၂၀၁၉ ၊ ဧပြီလအတွက် ဂဏန်းဗေဒင်ဟောကိန်း

(၁) မည်သည့်အင်္ဂလိပ်လမဆို ၁ရက်၊ ၁၀ရက်၊ ၁၉ရက်၊ ၂၈ရက် မွေးသော ၁-ဂဏန်းသမားများ

အပြောင်းလဲများ ကြုံရမည့်ကာလ ဖြစ်သည်။ ရည်မှန်းချက်အသစ် ရည်ရွယ်ချက်အသစ်များ ချမှတ်ရမည်။ အပြိုင်အဆိုင် ရန်အတိုက်ခံများကို ကျော်လွှားအောင်မြင်နိုင်မည်။ ပညာသစ်ဆည်းပူးခြင်းနှင့် သင်ကြားရေးဆိုင်ရာကိစ္စများ အဆင်ပြေမည်။ ဆရာသမားကောင်း မိတ်ဆွေကောင်းများထံမှ ကောင်းသော အကူအညီ ထောက်ပံ့မှုရမည်။ ကျန်းမာရေးအားနည်း ချူခြာတတ်သောကာလ ဖြစ်သည်။ အဆုတ် အအေးပတ်ခြင်း ဝမ်းဗိုက်ဒုက္ခပေးခြင်း၊ ခြေဆစ်လက်ဆစ် ကိုက်ခဲခြင်းများ ဖြစ်တတ်သည်။

ယတြာ – ငါး ၁၃ ကောင်ကို စနေနေ့ညနေတွင် ရေအရှင်၌ လွှတ်ပေးပါ။

(၂) မည်သည့်အင်္ဂလိပ်လမဆို ၂ရက်၊ ၁၁ရက်၊ ၂၀ရက်၊ ၂၉ရက် မွေးသော ၂-ဂဏန်းသမားများ

ရပ်ဝေးမြေခြား နိုင်ငံရပ်ခြားနှင့် ပက်သက်သော ထူးခြားသောသတင်း အဆက်သွယ်ရမည်။ အခွင့်အလမ်း နှစ်မျိုးနှစ်ခွကြား ရွေးချယ်ရမှုများ ရှိမည်။ မူလရည်ရွယ်ထားသော ဦးတည်ချက်ပန်းတိုင်မှ ပိုမိုကောင်းမွန်သော အနေထားသို့ ကူးပြောင်းလုပ်ကိုင်ရင်း အဆင်ပြေခြင်းရှိမည်။ လုပ်ငန်းစီးပွား တိုးတက်အောင်မြင်ခြင်းရှိမည်။ ရာထူး လစာ အနေထား တိုးတက်ဖြစ်ထွန်းမည်။ ထူးခြားသော ကံကောင်းထောက်မမှုများ ရရှိမည့် ကာလ ဖြစ်သည်။

ယတြာ – တနင်္လာနေ့ညနေတွင် ဘုန်းတော်ကြီးတစ်ပါး (သို့) သက်ကြီးရွယ်အိုတစ်ဦးအား ထီးလှူဒါန်းပါ။

(၃) မည်သည့်အင်္ဂလိပ်လမဆို ၃ရက်၊ ၁၂ရက်၊ ၂၁ရက်၊ ၃၀ရက် မွေးသော ၃-ဂဏန်းသမားများ

အနည်းငယ် သတိရှိရမည့်လ ဖြစ်သည်။ လူယုံ လူရင်းက ဒုက္ခပေးတတ်သည်။ မည်သူ့အပေါ်မှ လိုအပ်တာထက် ပို၍ ယုံကြည်မှု မထားသင့်ပါ။ မိမိအဆင်မပြေမှုအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတတ်သူများနှင့် ဆက်ဆံပက်သက်ရတတ်သည်။ စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်း သတိရှိရမည်။ သီးသန့်အထီးကျန် ဆန်တတ်သော ကာလဖြစ်ပြီး ခါတိုင်းမိမိဘက်က အပြည့်အဝ ရပ်တည်ပေးနိုင်သော သူများနှင့် ဝေးကွာနေတတ်သည်။ ကျန်းမာရေးတွင် ဝမ်းဗိုက် ဒုက္ခပေးတတ်သည်။ အစာမှား ဆေးမှား ဖြစ်တတ်သည်။

