၁၂ ရာသီဖွားများအတွက် ၂၀၁၈၊ နိုဝင်ဘာလ ဟောစာတမ်း

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

ငွေရေးကြေးရေးနဲ့ ကျန်းမာရေးက ဒီလအတွက် အထူး ဂရုစိုက်ရမယ့် အကြောင်းအရာတွေပါပဲ။ အပေးအယူ မှားတာ၊ ကြားကနေ စိုက်ရှင်းရတာ၊ ငွေရင်းထည့်ဝင်မှု မှားယွင်းတာ၊ မလိုအပ်ဘဲ အကုန်အကျတွေ များတာ ဖြစ်တတ်ပါတယ်။ ကောင်းတာကတော့ လူကြီးသူမ ဆရာသမားများရဲ့ ကူညီစောင့်ရှောက်မှုတွေကို ရရှိပြီး ပညာရေးလိုက်စားနေသူတွေအဖို့ အဆင့်မြင့်ပညာတန်းတွေ လေ့လာသင်ယူခွင့် ရရှိလာနိုင်တာပါပဲ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

နိုဝင်ဘာလလယ်လောက်အထိ အိမ်ထောင်ရေး၊ လူမှုရေးကိစ္စနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ အဆင်မပြေ နားလည်မှု လွဲတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီနောက် ကျော်လွန်ရင်တော့ အားလုံး ကောင်းလာပါလိမ့်မယ်။ ပြိဿရာသီဖွားတွေ မှတ်သားဖို့က နိုဝင်ဘာ ၈ ရက်က စလို့ တစ်နှစ်တာအတွင်း ထီပေါက်၊ ငွေဝင်ကိန်း ကြီးကြီးမားမား ရှိနေတယ် ဆိုတာပါပဲ။ ဒါပေမယ့် နိုဝင်ဘာလအတွင်းမှာတော့ ငွေကြေး သတိထားရပါမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အလုပ်အကိုင်နဲ့ စီးပွားရေးကဏ္ဍမှာ အညံ့တွေ ရှိလာနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ စိတ်ချမ်းသာစရာတွေပဲ ဖြစ်ပေါ်လာနိုင်သလို အတိုက်အခံ လုပ်တာ၊ ငြင်းခုန် ဖြေရှင်းရတာတွေလည်း ဖြစ်ပျက်လာတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်လို့ မပေါ့ဆဖို့ သတိပေးလိုပါတယ်။ နိုဝင်ဘာလလယ်နောက်ပိုင်းကာလတွေမှာ အရာရာ တွေဝေသံသယတွေ များပြီး ဆုံးဖြတ်ချက် မပြတ်သားလို့ ရသင့်ရထိုက်တာတွေနဲ့ လွဲချော်တတ်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

နေရာသစ်မှာ လူသစ်တွေနဲ့ တွေ့ဆုံပြီး အရာရာ အသစ်က ပြန်စသလို ခံစားရတော့မှာပါ။ ဥခွံဟောင်းထဲကနေ ဖောက်ထွက်ပြီး လောကသစ်နဲ့ ရင်ဆိုင်လိုက်သလိုပါပဲ။ အများကြားမှာ ထင်ပေါ်လာပြီး လုပ်နိုင်ကိုင်နိုင်စွမ်းပါ တိုးတက်လာဖို့ ရှိပါတယ်။ ပွဲလမ်းတွေ အစုအဖွဲတွေနဲ့ မလွဲမသွေ ပတ်သက်ရတတ်ပါတယ်။ လုပ်ငန်းသစ်တွေ တိုးချဲ့ဖို့လည်း အကြောင်းဖန်လာနိုင်ပါတယ်။ ငွေကြေးကိစ္စတွေမှာတော့ အရှုပ်အရှင်းတွေ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်ပါသည်)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

နိုဝင်ဘာလလယ်အထိ လုပ်ငန်းကိုင်ငန်း အဆင်မပြေတာ၊ တေ့လွဲ လွဲချော်တာတွေ ရှိနိုင်ပေမယ့် အဲဒီနောက် လကုန်အထိမှာ အခြေအနေအရပ်ရပ်က တိုးတက်လာဖို့ ရှိပါတယ်။ သတိထားရမှာက ငွေကြေး အပေးအယူနဲ့ အလွှဲအပြောင်းတွေမှာ ကတိတည်ဖို့၊ ပြတ်သားတတ်ဖို့ပါပဲ။ ဝင်ငွေ တိုးပြီး အမြတ်အစွန်း ကောင်းတဲ့ လုပ်ငန်း အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်။ ကိုယ့်ဘက်က မျက်စိဖွင့် နားစွင့်ပြီး အဆင်သင့် ပြင်ထားလိုက်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

(ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်ပါသည်) တစ်နှစ်ပတ်လုံး ကြိုးစားရုန်းကန်ခဲ့တဲ့ အသီးအပွင့်တွေကို ထိုက်ထိုက်တန်တန် ခံစားခွင့် ကြုံလာတော့မှာပါ။ အရင်းအနှီးများများနဲ့ ကြိုးစားခဲ့လေလေ အောင်မြင်မှုက ကြီးမားလေပါပဲ။ ရှေ့လျှောက်ပြီးတော့ ဒီထက်မကတဲ့ အောင်မြင်ကြီးပွားကိန်းတွေ ရှိနေပါသေးတယ်။ ဒီလထဲမှာ ၁၇ ရက် နောက်ပိုင်းက စလို့ နားလည်မှု လွဲမှားတာ၊ စကားကတိတွေ ဖျက်မိတာ၊ စာချုပ်ကိစ္စ မှားယွင်းတာ၊ သတင်းမှား လွှင့်ခံရတာတွေတော့ ဖြစ်တတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

