၁၂ ရာသီဖွားတို့၏ အားနည်းချက်များ

အနောက်တိုင်းနက္ခတ်ဗေဒင်ကနေ စီးဆင်းလာတဲ့ ၁၂ ရာသီဖွားဗေဒင်ဟောကိန်း အတော်များများမှာ ရာသီဖွား အလိုက် ကောင်းကွက်တွေ၊ အားသာချက်တွေကိုပဲ အလေးထား ဖော်ပြလေ့ ရှိကြပါတယ်။ ဒီနေရာမှာတော့ ဗေဒင်သုတပရိတ်သတ်တွေအတွက် ၁၂ ရာသီဖွားတွေရဲ့ အားနည်းချက်တွေကို လိုတိုရှင်း ဖော်ပြချင်ပါတယ်။

ဘာ့ကြောင့် အားနည်းချက်တွေကိုပဲ သီးသန့်ထုတ်နုတ်ပြရသလဲဆိုရင် ကိုယ့်အားနည်းချက်ကို ကြိုသိထားပါမှ ပြန်လည် ဆင်ခြင်ပြုပြင်နိုင်မှာ ဖြစ်ပြီး အားနည်းချက်ကနေ အားသာချက် ဖြစ်အောင် ထိန်းကျောင်းနိုင်မှာပါ။ ကဲ.. ၁၂ ရာသီဖွားအလိုက် အားနည်းချက်တွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်ဗျားး.။

 

