သတိထားရမယ့် ဗုဒ္ဓဟူးနောက်ပြန်ကာလ

ကမ္ဘာနဲ့အနီးဆုံး ဂြိုဟ်တစ်လုံး ဖြစ်တဲ့ မာကျူရီ (ခေါ်) ဗုဒ္ဓဟူးဂြိုဟ်ဟာ တစ်နှစ်မှာ သုံးလေးကြိမ်လောက် အသွားမမှန် ဖောက်ပြန်တတ်ပါတယ်။ နက္ခတ်ဗေဒင်အရ ဂြိုဟ်သွားလမ်းကြောင်း နောက်ပြန်လှည့် သွားတယ်လို့ ဆိုချင်တာပါ။ ဒီလို နောက်ပြန်လှည့်ချိန်မှာ ရာသီခွင်အလိုက် ပြဿနာလေးတွေလည်း ဖြစ်ပွားတတ်ပါတယ်။ (အောက်ပါပုံမှာ ကြည့်ပါ)

အထူးသဖြင့် စကားနဲ့ ဆက်သွယ်ရေးကို ကိုယ်စားပြုတဲ့ ဗုဒ္ဓဟူးဂြိုဟ်ကြောင့် ဒီကဏ္ဍတွေမှာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် စကားမှားလို့ ဖြေရှင်းရတာ၊ ပို့လိုက်တဲ့ မက်ဆေ့တွေ လွဲချော်တာ၊ ဆက်သွယ်ရေးကွန်ရက်တွေ ပြတ်ကုန်တာ၊ လူမှုရေးပြဿနာ ပေါ်တာ စတဲ့ကိစ္စတွေ ပေါ်ပေါက်တတ်ပါတယ်။ အခုလည်း ၂၀၂၄ ၊ ဧပြီ ၁ ရက်ကနေ ၂၅ ရက်အထိ ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်သွားနေပါတယ်။

အဓိကအချက်အနေနဲ့ ဗုဒ္ဓဟူးနောက်ပြန်လှည့်ချိန်မှာ စာချုပ် ချုပ်ဆိုတာ၊ ကတိကဝတ် ပြုတာ၊ စကားကတိတွေ ပေးတာမျိုး ရှောင်ကျဉ်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စကားပြောဆို၊ မက်ဆေ့ဂ်ျ ပေးပို့တာ၊ အပြန်အလှန် ဆက်သွယ်ကြရာမှာ နားလည်မှု လွဲတာ၊ အဆက်အသွယ်တွေ ပြတ်တောက်ကုန်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စီစဉ်ထားတဲ့အတိုင်း မဖြစ်လာဘဲ ကြုံသလို စခန်းသွားရတာ၊ ခရီးကိစ္စတွေမှာဆိုရင် ဖြစ်သလို သွားရလာရတာတွေ ရှိလာနိုင်ပါတယ်။

ဒီကာလမှာ တစ်ခုခုကို ရှေ့တိုး လုပ်ဆောင်တာထက် ကိုယ်လုပ်နေဆဲ ဖြစ်နေဆဲ အရာတွေကို ပြန်သုံးသပ်တာ၊ ကောင်းဆိုးနှစ်တန် ချင့်ချိန်စဉ်းစားတာက ပိုပြီး သင့်လျော်ပါလိမ့်မယ်။ ဒီကာလမှာ ၁၂ ရာသီဖွားတွေ ဘာဖြစ်တတ်သလဲ ဘာတွေ သတိထားရမလဲဆိုတာ ဖော်ပြပေးပါမယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) – ဒီကာလအတွင်း ဘာလုပ်လုပ် တလွဲတချော်တွေ များမယ်။ အကြံအစည် ရည်ရွယ်ချက်တွေ ခဏ ခေါက်ထားပြီးတော့ ဘာမဆို ခေါင်းအေးအေးထား စဉ်းစား လုပ်ကိုင်သင့်တယ်။ စိတ်ရှုပ်စရာကိစ္စတွေလည်း မကြာခဏ ကြုံရတတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – ဒီကာလအတွင်း မလိုလားအပ်တဲ့ စိတ်သောကတွေ များနေတတ်တယ်။ အလိုလိုနေရင်း စိုးရိမ်ပူပန်တာ၊ စိတ်တွေ ဂယောင်ချောက်ချား ဖြစ်တာတွေ ခံစားရတတ်တယ်။ နိုင်ငံရပ်ခြားကိစ္စတွေ နှောင့်နှေးမှု ဖြစ်တတ်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ဒီကာလအတွင်းမှာ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ စိတ်ညစ်ရတာတွေ ဖြစ်တတ်တယ်။ အချင်းချင်းတွေ အထင် မှားတာ၊ မိတ်ဆွေချင်း စိတ်အခန့်မသင့် ဖြစ်တာ၊ ငွေကြေးကိစ္စမှာ ပြောရဆိုရ ငြင်းခုံရတတ်တာတွေ ဖြစ်လာနိုင်ပါတယ်။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – ဒီကာလမှာ အလုပ်ကိစ္စမှန်သမျှ သတိကြီးစွာ လုပ်သင့်တယ်။ လုပ်ပြီးမှ မှားမှန်းသိတာ၊ တလွဲတွေ လုပ်မိတာ၊ လုပ်ငန်းခွင်မှာ သုံးစွဲနေတဲ့ ကိရိယာပစ္စည်းတွေ ပျက်တာမျိုး ဖြစ်တတ်တယ်။ အလုပ်အစီအစဉ်တွေလည်း လွဲချော်တတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) –  ဒီကာလအတွင်း ခရီးဝေးခရီးရှည်တွေ သတိနဲ့ သွားသင့်တယ်။ လမ်းခရီးမှာ ကြန့်ကြာတာ၊ စာရွက်စာတမ်း လိုအပ်တာ၊ ခရီးစဉ် ဖင့်နှေးတာတွေ ဖြစ်တတ်တယ်။ စိတ်ရှုပ်စရာလေးတွေ ခံစားရတတ်ပါတယ်။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – ဒီကာလမှာ ငွေကြေး ရင်းနှီးထည့်ဝင်တာ၊ ကြွေးပေးတာတွေ ရှောင်သင့်တယ်။ ငွေထည့်တာ၊ ချေးငှားတာမျိုး လုပ်ရင် ဆုံးတတ်တယ်။ ကျန်းမာရေးမှာလည်း သရိုးသရီနဲ့ ဘာဖြစ်မှန်းမသိဘဲ စိတ်ထင့်နေရတတ်ပါတယ်။

