၂၀၂၀ အဝင်မှာ အဖွင့်လှမယ့် ရာသီခွင်များ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှာတော့ ကြုံတောင့်ကြုံခဲ ဂြိုဟ်ပူးဖြစ်စဉ်တွေနဲ့ လကြတ်ဖြစ်စဉ်တွေလည်း မြင်တွေ့ရဖို့ ရှိနေသလို ဂြိုဟ်အမြင်အယှဉ်နဲ့ ရာသီခွင်တွေအရ ဇန်နဝါရီလထဲမှာ ကံကောင်းလာမယ့် ရာသီဖွားတချို့လည်း ရှိနေပါတယ်။ သူတို့ကတော့ ပြိဿ၊ ကန်၊ မကာရ ဆိုတဲ့ မြေဓာတ် ကိုယ်စားပြု ရာသီခွင် (၃) ခုပဲ ဖြစ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) အနေနဲ့ ဇန်နဝါရီလထဲမှာ ဘဝလမ်းကြောင်းသစ်တွေ စတင်လာဖို့ ရှိနေပါတယ်။ ကံထူးကံကောင်းမှုတွေလည်း ကြုံရတတ်ပါတယ်။ ပညာရေးလမ်း လိုက်သူဆိုရင် အဆင့်မြင့်မားတဲ့ ပညာရေးတွေကို တက်လှမ်းနိုင်ပြီး အလုပ်လုပ်နေသူတွေဆိုရင်လည်း အကြီးအကဲတွေရဲ့ ကူညီမှုကို ရရှိမယ်၊ ကိုယ့်အတွက် အကျိုးရှိမယ့် ခရီးကောင်းတွေ သွားရတတ်ပါတယ်။ ဘဝရည်မှန်းချက်တွေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ အစပျိုးနိုင်မယ့် လတစ်လလည်း ဖြစ်လာပါလိမ့်မယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) တွေက လုပ်ချင်တာတွေကို စိတ်တိုင်းကျ လုပ်ခွင့်ရတော့မယ့် လ ဖြစ်ပါတယ်။ အနုပညာလိုက်စားသူ ဆိုရင် နာမည်ရ၊ လမ်းကြောင်းပွင့်လာနိုင်သလို ကံစမ်းဥာဏ်စမ်း လုပ်တတ်သူဆိုရင်လည်း ကံကောင်း ကံပွင့်မယ့် လ ဖြစ်နေပါတယ်။ အချစ်ရေးနှလုံးသားရေးတွေမှာ သဘောတွေ့ မနောခွေ့စရာတွေချည်း ကြုံလာနိုင်လို့ ဇန်နဝါရီလဟာ ရင်ခုန်စရာတွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါ့အပြင် အလုပ်သစ် စချင်သူ၊ ပညာသစ် လေ့လာချင်သူ၊ ခရီးသစ် လှမ်းချင်သူတွေ အနေနဲ့လည်း ဆန္ဒတွေ ပြည့်ဝနိုင်ပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) တွေကတော့ နေရာသစ်၊ အလုပ်သစ်၊ စိတ်ကူးသစ် စတဲ့ အသစ် အသစ်တွေနဲ့ ဇန်နဝါရီ နှစ်ဦး ကာလကို ဖြတ်သန်းရတတ်ပါတယ်။ အပြောင်းအလဲတွေ ပေါ်လာရင် လက်သင့်ခံပါ။ ကောင်းမွန်တဲ့ ပြောင်းလဲမှုမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ အကျင့်ဟောင်း စတိုင်ဟောင်းတွေ ခွာချခဲ့ပြီး စတိုင်သစ်နဲ့အတူ နှစ်သစ်ကို စတင် ဖြတ်သန်းရတတ်ပါတယ်။ အရင်က မစမ်းဖူး၊ မလုပ်ဖူးခဲ့တာတွေကိုလည်း နှစ်သစ် ကာလမှာ အတွေ့အကြုံသစ်အဖြစ် ခံယူပါတော့မယ်။ လုပ်ကိုင်သမျှ အောင်မြင်ဖို့ ရာနှုန်း များပါတယ်။

၂၀၂၀၊ ဇန်နဝါရီလမှာ အထက်ပါ ရာသီဖွား (၃) မျိုးက အကောင်းဆုံးတွေ ကြုံလာနိုင်ပေမယ့် မေထုန် ၊ တူ ၊ ကုမ် ဆိုတဲ့ လေဓာတ် ရာသီခွင် (၃) မျိုးကတော့ နှစ်သစ်ဦးကာလမှာ အခက်အခဲပေါင်းစုံတွေနဲ့ ကြုံရဆုံရတတ်ပါတယ်။ ဒါပေမယ့် အခုလို ကြိုသိထားမယ် ဆိုရင်တော့ ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာမို့ ကိုယ့်ဘက်က အမြဲ သတိ ဝီရိယရှိဖို့ တိုက်တွန်းလိုက်ရပါတယ်။

၂၀၂၀ နှစ်သစ်ဦးမှာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)