၂၀၂၂ မှာ ကံအကောင်းဆုံး ဖြစ်လာနိုင်တဲ့ ရာသီခွင် (၃) ခု

နက္ခတ်ဗေဒင်ပညာမှာ အတိသုခ (ကောင်းကျိုးချမ်းသာအဖြာဖြာ) ကို ဆောင်ကျဉ်းပေးနေကျ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ဟာ ၂၀၂၂ နှစ်သစ်မှာ မိန်ရာသီခွင်ထဲ ရပ်တည်နေပါတယ်။ ကြာသပတေးဂြိုဟ်အစီးအနင်း ဖြတ်သန်းပုံအရ ၂၀၂၂ ခုနှစ်မှာ ဘယ်ရာသီဖွားတွေက ကံအကောင်းဆုံး ဖြစ်လာနိုင်သလဲဆိုတော့…

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀ အတွင်း မွေးဖွားသူများ)

၂၀၂၂ ဟာ “ဒီတစ်နှစ်ကတော့ ငါ့နှစ်ပဲဟေ့” လို့ ကြွေးကြော်နိုင်မယ့် ၊ မင်္ဂလာရှိတဲ့နှစ်သစ် ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်မှာ ကိုယ်ရေးကိုယ်တာ၊ လူမှုရေးရာနဲ့ စိတ်ခံစားချက်တွေအားလုံး အကောင်းဘက်ကို ဦးတည်လာနိုင်ပြီး ကြံစည်ကြိုးစားသမျှလည်း အနှောင့်အယှက်ကင်းကင်းနဲ့ အောင်မြင်တတ်ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ စိတ်ကူးတွေ အတွေးအမြင်တွေ မှန်ကန်လာတာနဲ့ အိပ်မက်အတိုင်း ဖြစ်လာတာတွေကို ကြုံရတတ်ပါတယ်။ တစ်ခုခုဆို ကိုယ်က ကြိုမြင်နေတာ၊ တွေးကြည့်လိုက်တိုင်း မှန်ကန်နေတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

၂၀၂၂ မှာ အကြံအစည်တွေ၊ ရည်မှန်းချက်တွေကို အကောင်းဆုံး ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လူရောစိတ်ပါ လန်းဆန်းတက်ကြွလွယ်ပြီး ကျန်းမာပျော်ရွှင်တဲ့ကာလတွေလည်း ကြုံတွေ့လာရမယ်။ ငွေရေးကြေးရေး၊ စီးပွားရေး အခြေအနေတွေလည်း တိုးတက်ကြီးပွားလာဖို့ ရှိနေပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

၂၀၂၂ မှာ နှစ်ပေါင်းများစွာ အနည်ထိုင် အသားကျနေတဲ့ အတွေးအခေါ်၊ အယူအဆဟောင်းတွေကို ပစ်ချပြီး လုံးဝ ဆန်းသစ်တဲ့ အတွေးအမြင်၊ ရှုထောင့်တွေကို လက်ခံကျင့်သုံးလာနိုင်ပါတယ်။ မကောင်းတဲ့အကျင့်ဆိုးနဲ့ အဆိုးမြင်၊ တလွဲတချော် တွေးခေါ်မှုတွေကို စွန့်ပယ်ပြီး လူသစ်စိတ်သစ်လို ခံစားမိလာပါမယ်။ အရင်နဲ့မတူဘဲ ကြိုးစားချင်စိတ်တွေ ပြင်းပြလာသလို လုပ်နေကျမဟုတ်တဲ့ ပုံစံသစ်နဲ့ အလုပ်တွေကို လုပ်ကိုင်လာနိုင်ပါတယ်။ ပမာတင်စားပြောရရင် ပိုးတုံးလုံးဘဝကနေ လိပ်ပြာဘဝကို လုံးဝအသွင်ကူးပြောင်းသွားသလို ဖြစ်လာပါမယ်။

၂၀၂၂ မှာ စပ်တူရှယ်ယာအလုပ်တွေကနေ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာတတ်ပါတယ်။ မေတ္တာရေးရာ လိုအင်ဆန္ဒတွေ ပြည့်ဝတတ်ပြီး လူပျိုလူလွတ်တွေ အိမ်ထောင်ကျကိန်း ရှိပါတယ်။ အိမ်ထောင်ရှင်တွေလည်း ပျော်ရွှင်ရမယ့်နှစ် ဖြစ်ပါတယ်။ အမွေရတာ၊ ငွေအစုလိုက်အပုံလိုက် ဝင်တာမျိုးလည်း ဖြစ်လာတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

အရင်နှစ်တွေက ကြိုးစားခဲ့သမျှအသီးအပွင့်တွေကို ၂၀၂၂ မှာ ရိတ်သိမ်းဆွတ်ခူးခွင့် ရရှိလာမယ်။ မနှစ်ကထက် လူရောစိတ်ပါ သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်လိမ့်မယ်။ ဟိုးအရင်နှစ်ပေါင်းများစွာ ရုန်းကန်မှုအားလုံးက ၂၀၂၂ အရောက်မှာ အတွေ့အကြုံတွေ၊ ရင့်ကျက်မှုတွေအဖြစ် အသွင်ပြောင်းလဲ ဖြစ်တည်လာမယ်။ အရင်က စိုးရိမ်ကြောင့်ကျခဲ့သမျှကိစ္စတွေက ဒီအချိန်မှာ ဘာမှမဟုတ်၊ ဘာမှ အရေးမပါတော့ဘူးဆိုတာ သိမြင်လာမယ်။

၂၀၂၂ မှာ ဘာသာရေး၊ ကုသိုလ်ရေးတွေ အားထုတ်နိုင်လေ အကျိုးရှိလေ ဖြစ်လာမယ်။ ဆရာသမားကောင်းနဲ့ ဆုံဆည်းရတတ်ပြီး အဆင့်မြင့်ပညာတွေ၊ သင်တန်းတွေလည်း တက်ရောက်လေ့လာဆည်းပူးခွင့် ရလာပါမယ်။ နိုင်ငံရပ်ခြားခရီးကိစ္စ ကြိုးပမ်းနေသူတွေ အောင်မြင်မှု ရလာနိုင်ပြီး ကံတရားက ဖေးကူပေးမယ့်နှစ် ဖြစ်ပါတယ်။

မှတ်ချက် – ဒီနှစ်ရဲ့ကံအကောင်းဆုံး ရာသီခွင် (၃) ခုဟာ တောက်လျှောက် ကံအကောင်းချည်း ဖြစ်နေမယ်လို့ ဆိုလိုတာ မဟုတ်ဘဲ အဆိုးအညံ့တွေ ကြုံလာရရင်တောင် သူများထက် သက်တောင့်သက်သာ အလွယ်တကူ ကျော်ဖြတ်နိုင်မှာဖြစ်ပြီး အကောင်းတွေ ကြုံရချိန်မှာလည်း သူတကာထက် သာလွန်လိမ့်မယ်လို့ဆိုလိုပါတယ်။

၂၀၂၂ နှစ်မှာ ကံကောင်းသထက် ကောင်းနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)