၁၂ ရာသီဖွား ဟောစာတမ်း (၃.၆.၂၀၁၉ မှ ၉.၆.၂၀၁၉ ထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)

ဒီအပတ် အလုပ်အကိုင်ကလည်း အရင်အပတ်လို အညံ့ မကင်းသေးဘဲ အခက်အခဲတွေနဲ့ လုံးလည်ချာလည် ဆက်ဖြစ်တတ်ပါတယ်။ အလုပ်တွေ တအား များလာပြီး မနားမနေ ပင်ပန်းရတတ်ပါတယ်။ ဝင်ငွေ မဆိုးဘူး ဆိုပေမယ့် သိပ်အများကြီးလည်း မကျန်တတ်ပါဘူး။ အချစ်ရေးကလည်း ကောင်းလိုက် ဆိုးလိုက်ပါပဲ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)

အလုပ်အကိုင်ကိစ္စတွေမှာ ရံဖန်ရံခါ အဖုအထစ်လေးတွေ ကြုံရတာက လွဲလို့ အားလုံး အဆင်ပြေနေပါမယ်။ ခရီးကိစ္စတွေတော့ ပျက်ပြားတတ်ပါတယ်။ ငွေကြေးပိုင်းက အိုကေပါပဲ။ လက်ထဲ ငွေမြဲသလို ဖြစ်နေပါမယ်။ အချစ်ရေးမှာကလည်း သာယာမှုတွေ များပြီး တစ်ယောက်နဲ့တစ်ယောက် အကြင်နာတွေ ပိုနေပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

ကိုယ်ပိုင်အရည်အချင်းကို အသုံးချပြီး အလုပ်အကိုင် အောင်မြင်အောင် ကြံဆောင်နိုင်ပါမယ်။ တစ်ကိုယ်တော်၊  စုပေါင်းစပ်ပေါင်း ဘယ်လိုအလုပ်မျိုးမဆို အဆင်ပြေပြေနဲ့ အောင်မြင်ဖို့က များပါတယ်။ ငွေရေးကြေးရေးမှာက ပြဿနာ ရှိပါတယ်။ အကုန်အကျ များနေမယ်။ နှလုံးသားရေးကတော့ အေးရာအေးကြောင်း ဖြစ်နေပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုတာ ဒီအပတ်ရဲ့ လက်သုံးစကား ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာမှာ ဖြစ်ဖြစ် အလုပ်မှာ ဖြစ်ဖြစ် စိတ်ရှည်ပါ။ သည်းခံပေးလိုက်ပါ။ အားလုံး နေသားတကျ အဆင်ပြေပါလိမ့်မယ်။ ငွေက ရလိုက်ကုန်လိုက်နဲ့ အဖတ်မတင်တတ်ပါဘူး။ အချစ်ရေးအိမ်ထောင်ရေး အညံ့ ရှိနေဆဲမို့ သတိထားပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ)

အလုပ်ကိစ္စ၊ စီးပွားရေး ကြီးပွားရေးကိစ္စတွေမှာ များသောအားဖြင့် အေးဆေးပဲ ဖြစ်နေပါမယ်။ ငြိမ်ငြိမ်လေးထိုင် လုပ်နေတဲ့ စီးပွားရေးက ပိုကောင်းပြီး အတတ်ဆန်းထွင်ရင် အထိနာတတ်ပါတယ်။ ဝင်ငွေလည်း ကောင်းသလို ထွက်ငွေလည်း များဦးမှာပါ။ အချစ်ရေးမှာလည်း ကောင်းတစ်ခါ၊ ညံ့တစ်လှည့်ပဲ ဆက်သွားနေနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)

ဒီအပတ် အလုပ်အကိုင်ရေးမှာ နည်းနည်း ညစ်စရာလေးတွေ ရှိနေပေမယ့် သူ့ဖာသာ ပြန်အဆင်ပြေသွားမှာပါ။ ခရီးကိစ္စနဲ့ အသွားအလာကိစ္စတွေ အားလုံး အဆင်ချောပါလိမ့်မယ်။ စောင့်မျှော်နေတဲ့ သတင်းတွေလည်း ရလဒ် ကောင်းကောင်း ထွက်ပါမယ်။ ငွေကြေးကိစ္စ သတိထားပါ။ နှလုံးသားရေးမှာ ပြဿနာလေးတွေ ရှိနိုင်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