တူရာသီဖွား(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – ဒီကာလပိုင်းမှာ ချစ်ရေးချစ်ရာ၊ အိမ်ထောင်ရေး၊ နှလုံးသားရေးတွေမှာ အထင်မှားတာ၊ နားလည်မှု လွဲတာတွေ ဖြစ်လွယ်တတ်တယ်။ အချင်းချင်း ကြည့်မရ ဖြစ်တတ်သလို ပျိုရွယ်သူတွေဆိုရင်လည်း ရည်းစားသနာကိစ္စမှာ စိတ်ရှုပ်ရတတ်ပါတယ်။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – ဒီကာလအတွင်း နေ့စဉ် လုပ်ငန်းကိစ္စမှာ ခေါင်းခဲစရာတွေ၊ အာရုံနောက်စရာတွေ ဖြစ်ပွားတတ်တယ်။ ရောဂါဟောင်း၊ အနာဟောင်းတွေ ပြန်ပေါ်တတ်ပြီး ကိုယ့်ကို အတိုက်အခံ လုပ်တာလည်း ကြုံလာရတတ်ပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – ဒီကာလအတွင်း စိတ်ကူးပေါက်သလို လုပ်တဲ့ကိစ္စတွေ လက်ရှောင်ရမယ်။ အထူးသဖြင့် လောင်းကစား၊ အပျော်အပါးတွေကြောင့် စိတ်ညစ်ရတတ်တယ်။ လူငယ်တွေ နှလုံးသားရေးမှာ လိုအင်ဆန္ဒ မပြည့်ဘဲ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – ဒီကာလမှာ မိသားစုတွေကြား စိတ်အခန့်မသင့်တာတွေ များလာနိုင်တယ်။ အချင်းချင်း အပြစ်မြင်လွယ်နေပြီး အဖုအထစ်တွေ ဖြစ်ရတတ်တယ်။ ယာဉ်ကားကိစ္စ၊ အိုးအိမ်ခြံမြေကိစ္စတွေ ဒီကာလမှာ ရှေ့တိုး မလုပ်တာ ကောင်းမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – ဒီကာလအတွင်း ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူတွေတိုင်းကို သတိထားရမယ်။ ကိုယ်က မရည်ရွယ်လိုက်ပေမဲ့ တဖက်သားမှာ ခံရခက်သွားတတ်တယ်။ အတွေးတွေ များပြီး စိတ်တွေ ရှုပ်ထွေးလွယ်တဲ့ကာလမျိုး ဖြစ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – ဒီကာလအတွင်း ငွေရေးကြေးရေးကိစ္စတွေမှာ သတိနဲ့ ဆောင်ရွက်ရမယ်။ ငွေချေးတာ၊ လွှဲပြောင်းတာတွေမှာ အမှား ဖြစ်ပြီး မနည်း ပြန်ရှင်းရတတ်တယ်။ အသုံးအစွဲ လက်လွန်တာ၊ မဟုတ်တဲ့နေရာမှာ ငွေသုံးမိတာတွေလည်း ဖြစ်တတ်ပါတယ်။

ဧက (ဗေဒင်သုတ) ရေးသားပါတယ်။ တခြားမှာ ပြန်သုံးတာ၊ ပြန်ကူးဖော်ပြတာ လုံးဝ ခွင့် မပြုပါ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)