(၀) ကြွင်းဖွားတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၀ ကြွင်းရင် ဒီအဟောတွေကို ဖတ်ကြည့်နိုင်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူတွေကိုလည်း လေ့လာကြည့်နိုင်ပါတယ်။ (၀) ကြွင်းဖွားတွေဟာ ဘဝမှာ လျှို့ဝှက်စွာ လက်ထပ်ထိမ်းမြားရခြင်း၊ အတည်တကျ မဟုတ်သော လက်ထပ် ထိမ်းမြားရခြင်းမျိုး၊ တိုးတိုးတိတ်တိတ် လက်ထပ်ပေါင်းသင်းရန် ကမ်းလှမ်းခံရခြင်းမျိုး ကြုံလွယ်တတ်ပါတယ်။

ဒီကံဟာ ဒီအကြွင်းဖွားတွေအပေါ်မှာ( တစ်ဦးနဲ့တစ်ဦး အတိုင်းအတာ မတူညီကြပေမယ့် ) ရှိနေတာတော့ အမှန်ပါပဲ။  အခါအားလျော်စွာ လက်ထပ်ထိမ်းမြားရေးအတွက် မရေရာ မသေချာခြင်း၊ စိတ်ဒွိဟဖြစ်ရခြင်းများကိုလည်း လွယ်ကူစွာ ဖြစ်တည်လာစေတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ချစ်မှုရေးရာ ကဏ္ဍပိုင်းမှာတော့ ဒီအကြွင်းဖွားတွေဟာ ရည်ရွယ်ထားတာနဲ့ တက်တက်စင်အောင် လွဲရခြင်းတွေ  ၊ ပြင်းပြင်းပြပြ အလေးအနက်ထားခဲ့ပြီးမှ ဖြစ်မလာတာတွေ ကြုံရတတ်သလို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေ ရုတ်တရက် ပေါ်ပေါက်လာတဲ့ ချစ်မှုရေးရာကဏ္ဍမျိုးတွေကို လည်း ဖြတ်သန်းရတတ်ပါတယ်။

(၀) ကြွင်းဖွား တစ်ယောက်ယောက်က အခြားတစ်ယောက်ယောက်ကို အလေးအနက် အသည်းအသန် ကြိုက်ပြီဟေ့ ဆိုရင် သတိထားစရာပါပဲ။ အကြောင်းကတော့ လေးနက်လွန်းရင် လွဲတတ်တဲ့ကံ သူတို့မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး ကဏ္ဍမှာတော့ သူတို့ရဲ့ ဘဝကြင်ဖော်တွေက သူတို့ကို နမော်နမဲ့နိုင်တယ်။ အချိန်ဖြုန်းတယ်။ အချိန်သုံးချင်တဲ့နေရာမှာ အချိန်အကြာကြီး သုံးပြီး မိသားစုကို လျစ်လျူရှုတယ် စသည်ဖြင့် လက်ညှိးထိုးစရာ မကြာမကြာ ဖြစ်ကြရစမြဲပါပဲ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ခက်တာက (၀) ကြွင်းဖွား ဇာတာရှင်တွေ ကိုယ်တိုင်ကလည်း ဂရုစိုက်ချင် အလွန်အကျွံ စိုက်မိပြီး မစိုက်ချင်ရင်လည်း မေ့ကရော ဆိုတာမျိုး ဖြစ်တတ်ကြသူတွေပါ။ အဲဒီ့လိုပါပဲ စိတ်ဝင်စားရာ နယ်ပယ်တစ်ခုခုမှာ အချိန်အလွန်အကျူး သုံးစွဲတတ်ကြသူများ ဖြစ်တာမို့ ဘဝကြင်ဖော်တွေက ယင်းအချက်နဲ့ အကြောင်းပြုပြီး အမြင်မကြည် ဖြစ်လာတတ်ကြပါတယ်။

(၀) ကြွင်းဖွားတွေကို သူတို့ရဲ့ ဘဝကြင်ဖော်တွေက အမြဲပြောတတ်တဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ ( မင်းလုပ်လိုက်မှဖြင့် …ဒီလိုချည်းပဲ …လက်လွန်ခြေလွန်) (ရှင်ကတော့ ….လုပ်လိုက်ရင် အလွန်အကျူးတွေချည်းပဲ..)