နိုဝင်ဘာလလယ်အထိမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရှုပ်ထွေးတာ၊ အချစ်ရေး အိမ်ထောင်ရေး ပြဿနာတွေ ဖြစ်ပွားလွယ်တာမျိုး ကြုံရတတ်ပါတယ်။ ဒါပေမယ့် စီးပွားဘက်မှာတော့ ကံကောင်းမှု ရှိနေပြီး ကြိုးစားမှုနဲ့အတူ အောင်မြင်မှုကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် မိုးတွင်းကာလက ကြိုးစားခဲ့တဲ့ လုပ်ငန်းတွေကနေ ခံစားရယူခွင့်တွေ ပြန်ရတာမျိုးလည်း ဖြစ်ပါတယ်။ ကျန်းမာရေးတော့ တစ်ချက် သတိထားရမယ့်လ ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

ဒီလက စလို့ နောက် တစ်နှစ်တာအတွင်း ငွေကြေးစီးပွားနဲ့ ပတ်သက်လို့ရော မိသားစုအရေးမှရော ကံကောင်း လာဘ်ပွင့်၊ ချမ်းသာမှုတွေ ကြုံလာဖို့ ရှိနေပါတယ်။ ဒီလထဲမှာလည်း လုပ်ငန်းအရေး၊ ငွေရေးကြေးရေးတွေမှာ အတော်သင့် အောင်မြင်အဆင်ပြေမှုတွေ မြင်တွေ့ရတတ်ပါတယ်။ ဒါပေမယ့် အပျော်အပါးနဲ့ လောင်းကစားလို ကိစ္စတွေမှာ သတိထား ရှောင်ရပါမယ်။ ရသင့်ရထိုက်တဲ့ ငွေကြေးကိစ္စတွေကြောင့် အာရုံနောက်ရတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်ပါသည်)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

စီးပွားရေးမှာ ထစ်ငေါ့နေတာတွေ၊ မပြေမလည် ဖြစ်နေတာတွေ အားလုံး လွင့်ပြယ်ပြီး အကောင်းဘက် ဦးတည် ရွေ့လျားလာပါတော့မယ်။ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာတွေကိုလည်း တစ်စထက်တစ်စ အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ လူမှုရေးမှာ တက်ကြွလွန်းသူတစ်ဦး ဖြစ်လာနိုင်ပြီး အများနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပိုပြီး ခပ်စိတ်စိတ် ဖြစ်လာနိုင်ပါတယ်။ အိမ်ခြံမြေနဲ့ ယာဉ်ကားကိစ္စတွေမှာတော့ သတိထား လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

(ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်ပါသည်) အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဖို့ များတဲ့ လတစ်လ ဖြစ်ပါတယ်။ လုပ်ငန်းပိုင်းမှာက စီမံကိန်းအသစ် စတင်တာ၊ စပ်တူအကျိုးတူ လုပ်ငန်းမျိုး စလုပ်တာတွေ ဖြစ်လာနိုင်ပြီး အောင်မြင်မှုလည်း ရရှိဖို့ အလားအလာ ကောင်းပါတယ်။ စွန့်စားမှု များတဲ့ အလုပ်တွေကလည်း အကျိုးပေးနိုင်ပါတယ်။ စီးပွားရေးကိစ္စမှာ အားမရသလို ခံစားရတတ်ပေမယ့် ရလဒ်က ကောင်းမွန်နေပါလိမ့်မယ်။ ခရီးတိုတွေ အသွားအလာ ဆင်ခြင်ပါ။

 

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ အထူး သတိထား ဆောင်ရွက်ရမယ့်လ ဖြစ်ပါတယ်။ အကုန်အကျတွေ များပြီး ငွေအဝင်ထက် အထွက်က ပိုများနေတတ်လို့ စုဆောင်းမှုတွေလည်း လျော့ပါးသွားတတ်ပါတယ်။ အလုပ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ လိုရင်းမရောက်ဘဲ ကြန့်ကြာတာ၊ သူများထက် နောက်ကျတာ၊ တာဝန်ပိုတွေ ထမ်းရတာ စတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ်။ ဒါပေမယ့် ဝင်ငွေရလမ်း ဖြောင့်ပြီး ကြားပေါက် ရှိနေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်ပါသည်)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

နိုဝင်ဘာလဟာ မိန်ရာသီဖွားတွေအဖို့ နိဒါန်းကောင်းကို အစပျိုးတဲ့ လတစ်လ ဖြစ်ပါတယ်။ နောင်တစ်နှစ်တာမှာ အလုပ်အကိုင် အောင်မြင် ကြီးပွားခြင်း၊ အထက်တန်း ရောက်ရှိခြင်း၊ ဘဝအဆင့်အတန်း မြင့်မားလာခြင်းတွေနဲ့ ကြုံတွေ့ရဖို့ ရှိပါတယ်။ ဒီလထဲမှာလည်း စီးပွားရေး အခွင့်အလမ်းသစ် ပေါ်လာတာ၊ အသစ်တွေ တိုးချဲ့ရတာနဲ့ အင်တိုက်အားတိုက် လုပ်စရာတွေ ရှိလာပါလိမ့်မယ်။ မတွေဝေဖို့နဲ့ လက်မြန်ခြေမြန်ရှိဖို့ တိုက်တွန်းလိုပါတယ်။

ဗေဒင်သုတပရိတ်သတ်များ အဆင်ပြေပါစေ ရည်ရွယ်လျက်..

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)