၁၃၈၅ ခုနှစ်အတွက် ခုနှစ်ရက်သားသမီး တစ်နှစ်စာ ဟောစာတမ်း

ကောဇာနှစ် ၁၃၈၅ ခုနှစ် (အင်္ဂလိပ်လို ၁၇.၄.၂၀၂၃ မှသည် ၁၆.၄.၂၀၂၄ အထိ တစ်နှစ်တာအတွက်) ခုနှစ်ရက်သားသမီး ဗေဒင် ဟောစာတမ်းကို တင်ပြလိုက်ပါတယ်။

တနင်္ဂနွေ

အညံ့ကနေ အကောင်းကို ကူးပြောင်းမယ်။ ငွေကြေးဥစ္စာ စုမိဆောင်းမိ ဖြစ်မယ်။ ဘာသာရေး၊ အလှူအတန်း ပို လုပ်ဖြစ်မယ်။ မိတ်ဆွေ၊ ဆရာသမားတွေက ကူညီမစမယ်။ အလွယ်တကူ ငွေရှာနိုင်မယ်။ အစားအသောက်နဲ့ လာဘ်လာတွေ ပေါမယ်။ အိမ်ကောင်း၊ နေရာကောင်း ရတတ်တယ်။ အိုးအိမ်မြေယာအသစ်တွေ ၀င်နိုင်တယ်။ ဥပဒေဘောင်ပြင်ပကိစ္စတွေ ရှောင်ရမယ်။ စည်းနဲ့ကမ်းနဲ့လုပ်ရင် အောင်မြင်လွယ်မယ်။ ပညာရေး အောင်မြင်မှု ရမယ်။ အတူနေသူတွေက ဒုက္ခပေးတတ်တယ်။ မေတ္တာရေးကိစ္စတွေ ကြံစည်သလို မဖြစ်ဘဲ ပျက်လွယ်မယ်။

တနင်္လာ

ကျန်းမာရေး ညံ့တတ်တယ်။ မျှော်လင့်သလို ဖြစ်မလာတတ်လို့ သည်းခံစိတ်ရှည်ရမယ်။ လောင်းကစားကိစ္စတွေ လုပ်ရင် ဆုံးရှုံးမယ်။ လုပ်ငန်းသစ် လုပ်ရင် မအောင်မြင်နိုင်ပါ။ ငွေချေးငွေယူတွေ၊ လက်ခံတာတွေ ရှောင်ရမယ်။ အသုံးအစွဲ လျှော့ပြီး ကျစ်ကျစ်လစ်လစ် နေတာ ကောင်းမယ်။ မိမိနေရပ်နဲ့ ဝေးကွာတဲ့ဒေသတွေ၊ နိုင်ငံခြားတွေ အကျိုးပေးမယ်။ ရှာဖွေရရှိတဲ့ပစ္စည်းဥစ္စာတွေ ပျောက်ရှဆုံးရှုံးတတ်တယ်။ ပညာရေး အားနည်းမယ်။ တိုက်ခိုက် ယှဉ်ပြိုင်မှုတွေ များမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ မကြာခဏဆိုသလို စိတ်ရှုပ်ရတာတွေ များမယ်။

အင်္ဂါ

ဦးစီးဦးဆောင် ပြုခွင့်ရလာမယ်။ အများကြား ထင်ရှားပေါ်လွင်မယ်။ ရာထူးတက်မယ်။ နေရာကောင်း ရလာမယ်။ ဒါပေမဲ့ စိတ်ပူပန်စရာ များမယ်။ တာဝန်တွေ ဖိစီးမယ်။ စွန့်စားရတဲ့ကိစ္စတွေ အောင်မြင်မယ်။ ညှိနှိုင်းမှုတွေလည်း ထိရောက်မယ်။ ငွေကြေးရော ဘုန်းကံအရပါ ပြည့်စုံလာမယ်။ ရွှံ့ကိုင်ရင် ရွှေဖြစ်တတ်တဲ့နှစ်ဆိုပေမဲ့ ကိုယ်တိုင် စိတ်လေနေတတ်တယ်။ ဒါကိုတော့ ပြင်ရမယ်။ ပညာရေးကံ ထူးခြားမယ်။ နာမည်၊ ဂုဏ်သတင်း ကျော်ကြားဖို့ ရှိတယ်။ ဒီနှစ်မှာ အချစ်ရေး၊ အိမ်ထောင်ရေး ကံပေါ်မယ်။ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားရင် အောင်မြင်မယ်။

