၂၀၂၁ ဂဏန်းဗေဒင်ဟောကိန်း

အင်္ဂလိပ်လို မွေးရက်ဂဏန်းအလိုက် ၂၀၂၁ မှာ ဘာတွေ ဖြစ်လာနိုင်သလဲ၊ ကံကောင်းမလား၊ ကံဆိုးဦးမလား ဆိုတာကို (၁) ကနေ (၉) အထိ ဂဏန်းအားလုံးအတွက် လိုတိုရှင်းဟောကိန်းနဲ့ တင်ပြလိုက်ပါတယ်။

၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများ – ၂၀၂၁ မှာ ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံမယ်။ အသိပညာ၊ အတတ်ပညာတွေ တိုးပွားလာဖို့  ရှိတယ်။ အလုပ်အကိုင်တွေ တိုးတက်မယ်။ ဝန်ထမ်းဆိုရင် ရာထူး တိုးတာနဲ့ နေရာ၊ အခွင့်ထူးတွေ ရလာလိမ့်မယ်။ စီးပွားရေးသမားဆိုရင်လည်း အကျိုးအမြတ် များမယ်။ အလုပ်စီးပွားတွေ ကောင်းပေမယ့် မာန်တွေ တက်ပြီး ငါတကော ကောတာမျိုးတွေကို ရှောင်ရမယ်။ နှလုံးသားရေးမှာ ပုံမှန် ရှိမယ်။ ဒါပေမယ့် အတ္တမာန်မာန လွန်ကဲတတ်တာကိုတော့ သတိပြုရမယ်။ လူပျိုအပျိုတွေ အိမ်ထောင်ကျတတ်တယ်။ တစ်နှစ်တာလုံး အများအားဖြင့် ကျန်းမာရေး ကောင်းမယ်။ အရင်နှစ်တွေက ပြဿနာတွေ ဒီနှစ် ပြေလည်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်တွင် မွေးဖွားသူများ – ဒီနှစ်မှာ အတွေးများ၊ စိတ်ကူးများသလောက် လက်တွေ့ဘဝမှာ အကောင်အထည် မပေါ်တာ များမယ်။ စိတ်ကူးဥာဏ်ကွန့်မြူးရတဲ့ အလုပ်တွေ၊ အနုပညာနဲ့ နည်းပညာပိုင်းက အလုပ်တွေမှာ ကောင်းပေမယ့် အတွေးလွန်နေတာကြောင့် ဖြစ်သင့်သလောက် မဖြစ်ဘဲ အားနည်းတတ်တယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ သေချာ အာရုံစိုက်ဖို့ လိုမယ်။ အချစ်ရေးကံလည်း ကောင်းချင်ပေမယ့် ကိုယ်တိုင် သံသယ အတွေးတွေ လွန်ကဲလို့ အချင်းများရတတ်တယ်။ ဒီနှစ်မှာ ကျန်းမာရေးလည်း အားနည်းနိုင်တယ်။ မိသားစုထဲမှာ ပြဿနာတွေ မကြာခဏ ဖြစ်လာတတ်တယ်။ ဘယ်အရာမဆို သိပ်မျှော်လင့်လွန်းရင် ကိုယ်ပဲ ခံစားရလိမ့်မယ်။

၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်တွင် မွေးဖွားသူများ – ပညာရပ်ပိုင်းနဲ့ ပတ်သက်လို့ ထူးခြားကောင်းမွန်မယ့်နှစ် ဖြစ်တယ်။ အလုပ်မှာ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တယ်။ ကိုယ့်အတွက် ပိုကောင်းမယ့် အပြောင်းအလဲ ဖြစ်မယ်။ ပညာနဲ့အသက်မွေးသူတွေမှာ ကံပိုကောင်းတတ်တယ်။ မိသားစုထဲမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ ရှိလာမယ်။ နှလုံးသားရေးလည်း ကံကောင်းနိုင်တယ်။ လက်ထပ်ဖို့ ရည်ရွယ်ထားသူတွေ အထမြောက်အောင်မြင်လိမ့်မယ်။ ကျန်းမာရေးမှာတော့ အသည်းနဲ့ အစာအိမ်ပိုင်း အားနည်းတတ်တယ်။ ရောဂါအခံရှိသူတွေဆို သတိထားရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၎ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများ – ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ ဒီနှစ်မှာ ကြုံတွေ့ရမယ်။ အရင်းနှီးဆုံးတွေက သူစိမ်းလို ဖြစ်သွားတတ်တယ်။ လုပ်နေကျ အလုပ်တွေမှာ အခက်အခဲတွေ ပေါ်လာမယ်။ ဖြည်းဖြည်းမှန်မှန် ကြိုးစားနိုင်ရင် အဆင်ပြေသွားမယ်။ မိသားစုထဲမှာတော့ စိတ်ညစ်စရာတွေ များလာနိုင်တယ်။ အိမ်ထောင်ရှင်တွေလည်း အချင်းချင်း ကီးမကိုက်တာ များမယ်။ လူပျိုလူလွတ်တွေတော့ အချစ်ရေးကံဇာတာ အတော်သင့် ကောင်းမယ်။ ဒီနှစ်မှာ ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်တယ်။ ဆီးချို၊ သွေးတိုး ဖြစ်တတ်တယ်။

၅ ၊ ၁၄ ၊ ၂၃ ရက်တွင် မွေးဖွားသူများ – ဒီနှစ်မှာ ဟိုအရင်နှစ်တွေကတည်းက စောင့်မျှော်ခဲ့တဲ့ ရည်မှန်းချက်နဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာလိမ့်မယ်။ နေရာတိုင်းမှာ အောင်မြင်အဆင်ပြေမှုတွေ ဝန်းရံလာမယ်။ မိတ်ဟောင်း၊မိတ်သစ်တွေကလည်း အကူအညီ ပေးလာကြမယ်။ အလုပ်တွေကို ခါတိုင်းထက် အလွယ်တကူ ပြီးမြောက်အောင်မြင်အောင် လုပ်ပြနိုင်မယ်။ ရာထူးတိုးတာနဲ့ နေရာ၊ အခွင့်အရေး ရတာမျိုးတွေ ကြုံလာရမယ်။ နှလုံးသားရေးမှာ နားလည်မှုတွေ ပိုလိုအပ်မယ်။ ကျန်းမာရေးမှာ ကူးစက်ရောဂါနဲ့အဆုတ်ကို ဂရုစိုက်ရလိမ့်မယ်။