ယတြာ – အင်္ဂါနေ့တွင် မျက်စဉ်းတစ်ဘူးကို အင်္ဂါနေ့ဖွားတစ်ဦးအား လှူဒါန်းပါ။

(၄) မည်သည့်အင်္ဂလိပ်လမဆို ၄ရက်၊ ၁၃ရက်၊ ၂၂ရက်၊ ၃၁ရက် မွေးသူ ၄-ဂဏန်းသမားများ

လွန်ခဲ့သော ကာလများမှ အနစ်နာခံ ကြိုးပမ်းခဲ့ရမှုများမှသည် ကောင်းသောအကျိုးတရားများ ပြန်လည်ခံစားရမည်။ ခရီးနှင့် ပက်သက်သော ကိစ္စများ ရုတ်တရက်ပေါ်ပေါက်မည်။ အထီးကျန်ဆန်သော ကာလအချို့ကို ဖြတ်သန်းရမှုများရှိမည်။ ဘဝအတွက် အရေးပါသော အတတ်ပညာသစ်များ လေ့လာသင်ကြား ဆည်းပူးခွင့်ရမည်။ အခက်အခဲများကို ကျော်လွှားနိုင်ပြီး မိမိသွားလိုသော ပန်းတိုင် အနာဂတ်ကို အရောက်လှမ်းနိုင်မည့် ကာလဖြစ်သည်။

ယတြာ – ကြသပတေးမနက်တွင် ဖရဲသီး ဘုရားဆွမ်းတော်ကပ်ပြီး လိုရာဆုတောင်းပါ။

(၅) မည်သည့်အင်္ဂလိပ်လမဆို ၅ရက်၊ ၁၄ရက်၊ ၂၃ရက် မွေးသူ ၅-ဂဏန်းသမားများ

အပြောင်းအလဲ အနိမ့်အမြင့်အတက်အကျ များတတ်သော ကာလဖြစ်သည်။ ကောင်းခြင်းဆိုးခြင်း ရောထွေးနေတတ်သည်။ ကောင်းမည်ဟု ထင်မှတ်ထားသောအရာများသည် လက်တွေ့တွင် ထင်သလောက် မဟုတ်ဘဲ မထင်မှတ်သော အရာများမှ အကျိုးပေးတတ်သည်။ မိခင် (သို့) မိခင်ကဲ့သို့နေသောသူများထံမှ အဆက်သွယ် အကူညီကောင်းရမည်။ မထင်မှတ်သောခရီးများ သွားလာရမည်။ ဆွေမျိုး မိသားစုအတွင်း သာသနာ့ဘောင်ဝင်သော ကိစ္စများ ကြုံမည်။မိတ်ဆွေစစ်ဟု ထင်ထားသူများက ထင်သလောက်မဟုတ်ဘဲ မထင်မှတ်သူများက တကယ့်လက်တွေ့တွင် အကူညီထောက်ပံ့မှုပေးနိုင်မည်။ကျန်းမာရေးတွင် ခါးနာ ခါးကိုက်ခြင်း အမျိုးသမီးများအနေဖြင့် အမျိုးသမီးပိုင်းဆိုင်ရာ ရောဂါများ သတိပြုရန်လိုသည်။

ယတြာ – သီလရှင်များအား တနင်္လာနေ့တွင် ငွေ ၂၀၀ ဖြစ်စေ ၂၀၀၀ ဖြစ်စေ လှူတန်းပါ။

(၆)မည်သည့်အင်္ဂလိပ်လမဆို ၆ရက်၊ ၁၅ရက်၊ ၂၄ရက် မွေးသူ ၆-ဂဏန်းသမားများ

အပြိုင်အဆိုင် အခက်ခဲများကြားမှ အောင်မြင်မည်။လုပ်ငန်းသစ် စတင်ခြင်း၊ ကုန်ပစ္စည်းသစ်ဖြန့်ဖြူးခြင်း ဈေးကွက်ချဲ့ထွင်ခြင်း အကြံစည်သစ်များအကောင်ထည်ဖော်ခြင်းများ ကောင်းသည်။ ရင်းနှီးမြုပ်နှံမှုများမှ ကောင်းသော အကျိုးမြတ် ဖြစ်ထွန်းမည်။ အရာရာ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မည်။ လျှို့ဝှက်ချက်များ ပေါက်ကြားတတ်ခြင်းရှိသည်ကို သတိပြုရမည်။ မျှတသော အတွေးအခေါ်များ ကွန့်မြူးနေမည်။ ခရီးကိစ္စများ အပြောင်းလဲအချို့ဖြစ်ပြီးမှ အဆင်ပြေမည်။