ဘာလုပ်လုပ် အဆင်မပြေဘူးလို ညည်းရမယ့် ကာလပဲ ဖြစ်ပါတယ်။ ဘာကိုမှ စိတ်တိုင်းမကျ ဖြစ်နေသလို လုပ်ချလိုက်ရင်လည်း တလွဲတွေပဲ ဖြစ်နေတတ်ပါတယ်။ ငွေကြေးကိစ္စမှာလည်း ဆုံးဖြတ်ချက် လွဲတတ်ပါတယ်။ အချစ်ရေးမှာက နားလည်မှု တည်ဆောက်ဖို့ ခက်ခဲနေတတ်ပြီး ပြဿနာ ဖြစ်လွယ်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

ကံနိမ့်နေတဲ့ ကာလ ဖြစ်လို့ ဘာလုပ်လုပ် သတိထားဖို့ လိုပါတယ်။ အဆိုးဆုံးအခြေအနေမျိုး မရှိသေးပေမယ့် သတိကို လက်လွှတ်မခံသင့်ပါဘူး။ အလုပ်ကိစ္စတွေ ကောင်းပေမယ့် ခရီးနဲ့ ပတ်သက်ရင် အညံ့ ရှိနေပါတယ်။ အကြီးအကဲတွေနဲ့ အဆင်ပြေအောင် နေထိုင်ပါ။ အချစ်ရေးမှာတော့ အေးအေးချမ်းချမ်း ရှိနေပါမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

ဒီအပတ်မှာ ငွေရေးကြေးရေး အခက်တွေ့တတ်ပါတယ်။ ဝင်လာသမျှက အိတ်ပေါက်နဲ့ ဖားကောက်နေသလိုပဲ ဖြစ်နေပြီး လက်ထဲ အဖတ်တင်ဖို့ မနည်း ကြိုးစားရပါလိမ့်မယ်။ အလုပ်အကိုင်ကတော့ မဆိုးဘူးလို့ ဆိုရမှာပါ။ အချစ်ရေး နှလုံးသားရေးမှာကတော့ တတ်နိုင်သမျှ လက်တွဲဖော်နဲ့ အငြင်းမပွားဖို့ သတိပေးပါရစေ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)

အလုပ်အကိုင် စီးပွားရေးနဲ့ ပတ်သက်ရင် အခက်အခဲတွေ ဆက်ရှိနိုင်ပါတယ်။ လူမှုရေးမှာလည်း ပြဿနာတွေ ဖြစ်လွယ်နေလို့ သတိထား ကိုင်တွယ်ရပါမယ်။ ကိုယ်က မမှားတောင် ကိုယ့်အမှားလို့ အထင်ခံရတတ်ပါတယ်။ ငွေကြေးကိစ္စမှာ ရလမ်းလေးတွေ ဖြောင့်လာပေမယ့် သိပ်မကောင်းသေးပါဘူး။ အချစ်ရေးကံ သင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

အလုပ်အကိုင်က ပုံမှန်လေးပဲ ဆက်သွားနိုင်ပါတယ်။ ရှေ့က ခက်ခဲနေတဲ့ ကိစ္စတွေလည်း ဒီအပတ်မှာ ပြေလည် သက်သာရာ ရပါလိမ့်မယ်။ နိုင်ငံရပ်ခြား ပြည်ပနဲ့ ဆက်သွယ်တဲ့အပိုင်းမှာ အညံ့ ရှိပါတယ်။ ငွေရေးကြေးရေးမှာ ရလိုက် ကုန်လိုက်နဲ့ သံသရာ လည်နေပါလိမ့်မယ်။ နှလုံးသားရေးက အလန်းစားအခြေအနေ ရှိနေပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

အလုပ်အကိုင် စီးပွားရေး အကောင်းဘက်မှာ ရှိနေပါတယ်။ စိတ်ပူစရာလေးတွေ ရှိနေပမယ့်လည်း သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ။ သတိထားစရာက ငွေကြေးကိစ္စပါ။ နည်းနည်းလေး မှားတာနဲ့ အထိနာဖို့ လွယ်ကူပါတယ်။ ရစရာပေးစရာတွေ ကြန့်ကြာပါလိမ့်မယ်။ နှလုံးသားရေးမှာ အဖုအထစ်လေးတွေ ရှိလာနိုင်ပါတယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းပါစေသတည်း

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)