၁၂ ရာသီဖွားဟောစာတမ်း (၁၂.၈.၂၀၁၉ မှ ၁၈.၈.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

ဒီအပတ် အလုပ်အကိုင်ကတော့ ကောင်းလိုက်၊ မကောင်းလိုက် ဖြစ်တတ်ပြီး ငွေကြေးကိစ္စတွေကလည်း ဝင်တာထက် ကုန်တာများ ဖြစ်နေတတ်ပါတယ်။ အလုပ်မှာ မကျေလည်စရာတွေ၊ စိတ်ညစ်စရာတွေလည်း ပေါ်ပေါက်တတ်တယ်။ အချစ်ရေးမှာလည်း အရေးကြီးတဲ့အခါ ရောက်နေလို့ သတိထားဖို့ ဆိုပါရစေ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

သင်တန်းနဲ့ ခရီးကိစ္စတွေ ပြီးမြောက် အောင်မြင်ဖို့ ရှိပါတယ်။ အလုပ်ကိစ္စတွေလည်း အဆင်ပြေ အောင်မြင် တိုးတက်ပါလိမ့်မယ်။ ငွေရေးကြေးရေးကလည်း အေးဆေးလေး ဖြစ်နေပါမယ်။ လူမှုရေးက သတိပြုရပါမယ်။ နှလုံးသားရေးရာမှာက ပုံမှန်ပဲ ဆိုပေမယ့် နားလည်မှု တည်ဆောက်ရင်တော့ ပိုကောင်းမယ်လို့ ဆိုချင်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

ဒီအပတ်က အစစအရာရာမှာ ကိုယ်ကချည်း ပင်ပန်းရမယ့် အချိန်ပါပဲ။ တာဝန်ယူစရာတွေ များနေသလိုပဲ အလုပ်တွေ ပုံနေလို့ စိတ်ဖိစီး ပင်ပန်းမှု များတတ်ပါတယ်။ ဒါပေမယ့် အလုပ်က အဆင်ပြေနေပါလိမ့်မယ်။ ငွေကုန်ကြေးကျ များဖို့တော့ ရှိနေပါတယ်။ အချစ်ရေးမှာ စိတ်ရှည်သည်းခံ နားလည်ပေးမှုတွေ လိုပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်ရော စီးပွားရေးပါ ဘာလုပ်လုပ် အဆင်ပြေမယ့် ကာလပါ။ အကူအညီတွေ ရသလို အခွင့်အရေးတွေ လုပ်ကိုင်ခွင့်တွေလည်း ဝင်လာပါလိမ့်မယ်။ အများနဲ့ ဆက်ဆံရာမှာ ပြဿနာ မဖြစ်ဖို့ပဲ သတိထားရပါမယ်။ ငွေကြေးကံ ကောင်းနေပါမယ်။ နှလုံးသားရေးမှာ အပြန်အလှန် နားလည်မှု ရပြီး သာယာနေပါလိမ့်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

အလုပ်တွေ ကောင်းနေပြီး အဘက်ဘက်က စိတ်ချမ်းသာစရာတွေ ဖြစ်လာပါမယ်။ ရာထူးနေရာ လုပ်ပိုင်ခွင့် တာဝန်တွေ လွှဲပြောင်း တိုးတက် ရရှိတတ်ပြီး လူကြီးတွေကလည်း အသိအမှတ်ပြု ကူညီပေးလာပါလိမ့်မယ်။ ငွေကြေးကိစ္စမှာတော့ အကုန်အကျ များကိန်း ရှိပါတယ်။ အချစ်ရေးကံ သိပ်ကောင်းနေချိန်ပဲ ဖြစ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အရာရာမှာ စိတ်တို ဒေါသ ဖြစ်စရာတွေ၊ ထင်ထားသလို မဖြစ်လာတာတွေ၊ ငွေရေးကြေးရေး အရှုပ်အရှင်းနဲ့ ပြဿနာတွေ ပေါ်ပေါက်တတ်ပါတယ်။ ကိစ္စတိုင်းမှာ မသေချာရင် မလုပ်ဘဲ ခဏ လက်ရှောင်ပါ။ နို့မဟုတ်ရင် ကိုယ်က ခေါင်းခံ ဖြေရှင်းရတတ်ပါတယ်။ နှလုံးသားရေးမှာ အကောင်းဘက်က အခြေအနေ ပိုများပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ဒီအပတ်ကတော့ သိပ်မထူးခြားလှတဲ့ သာမန်ကာလပါပဲ။ ဒါပေမယ့် ဒီအပတ်ထဲမှာ ရှိရင်းစွဲ အလုပ်ကနေ ကျော်ပြီး အလုပ်သစ်တွေ စလုပ်ရင် အဆင်မပြေ ဖြစ်တတ်ပါတယ်။ ပြီးတော့ အကြီးအကဲတွေနဲ့ နားလည်မှု  ပိုယူဖို့လည်း လိုပါလိမ့်မယ်။ အချစ်ရေးကိစ္စမှာ ပြဿနာလေးတွေ ရှိပေမယ့် ဖြေရှင်းပြေလည်သွားပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