ဗုဒ္ဓဟူး/ရာဟု

ငွေဝင်ကိန်း ရှိတယ်။ လာဘ်လာဘ ရွှင်နေမယ်။ မင်းစိုးရာဇာ အကြီးအကဲတွေက ကူညီပံ့ပိုးမယ်။ အလုပ်အကိုင် ကောင်းပြီး စီးပွား ဖြစ်မယ်။ အနုပညာအလုပ်၊ အရောင်းအ၀ယ်အလုပ်တွေဆို ကြီးပွားတိုးတက်မယ်။ ဒီဇိုင်းတွေ၊ လက်မှုပညာသည်တွေ အောင်မြင်တတ်တယ်။  ခရီးကောင်းတွေ သွားလာရမယ်။ ပျိုရွယ်သူတွေ မင်္ဂလာကိစ္စ ပေါ်မယ်။ အတူနေသူတွေကြောင့် စိတ်ညစ်ရမယ်။ အကြံကောင်းဉာဏ်ကောင်းတွေ ရမယ့်နှစ်လည်း ဖြစ်တယ်။

ကြာသပတေး

ညံ့နေတာတွေ ပြန်ကောင်းမယ့်နှစ် ဖြစ်တယ်။ အောင်မြင်မှု ရလွယ်မယ်။ စီးပွားရှာရလွယ်သလောက် ပြန်ကုန်ဖို့ ဖြစ်နေမယ်။ လူချစ်လူခင် များမယ်။ ဘာသာရေး လုပ်ရင် ကံပိုကောင်းမယ်။ ကုန်သည်တွေဆို အရောင်းအ၀ယ် မြတ်စွန်းမယ်။ ဒါပေမဲ့ စပ်တူရှယ်ယာတော့ ရှောင်ရမယ်။ ပညာရေး ထူးချွန်မြင့်မားမယ်။ ဥပဒေနဲ့ ငြိစွန်းတာတွေ ရှောင်သင့်တယ်။ မိတ်ဆွေကြောင့် စိတ်ချမ်းသာမယ်။ အပျော်အပါးကိစ္စ လျှော့ရမယ်။ မေတ္တာရေး ပူပန်ရမယ်။

သောကြာ

ကျန်းမာရေး ညံ့တတ်တယ်။ မတော်တဆ ထိခိုက်နိုင်တယ်။ အကြံအစည် ပျက်မယ်။ ဘာလုပ်လုပ် တခါတည်း မပြီးဘဲ အကြိမ်ကြိမ် ကြိုးစားရမယ်။ အပျက်တွေ၊ အဖျက်တွေ ပေါ်မယ်။ ကံကို အားကိုးတာထက် မိမိ ဇွဲလုံ့လနဲ့ ဉာဏ်ပညာ၊ ဝီရိယကို အားစိုက်ရမယ်။ လူမှုရေးပြဿနာတွေ ၀င်မပါတာ ကောင်းမယ်။ ပညာရေး လမ်းတ၀က် နဲ့ ရပ်သွားတတ်တယ်။ ပျိုရွယ်သူတွေ မေတ္တာရေး ရှုပ်ထွေးမယ်။ မလွတ်လပ်သူတွေကြောင့် ပြဿနာ ဖြစ်မယ်။

စနေ

ဘယ်ကိစ္စမဆို ရွေးရခက်စရာ အခြေအနေတွေ များလာမယ်။ လျှို့ဝှက်ထားတဲ့ကိစ္စတွေ ဘူးပေါ်သလို ပေါ်မယ်။ နာမည်ပျက်စရာတွေ ဖြစ်တတ်တယ်။ အကောင်းရော အဆိုးပါ ကြုံရမယ်။ လုပ်ပိုင်ခွင့်တွေ ကန့်သတ်ခံရမယ်။ လုပ်ငန်းသစ်၊ နေရာသစ် စတင်လို့ ကောင်းမယ်။ အပြောင်းအရွှေ့တွေ အောင်မြင်မယ်။ အလုပ်ဒဏ် ပိတတ်ပြီး အကုန်အကျ များမယ်။ ပညာရေး အားနည်းခက်ခဲတတ်တယ်။ ကံပေးသလောက်သာ ရယူရမယ့်နှစ် ဖြစ်တယ်။

(အခုဖော်ပြတဲ့ ခုနှစ်ရက်သားသမီးတစ်နှစ်စာဟောစာတမ်းကို ဗေဒင်သုတရဲ့ Admin Team က တင်ပြပေးတာ ဖြစ်ပါတယ်။ အားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)