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) -အင်္ဂါပိုင် စစ်သူကြီးရာသီခွင်မို့ စိတ်ရှည်သည်းခံနိုင်စွမ်း နည်းပါတယ်။ ထစ်ခနဲဆို လက်ပါ ချင်သူတွေ၊ မဟုတ်မခံ တုံ့ပြန်ချင်သူတွေ ဖြစ်ပြီး မစဉ်းစားဘဲ တဇွတ်တိုး လုပ်ချင်တာမို့ ဒီအချက်တွေကို သတိပြုရပါလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – နွားပုံစံကြယ်စုရုပ်နဲ့ ရာသီခွင် ဖြစ်ပါတယ်။          ကိုယ့်ဖာသာ အေးအေး နေတတ်ပေမယ့် ဒေါသထွက်လာတဲ့အခါကျ နွားသိုးကြိုးပြတ်လို ဝုန်းဒိုင်းကြမ်းတတ်ပါတယ်။ အောက်ကျို့တောင်းပန်ရမှာလည်း ဝန်လေးတတ်သူပါပဲ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)- ကျား/မ နှစ်ကိုယ်တွဲ ကြယ်စုရုပ်နဲ့ ဒီရာသီဖွားတွေဟာ လည်လွန်းတဲ့ဘီ ချေးသင့်သလို ဖြစ်တတ်ပါတယ်။ ဘယ် ကိစ္စမဆို အဆိုးဘက် ပိုမြင်တတ်ပြီး သူတပါးကို ဝေဖန် အပြစ်ရှာလွယ်သလောက် ကိုယ့်ကို အဝေဖန်မခံပါဘူး။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – လမင်းစိုးမိုးတဲ့ ဂဏန်းသွားရာသီဖွားတွေ ဖြစ်လို့ ခံစားချက်ကို ဦးထိပ်ပန်ဆင်ကြပါတယ်။ စိတ်ထဲ နင့်ခနဲ ဖြစ်ရင် ဘာကိုမှ မမြင်နိုင်အောင် မှားယွင်းတတ်ကြပါတယ်။ လမ်းမှားရောက်ရင်တောင် ပြန်မလှည့်တတ်ကြသူတွေပါပဲ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – တနင်္ဂနွေစိုးမိုးတဲ့ ခြင်္သေ့ရုပ်ရာသီမို့ ငါမှငါ .. ငါကွ ဆိုတာတွေ၊ အတ္တကြီး ခေါင်းမာပြီးတော့ တကိုယ်ကောင်း ဆန်တာတွေ များတတ်ပါတယ်။ လွယ်လွယ်နဲ့ နောက်မဆုတ်ဘဲ တဇွတ်ထိုး လုပ်ချင်သူ၊ မာနကြီးသူတွေပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – အပျိုစင်ရာသီခွင်သမားတွေ ဖြစ်ပြီး ဥာဏ်ရွှင်သူတွေ ဆိုပေမယ့် စိတ်က ဂဏှာမငြိမ်ဘဲ အပြောင်းအလဲက သိပ် မြန်တတ်ပါတယ်။ တခါတလေ ခေါင်းမာ၊ အတတ်ကျူးလွန်းလို့ ကြီးကဲသူတွေက ဆိုဆုံးမရခက်သူ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – ချိန်ခွင်ကြယ်စုရုပ် ရာသီဖွားတွေရဲ့ အဓိကပြဿနာက ကိုယ့်ကိုကိုယ်ရော သူများတွေကိုပါ ယုံကြည်မှုတွေ သိပ် လွန်ကဲတတ်တာပါပဲ။ မကြာခဏ မာနကြီးတယူသန် ဆန်ပြီး ဘာမှ မဆုံးဖြတ်နိုင်အောင် ဒွိဟများတတ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) -ရာသီအားလုံးထဲမှာ အကြမ်းတမ်းဆုံး သတ်မှတ်တဲ့ ဒီရာသီဖွားတွေဟာ ဖာသိဖာသာ နေတတ်လွန်းတာ၊ သိပ် လျှို့ဝှက်လွန်းတာ သတိပြုရပါမယ်။ တခါတလေ ခံစားချက် ပြင်းထန်ပြီး ကလေးဆန်ဆန် လုပ်တတ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) -မြားကိုင်ရာသီရုပ်သမားတွေဟာ ပေါ်တင်သမားတွေ ဖြစ်လို့ ဒဲ့ပြောဒဲ့လုပ်တာတွေက သူများတွေနဲ့ ဆက်ဆံရင် ပြဿနာ ဖြစ်လွယ်တတ်ပါတယ်။ ဖြစ်သလိုနေပြီး လုပ်ချင်တာ ထလုပ်တတ်သူမို့ လူမုန်းများတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – စနေဂြိုဟ် အလွှမ်းမိုးခံရာသီဖွား ဖြစ်ပါတယ်။ သူတပါးအပေါ် လွှမ်းမိုးချင်စိတ် များတာ၊ ခြယ်လှယ်ချင်တာတွေ သတိထားပါ။ သံသယနဲ့ ကြည့်တတ်ပေမယ့် အလိမ်ခံရပြီဆို ထိပ်ဆုံးကပါ။ နားယောင်လွယ်တာကို သတိပြုပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – စနေ၊ ယူရေးနပ်စ် လွှမ်းမိုးခံရာသီမို့ ကန့်လန့်တိုက်၊ ဂွကျတဲ့ စိတ်ထားမျိုးကို သတိပြုရပါမယ်။ ကိုယ့်ထင်သလိုပဲ လျှောက် လုပ်တတ်လို့ အများနဲ့ တခြားစီ ဖြစ်တတ်ပါတယ်။ နေရာတကာ လူတတ်ကြီးလို ဝင်ပါတာမျိုး ရှောင်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – နောက်ဆုံးပိတ်ရာသီခွင် ဖြစ်ပါတယ်။ နေရာတကာမှာ အေးရာအေးကြောင်း လုပ်နေပြီး နှေးကွေးလေးကန်တာ သဘာဝပါပဲ။ အတိတ်တွေထဲမှာပဲ တဝဲလည်လည် ဖြစ်နေတတ်ပါတယ်။ အဆိုးချည်း မြင်တာကို သတိပြုပါ။

၁၂ ရာသီဖွားအားလုံး သက်ဆိုင်ရာအားနည်းချက်တွေကို မြင်နိုင် ပြင်နိုင်ကြပါစေ… ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)