ရယ်စရာပြောရရင်တော့…(၀) ကြွင်းဖွား အမျိုးသမီးတစ်ယောက်ကို အိမ်ထောင်ဖက်မိတဲ့ ယောကျာ်းတစ်ယောက်အဖို့ ဆားငန်သွားတဲ့ ဟင်းပွဲအချို့နဲ့ မီးပူ ကျွမ်းသွားတဲ့ အဝတ်အစားအချို့ကို သည်းခံနိုင်ဖို့ လိုပြီး  (၀) ကြွင်းဖွား အမျိုးသား တစ်ယောက်ကို အိမ်ထောင်ဖက် မိတဲ့ မိန်းကလေး တစ်ယောက်အဖို့ တော့ အချိန်လွန် ပြန်လာတတ်ခြင်း နဲ့ မိန်းမကို နဘေးထားပြီး ကိုယ်ထင်ရာ ကိုယ်အာရုံ စူးစိုက်နေတတ်ခြင်းမျိုးလေးတွေကို သည်းခံဖို့သာ ပြင်ပေတော့ဗျာတို့။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သင်ကိုယ်တိုင် (၀) ကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်…ခန္ဓသုတ်တော်ကြီးကို နေ့စဉ်ရွတ်ပါ။ သတိကို အားကောင်းအောင် အမြဲ ကြိုးစားပါ။ သင့်ချစ်သူက  (၀) ကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် …အချစ်စမ်းတာကို ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ အချိန် လွဲချော်တာ ၊ ချိန်းထားပြီး လွဲလွဲနေတတ်တာတွေကို သည်းခံနိုင်ဖို့  ပြင်ဆင်ထားပါ။ အရမ်း ဂရုစိုက်လွန်းတာနဲ့ လုံးဝ ဂရုမစိုက်တာ နှစ်မျိုးစလုံးကို လက်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ သင့် အိမ်ထောင်ဖက်က (၀) ကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင်…

အမျိုးသားအတွက် (၀) ကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင် – ဆားငန်သွားတောင် နည်းနည်းလေး လေးသဟဲ့ အတော်ပဲ ပေါ့တော့တော့ စားနေရတာကြာပြီ တစ်ခါတစ်လေ အဲလိုလေး လေးနေမှလို့ ပြောပါ။ အဝတ် မီးပူကျွမ်းသွားရင်တောင် အဆိုးထဲကအကောင်းပေါ့၊ အဲဒီ့အဝတ်ကို သိပ်မကြိုက်လို့ မဝတ်ချင်ဘူး ဖြစ်နေတာ ခုမှနားအေးသွားတော့တယ်လို့ ပြောပါ။  အဲဒါ မယားချစ်ဆေး ဖြစ်ပါလိမ့်မယ်။ ဒီလိုဇနီးမယားမျိုးလေးကို ပိုင်ထားပြီးရင်တော့ အချစ်စမ်းတာကိုလဲ ခံနိုင်အောင် ကြိုးစားပါ။ ဟိုနေ့က ကျွန်မနဲ့ ပါလာတဲ့ မိန်းကလေးကို ဘယ်လိုသဘောရလဲ။ ချောတယ်နော် လို့ ပြောရင် ယောင်ပြီး ခေါင်းမညိမ့်မိပါစေနဲ့။  (နာသွားမယ်..ဟင်းးးးး….အဲဒါ ကိုယ့်ဆရာရဲ့ အတွင်းသဘောကို အကဲစမ်းနေတာ)

အမျိုးသမီးအတွက်  (၀) ကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် – စိတ်ဝင်စားရာကို  အာရုံရောက်နေပြီး ကိုယ့်ကိုယ် ရှိမှန်းတောင် သတိမရတော့တဲ့ ယောကျာ်းကို နဘေးနားက ယပ်ကလေးခပ်ပြီး ပုခုံးပါးအပ် ပါရမီဖြည့်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။  လာကြိုဦးလို့ ချိန်းထားပြီးရင် ခပ်ကြာကြာ စောင့်နိုင်အောင် ကြိုပြင်ထားပါ။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ပြန်လာနိုင်ဖို့လည်း အစီအစဉ် ကြိုဆွဲထားပါ။ တစ်ခါတစ်ခါ ပြင်းပြင်းထန်ထန် နှိုးဆော်လာ ၊ တစ်ခုခုကို တိုက်တွန်းလာခဲ့ရင်လည်း ကိုယ့်ဘက်က နိုးနိုးကြားကြားနဲ့ သဘောတူပေးနိုင်သမျှ သဘောတူပေးလိုက်ပါ။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)