တွေ ကောင်းပြီး ဘယ်နေ့ဖွားတွေကတော့ဖြင့် ဘယ်အချက်တွေကို သတိထားရမယ်ဆိုတာ လိုတိုရှင်းမှတ်စုနဲ့ အနှစ်ချုပ် ဖော်ပြလိုက်ပါတယ်။

ဒီနှစ် ၁၃၈၄ ခုနှစ်မှာ ငွေကြေးကံကောင်းမယ့်သူများ

  •        တနင်္လာ
  •       အင်္ဂါ

ဖော်ပြပါ နေ့ဖွား ၂ ခုဟာ ဒီနှစ်ထဲမှာ အလုပ်အကိုင်တွေ ကောင်းပြီး စီးပွား ဖြစ်လွယ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လည်ပတ်နေသူတွေမှာ ပိုပြီးတော့ အကျိုးပေးထင်ရှားပါလိမ့်မယ်။ လုပ်ငန်းစီးပွား ကံကောင်းလာနိုင်သလို ငွေကြေး လာဘ်လာဘတွေလည်း အရင်နှစ်တွေထက် တိုးပွားရရှိလာတတ်ပါတယ်။

ဒီနှစ် ၁၃၈၄ မှာ ကျန်းမာရေး ချူချာအားနည်းတတ်သူများ

  •       သောကြာ
  •       စနေ

ဖော်ပြပါ နေ့ဖွား ၂ ခုဟာ ဒီနှစ်အတွင်း ကျန်းမာရေး သာမန်ထက် နိမ့်ကျဖို့ အလားအလာ ပိုများသူတွေ ဖြစ်ပြီး အဓိကအနေနဲ့ သောကြာသားသမီးတွေဟာ ရောဂါဝေဒနာတွေ ကူးစက်လွယ်၊ ထိခိုက်လွယ်တတ်ကြပါတယ်။ ခရီးသွားရင်းလာရင်းနဲ့ ကျန်းမာရေး ညံ့သွားတတ်လို့ ကိုယ့်ကိုကိုယ် ပိုပြီး ဂရုစိုက်ရပါမယ်။

စနေနေ့ဖွားတွေက ဒီနှစ်ထဲ ကျန်းမာရေး အညံ့ ဆိုးဆိုးဝါးဝါး မဖြစ်တတ်ပေမယ့် နေရထိုင်ရ မလန်းဆန်းတာနဲ့ ရှောင်တခင် ဖျားနာတာမျိုး ဖြစ်တတ်ပါတယ်။ အဆီအစိမ့် များတာတွေ လျှော့သင့်ပြီး ခန္ဓာကိုယ်ဝဖြိုးသူတွေ ပို သတိပြုရမယ့်နှစ် ဖြစ်ပါတယ်။

ဒီနှစ် ၁၃၈၄ မှာ သတိထားရမယ့် နာမည်တွဲများ

တစ်နှစ်ကြာ ဖြတ်သန်းရတော့မယ့် ၁၃၈၄ ခုနှစ်ထဲမှာ …

(၁) တနင်္ဂနွေ + တနင်္လာ နာမည်တွဲတွေ (ဥပမာ အောင်ကျော်၊ အေးခိုင် ၊ ကျော်ဦး ၊ ခန့်အောင်)

(၂) ကြာသပတေး + ကြာသပတေး နာမည်တွဲတွေ (ဥပမာ – ပိုင်စေမင်း ၊ ဖြိုးဟန်မြင့် ၊ မိုးမင်းမောင်)

ဘယ်နေ့ဖွား၊ ဘယ်နေ့သားသမီးမဆို နာမည်ကို အထက်ပါအတိုင်း မှည့်ခေါ်ထားမယ်ဆိုရင် ဒီတစ်နှစ်အတွင်း ကံဇာတာ အနိမ့်အမြင့် ၊ အတက်အကျတွေ မြန်ဆန်လာနိုင်ပြီး အကြံပျက်၊ အလုပ်ပျက်တာ၊ စိတ်ညစ်စရာတွေ မျိုးစုံနဲ့ ရင်ဆိုင်ရတာမျိုး ကြုံတွေ့ရတတ်ပါတယ်။

ဒါကြောင့် ဒီနှစ်ထဲမှာ ကိုယ်လုပ်နေကျ ဘာသာရေးကျင့်ကြံမှုတွေကို ခါတိုင်းထက် ပိုပြီး အားထုတ်သင့်ပါတယ်။ ကုသိုလ်ရေးဘက်ကို ပိုပြီး အချိန်ပေးမယ်၊ အစစအရာရာ သတိတရားနဲ့ ယှဉ်ပြီး ချင့်ချိန်တတ်မယ် ဆိုရင်တော့ ကံဇာတာ အားနည်းချက်ကို ပြန်ကုစားနိုင်မှာ ဖြစ်ပါတယ်။

နေ့ဖွားအားလုံး ဘေးကင်းချမ်းသာ ရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)