၆ ၊ ၁၅ ၊ ၂၄ ရက်တွင် မွေးဖွားသူများ – အရင်နှစ်က အဆင်မပြေခဲ့သမျှ ဒီနှစ်မှာ အတိုးချပြီး ပြန်အဆင်ပြေမယ်။ သူတပါးရဲ့ ကူညီပံ့ပိုးမှုတွေ၊ အားပေးမြှောက်စားမှုတွေ ရရှိလာမယ်။ ဘဝမှာ ပျော်ရွှင်စရာတွေ ဖြစ်လာနိုင်သလို နေသာထိုင်သာလည်း ပိုရှိလာလိမ့်မယ်။ ဖျော်ဖြေရေးနဲ့အနုပညာလုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်သူတွေ ဒီနှစ်မှာ အခြေအနေ ပြန်ကောင်းလာမယ်။ လက်ထပ်ဖို့ ရည်ရွယ်ထားသူတွေ လိုအင်ဆန္ဒ ပြည့်ဝနိုင်ပေမယ့် နှစ်ဦးကြား ညှိနှိုင်းရ ခက်ပြီး စကားများရတာတွေ ဖြစ်တတ်တယ်။ တစ်နှစ်လုံးမှာ ကျန်းမာရေး မကြာခဏ ချူချာနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၇ ၊ ၁၆ ၊ ၂၅ ရက်တွင် မွေးဖွားသူများ – နေရာထိုင်ခင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့နှစ်ပါပဲ။ ဒီနှစ်အတွင်း အလုပ်အကိုင်ကံဇာတာ ကောင်းလာနိုင်ပေမယ့် ကိုယ့်ကို ဖေးကူဝိုင်းဝန်းမယ့်သူတွေ မရှိသလောက် ဖြစ်မယ်။ စိတ်ပျက်စရာအခြေအနေတွေနဲ့လည်း ကြုံရတတ်တယ်။ စိတ်ဓာတ် တက်လွယ်ကျလွယ်တာမျိုးတွေ ဖြစ်မယ်။ အိမ်ထောင်ရေး၊ မိသားစုအရေးတွေမှာ နားလည်မှု လွဲပြီး အထင်အမြင်မှားတာတွေ ဖြစ်မယ်။ နှလုံးသားရေးမှာ ပုံမှန်ထက် အဆင်ပြေလာဖို့ ရှိတယ်။ ဒီနှစ်မှာမတော်တဆ ထိခိုက်တာ၊မျက်စိအားနည်းတာမျိုး ဖြစ်တတ်တယ်။

၈ ၊ ၁၇ ၊ ၂၆ ရက်တွင် မွေးဖွားသူများ – ယေဘုယျအားဖြင့် ကံဇာတာ မြင့်မားမယ့်နှစ် ဖြစ်တယ်။ စိတ်ကူးသစ်  အကြံအစည်သစ်တွေ ပေါ်လာသလို လက်တွေ့ အောင်မြင်အောင်လည်း လုပ်ပြနိုင်မယ်။ အလုပ်ကြီးအကိုင်ကြီး တာဝန်ကြီးတွေ ထမ်းဆောင်ရတတ်တယ်။ နှလုံးသားရေးမှာတော့ အသေးအဖွဲကအစ အပြစ်မြင်စရာ ဖြစ်နေလို့ အချင်းချင်း ပဋိပက္ခတွေ များလာနိုင်တယ်။ အိမ်ထောင်ရေးမှာလည်း ကတောက်ကဆတွေ များတတ်တဲ့ နှစ်မျိုး ဖြစ်တယ်။ ကျန်းမာရေးမှာတော့ ဒီနှစ်က အတော်လေး အခြေအနေ ကောင်းမယ်။ ရောဂါဘယ ဝေးကွာမယ်။

၉ ၊ ၁၈ ၊ ၂၇ ရက်တွင် မွေးဖွားသူများ – အလုပ်အကိုင်သစ်၊ အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်သစ်တွေ စတင် ပေါ်ပေါက်လာနိုင်တဲ့နှစ် ဖြစ်တယ်။ ဒါပေမယ့် အလုပ်စီးပွားကံကတော့ ပုံမှန်လေးပဲ ဆက်သွားနေမယ်။ ဒီနှစ်မှာ ကိုယ့်စိတ်ကို အတော်ချုပ်တီးနိုင်ဖို့ လိုမယ်။ ထစ်ခနဲရှိ ဒေါသထွက် ၊ ပေါက်ကွဲတတ်လို့ ခင်မင်ရင်းနှီးသူတွေနဲ့ပါ အဆင်မပြေ ဖြစ်တတ်တယ်။ အလုပ် (သို့) နေရာဌာန အပြောင်းအရွှေ့တွေ ဖြစ်လာနိုင်တယ်။ အပြိုင်အဆိုင် ကြားကနေ ကျော်လွှားနိုင်မယ်။ နှလုံးသားရေးမှာ နားလည်မှု လွဲပြီး ပြဿနာတွေ မကြာခဏ ဖြစ်တတ်တယ်။

၂၀၂၁ ခုနှစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)