မြန်မာနှစ် ၁၃၈၄ အတွက် နေ့နံအလိုက် ငွေကြေးစီးပွားကံဇာတာ

မြန်မာနှစ် ၁၃၈၄ ခုနှစ် (အင်္ဂလိပ်လို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ကနေ ၂၀၂၃ ဧပြီ ၁၆) အတွင်း နေ့နံဖွားအားလုံးရဲ့ အလုပ်အကိုင်၊ စီးပွားရေးနဲ့ငွေကြေးကံဇာတာကို ခန့်မှန်းတွက်ဆ ဖော်ပြလိုက်ပါတယ်။ တစ်ဦးချင်းဇာတာနဲ့ သီးသန့်တွက်စစ်တာ မဟုတ်တဲ့ ယေဘုယျအဟောတွေ ဖြစ်တယ်ဆိုတာကိုတော့ သတိပြုပါခင်ဗျား..

တနင်္ဂနွေနေ့ဖွား

ဒီနှစ်မှာ တနင်္ဂနွေသားသမီးတွေ ငွေကြေးကံဇာတာ ပုံမှန်ပဲ ရှိပါလိမ့်မယ်။ ငွေကြေးရရာရကြောင်းကိစ္စတွေမှာ စိတ်ရောလူပါ ပင်ပန်းမှု ပိုများလာနိုင်ပါတယ်။ သူတပါး ငွေကြေးကိစ္စ ကြားဝင်တာ၊ အာမခံတာတွေ ရှောင်ပါ။ အလုပ်အကိုင်ရေးမှာ စိတ်ပူပန်စရာတွေ ဖြစ်တတ်သလို အလုပ်နဲ့ လက် မပြတ်အောင်လည်း များလာပါမယ်။

တနင်္လာနေ့ဖွား

ဒီနှစ်မှာ တနင်္လာသားသမီးတွေက ငွေကြေးလာဘ်လာဘတွေ ပွင့်လန်းလာနိုင်ပါတယ်။ အကျိုးတူစပ်တူကိစ္စနဲ့ အဆင်ပြေ ကြီးပွားတတ်ပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ငြိစွန်းနိုင်တာတွေ၊ ဥပဒေနဲ့ မလွတ်ကင်းတာတွေ လုံးဝ ရှောင်ရပါမယ်။ စွန့်စားရတဲ့အလုပ်တွေမှာ အောင်မြင်နိုင်ပြီး အလုပ်အကိုင်အနေအထား တိုးတက်ဖို့ ရှိပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါနေ့ဖွား

အင်္ဂါသားသမီးတွေကတော့ ဒီနှစ်မှာ ငွေဝင်ကိန်း ရှိနေပြီး အရင်နှစ်ကထက် စုမိဆောင်းမိ ဖြစ်လာတတ်ပါတယ်။ အလုပ်နေရာဌာန မတည်ငြိမ်တာ၊ ပြောင်းရရွှေ့ရတာတွေလည်း ဖြစ်တတ်ပြီး အလုပ်သစ်၊ နေရာသစ်တွေဆီကို ပြောင်းရတတ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေ ရှိရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဗုဒဟူးနေ့ဖွား

ဒီနှစ်မှာ ဗုဒဟူးသားသမီးတွေရဲ့ငွေကြေးကံ မတည်မငြိမ် ဖြစ်တတ်ပါတယ်။ အခုပဲ ငွေတွေ ဝေါခနဲ ဝင်လာပြီးမှ တော်ကြာနေ ဘယ်ရောက်ကုန်မှန်းမသိ ဖြစ်တတ်ပါတယ်။ ဝင်လာသမျှ ငွေကြေးဓနကို ထိန်းသိမ်းရ ခက်နိုင်ပြီး လူလိမ်တွေကိုလည်း သတိထားရပါမယ်။ အလုပ်အကိုင် စီးပွားရေးမှာ စပ်တူရှယ်ယာတွေ လုပ်ရတတ်ပါတယ်။

ရာဟုဖွား

ရာဟုဖွားတွေကတော့ ဒီနှစ်မှာ ငွေကြေး ခံစားခွင့်၊ ရပိုင်ခွင့်တွေအတွက် အတော်လေး ပြောဆိုယူရပါလိမ့်မယ်။ ငွေကြေးကိစ္စတိုင်းမှာ အနှောင့်အယှက်၊ အခက်အခဲ မကင်းတတ်ဘဲ အတိုက်အခံ လုပ်နိုင်မှ အဆင်ပြေပါမယ်။ အလုပ်အကိုင်၊စီးပွားဘက်မှာလည်း ပြဿနာဟောင်းတွေ ရှင်းရတာ၊လက်စမသတ်နိုင်တာတွေ များနေပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသပတေးနေ့ဖွား

ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနှစ်မှာ ငွေကြေးကံဇာတာ မရေမရာ ဖြစ်တတ်ပါတယ်။ ရစရာပေးစရာနဲ့ ငွေအလွှဲအပြောင်းတွေမှာ တခါတည်း မပြီးပြတ်ဘဲ အကြိမ်ကြိမ် ပြောဆိုဆောင်ရွက်ရပါလိမ့်မယ်။ အလုပ်ကိစ္စ စီးပွားရေးပိုင်းတွေမှာလည်း ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ ဖြစ်နေပါမယ်။ ရွေးရခက်တဲ့နှစ် ဖြစ်ပါတယ်။

သောကြာနေ့ဖွား

ဒီနှစ်မှာ သောကြာသားသမီးတွေက စုတ်ရောလာဘ်ပါ ဝင်ကိန်း ရှိနေပါတယ်။ ကိုယ်က ငွေကြေးစီးပွားဘက်ကို အာရုံစိုက်ရင် စုတ် (နှလုံးသားရေး) ကိစ္စတွေကို ဘေးခေါက်ထားရပါမယ်။ ဒါပေမယ့် ဒီနှစ်မှာ စိတ်တွေကလည်း ထွေပြားတတ်တာကြောင့် အလုပ်ရော ငွေကြေးကိစ္စမှာပါ ထိရောက်အောင်မြင်သင့်သလောက် မရှိတတ်ပါဘူး။

စနေနေ့ဖွား

စနေသားသမီးတွေကတော့ ဒီနှစ်မှာ ငွေကြေးကံ အားနည်းပြီး ရလိုက်ကုန်လိုက်နဲ့ လုံးလည်ချာလည် ဖြစ်နေဖို့ များပါတယ်။ အလုပ်သဘောအနေနဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေတိုထက် ရေရှည်က ပိုကောင်းပါမယ်။ ဒီနှစ်ထဲ အလုပ်တိုင်းမှာ အခက်အခဲ မကင်းဘဲ သည်းခံရ စောင့်ဆိုင်းရတာတွေ များပါမယ်။ နိုင်ငံခြားကံ ရှိနေပါတယ်။

ငွကြေးစီးပွားကံတွေ တိုးတက်ပွင့်လန်းနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)