ယတြာ – ကြာသပတေးနေ့တွင် အိမ်ဘုရားတွင် ပဲမုန့်ဆွမ်းတော်ကပ်ပြီး လိုရာဆုတောင်းပါ။

(၇) မည်သည့်အင်္ဂလိပ်လမဆို ၇ရက်၊ ၁၆ရက်၊ ၂၅ရက် မွေးသူ ၇-ဂဏန်းသမားများ

လုပ်ငန်းများလုပ်ဆောင်ရာတွင် အပြောင်းအလဲအချို့အတွက် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ အပြောင်းအလဲနောက်တွင် တိုးတက်မှုများ ကြုံမည်။ မိတ်ကောင်းဆွေကောင်းများနှင့် ဆုံစည်းရမည်။ ရေလမ်းခရီးသွားလာရန် အခွင့်လမ်းပေါ်က ကောင်းသည်။ ရပ်ဝေး တိုင်းတပါးနှင့် ဆက်နွယ်ပက်သက်ရသော ကိစ္စများမှ အောင်မြင်မှုရမည်။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။ မိသားစု ချစ်ခင်ရင်းနှီးသူများနှင့် ပက်သက်ပြီး သတင်းစကားကောင်းများ ကြားသိရမည်။

ယတြာ – ဖန်ခွက်လှလှတစ်လုံးကို မိမိချစ်ခင်ရသူတစ်ဦးအား လက်ဆောင်ပေးပါ။

(၈) မည်သည့်အင်္ဂလိပ်လမဆို ၈ရက်၊ ၁၇ရက်၊ ၂၆ရက် မွေးသူ ၈-ဂဏန်းသမားများ

တွေဝေဒွိဟဖြစ်နေသော ကိစ္စများ ယတိပြတ်ဆုံးဖြတ်ချက်များ ချရမည့် ကာလဖြစ်သည်။ အများနှင့် ပက်သက်သောနေရာတွင် ဦးဆောင်ဦးရွက်ပြုရမည်။ သူတပါးနှင့်မတူသော ရှုထောင့်မှလုပ်ကိုင်ဆောင်ရွက်ရင်း ထူးခြားသော အောင်မြင်မှုရမည်။ မိတ်ဆွေကောင်း ကူညီမှုရခြင်း လုပ်ငန်းတိုးတက်ခြင်း ရှိမည်။ ငွေဝင်လမ်းသစ် ပွင့်မည်။ ပူးပေါင်းလုပ်ဆောင်ရမည့်ကိစ္စများ လက်ခံသင့်သောကာလဖြစ်သည်။ ရပ်တန့်ထားသော လုပ်ငန်းကိစ္စများ ပြန်လည်ဆောင်ရွက်နိုင်မည်။

ယတြာ – တနင်္ဂနွေနေ့တွင် ကျေးဇူးရှိခဲ့ဖူးသူတစ်ဦးအား မျက်နှာသုတ်ပုဝါ လက်ဆောင်ပေးပါ။

(၉) မည်သည့်အင်္ဂလိပ်လမဆို ၉ရက်၊ ၁၈ရက်၊ ၂၇ရက် မွေးသူ ၉-ဂဏန်းသမားများ

ကိုယ့်စိတ်ကူးထဲမှ အကြံစည်များကို သူတပါးအား ဖွင့်လှစ်ပြောဆိုရန် မသင့်သောကာလဖြစ်သည်။ အမျိုးသမီးအကြီးအကဲတစ်ဦး၏ အကြံဥာဏ် စကားကို လက်ခံခြင်းဖြင့် အဆင်ပြေမည်။ ရပ်ဝေး နေထိုင်သူများထံမှ သတင်းစကားကောင်းကြားရမည်။ ကျန်းမာရေးတွင် ပေါ့ပေါ့ဆဆတွေးထားသော ဝေဒနာဟောင်းများ ပြန်ပေါ်တတ်သည်ကို သတိပြုရမည်။ ဆွေမျိုးအသိုင်းဝိုင်းများကြား ကိုယ်ဝန်ဆောင်သော နိမိတ်ကြုံရပါက ထီကံစမ်းသင့်သည်။

ယတြာ – သောကြာနေ့တွင် အိမ်ဘုရားတွင်သစ်သီးဆွမ်း ကပ်လှူပြီး လိုရာဆုတောင်းပါ။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့သာယာရှိပါစေ

ဆရာလင်းဝေအောင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)