အလုပ်ထဲမှာ ကောင်းတာလေးတွေ မြင်ရသလို ဆိုးတာလေးတွေကိုလည်း ကြုံတွေ့ ခံစားရမယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေ အများကြီး ရှိပေမယ့် ရုပ်လုံးမပေါ်သေးတော့ စောင့်ဆိုင်းရပါမယ်။ တစ်ယောက်တည်းနဲ့ မရရင် အများနဲ့ ပေါင်းလုပ်ပါ။ ငွေကုန်ကြေးကျ များမှာမို့ ကြိုပြင်ပါ။ အချစ်ရေးကတော့ သိပ်မထူးခြားဘဲ ပုံမှန် ရှိပါမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အစောပိုင်းတုန်းက မရေမရာနဲ့ ဝေ့လည်ကြောင်ပတ် ဖြစ်နေတဲ့ အလုပ်တွေ အခု ပြီးမြောက် အောင်မြင်ပါမယ်။ ဒါပေမယ့် ဒီအပတ်မှာ စသတိထားရမှာက အလုပ်မှာ ဇွတ်တရွတ်နိုင်တာ၊ အလျင်အမြန် ဆုံးဖြတ်တာတွေကို ပြင်ရပါမယ်။ စွတ်လုပ်ရင် မှားပါမယ်။ နှလုံးသားရေးကို ကြည့်ရင်တော့ မိုးအေးသလောက် နွေးထွေးနေပါမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အလုပ်တွေ ကောင်းနေပြီး လုပ်သလောက်လည်း အကျိုးအမြတ် ရှိမယ့် ကာလပါ။ ဘေးကနေ အကူအညီတွေ ပံ့ပိုးမှုတွေလည်း အများကြီး ရလာပါမယ်။ အားလုံး အေးအေးနဲ့ မှန်မှန် အဆင်ပြေနေမှာပါ။ ငွေကြေးကိစ္စတွေ ကံကောင်းနေပါမယ်။ အချစ်ရေးမှာလည်း စိတ်ချမ်းသာ ကြည်နူးစရာတွေချည်း ကြုံနေရမယ်လို့ ပြောပါရစေ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

ဒီအပတ်မှာ အလုပ်၊ နေရာ၊ ပုံစံ အပြောင်းအလဲတွေ ပေါ်လာတတ်ပါတယ်။ စိတ်ကလည်း အပြောင်းအလဲကို သိပ်လုပ်ချင်နေပါမယ်။ ဒါပေမယ့် မပြောင်းပါနဲ့၊ သေချင်တဲ့ကျား တောပြောင်းသလို ဖြစ်သွားပါမယ်။ ငွေကြေး ပြဿနာလေးတွေ ရှိလာနိုင်တယ်။ အချစ်ရေးမှာ မပွင့်မလင်း ဖြစ်နေတာတွေကို ဖွင့်ထုတ် သိရှိရပါလိမ့်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

လက်ရှိ အလုပ်တင်မကဘဲ တခြားအလုပ်သစ်တွေ စိတ်ကူးထားတာတွေလည်း ဖြစ်မြောက် အောင်မြင်ပါမယ်။ အများနဲ့ ပူးပေါင်း လုပ်ကိုင်တဲ့ ရှယ်ယာအလုပ်တွေလည်း အကျိုးပေးပါလိမ့်မယ်။ ကံကောင်းနေချိန် ဖြစ်လို့ အကောင်းဆုံး အားစိုက် လုပ်ကိုင်ပါ။ နှလုံးသားရေးမှာ ဆတ်ဆတ်ထိမခံလို့ မကြာခဏ ရန်များတတ်ပါတယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းချမ်းသာ အဆင်ပြေပါစေဗျား

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)