(၅) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၅) ကြွင်းရင် ဒီယေဘုယျအဟောတွေကို ဖတ်ရှုနိုင်ပါတယ်။ ဒီကမ္ဘာပေါ်မှာ နည်းပေးလမ်းပြ လုပ်ရသော လုပ်ငန်းမျိုးတွေမှာ အအောင်မြင်နိုင်ဆုံး အကြွင်းဖွားကိုပြပါ ဆိုရင် (၅) ကြွင်းဖွားတွေကိုပဲ လက်ညှိး ညွှန်ရပါလိမ့်မယ်။ လမ်းပြ ၊ နည်းပြ ၊ ဧည့်ကြို စသည်ဖြင့် သူတစ်ပါးတို့ကို နည်းပေးလမ်းညွှန် လုပ်ငန်းမျိုးတွေမှာ အောင်မြင်မှု အရနိုင်ဆုံးသူတွေပါပဲ။

သူတို့တွေဟာ ငယ်စဉ်ကတည်းက မြေပုံတွေ၊ တည်နေရာတွေ၊ ဘယ်ကို ဘယ်လိုသွားရမယ် ၊ ဘယ်အရာကို ရအောင် ဘယ်လို လုပ်ရမယ်ဆိုတာတွေကို အခြား အကြွင်းဖွားတွေထက် ပိုမို သိမြင်နိုင်စွမ်း ရှိကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြားသူများထက် စောစောကြိုပြီး အောင်မြင်နိုင်ကြတာကို တွေ့ရပါတယ်။ (၅) ကြွင်းဖွားတွေဟာ စွန့်ဦးတီထွင်သူများ ၊ ရှေ့ဆောင်သူများ နေရာမှာ ရှိတတ်ကြပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သူတို့တွေဟာ အစွန်းရောက်နေတဲ့အတ္တကိုသာ နိုင်အောင် ချုပ်ကိုင်နိုင်မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ မြတ်နိုးစရာ အကောင်းဆုံး လူသားတွေလို့တောင် ဆိုနိုင်မှာပါ။ သို့သော် အကြောင်းအားလျော်စွာပဲ တစ်ခါတစ်ရံမှာ နိုးထလာတတ်တဲ့ သူတို့ရဲ့ အစွန်းရောက် အတ္တတွေကြောင့် လူတွေက သူတို့ကို ရွံရှာသွားစေတဲ့အထိ အမုန်းပွားမှုကို ခံယူကြရပြန်ပါတယ်။ (၅) ကြွင်းဖွားတွေဟာ မယုံကြည်ရင် လုံးဝ မယုံကြည်တတ်သလို ၊ ယုံကြည်မိရင်လည်း အစွန်းရောက်တဲ့အထိ ယုံကြည် စွဲလမ်းမိတတ်ကြပါသေးတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှု အစွန်းရောက်သူများ၊ ဘာသာရေးနဲ့ လူမျိုးရေး အစွန်းရောက်များဟာ ငါးကြွင်းဖွား အများစု ဖြစ်လာကြပါတယ်။

အချို့သော (၅) ကြွင်းဖွားတွေကတော့ မိမိကိုယ်မိမိက လွဲပြီး ဘာတစ်ခုမှကို ယုံကြည်မှု မရှိတတ်ကြပါဘူး။ တနည်းအားဖြင့် အချို့သော (၅) ကြွင်းဖွားတို့ကို ဘာသာမဲ့ ဝါဒီတွေအဖြစ်လည်း တွေ့မြင်ရနိုင်ပါတယ်။ တစ်ကယ်တော့ (၅) ကြွင်းဖွားတွေအနေနဲ့ တစ်ခုခုကို အလွယ်တကူ ယုံကြည်ဖို့ ခက်ခဲခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယုံကြည်မိပြီ ဆိုရင်လည်း ဒါမှဒါ ၊ ဘာမှလာမပြောနဲ့ ဆိုတာမျိုး ယုံကြည်မှု အစွန်းရောက်တတ်ကြပြန်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၅) ကြွင်းဖွားတွေ တန်ဖိုးထား အမြတ်နိုးဆုံး ရတနာကို ဖော်ပြပါဆိုရင် အချိန်ပဲ ဖြစ်ပါ လိမ့်မယ်။ စက္ကန့် တိုင်း ရှေ့ကိုရောက်ဖို့ လိုတယ် နောက်ကျလို့ မဖြစ်ဘူး ဆိုတဲ့ အတွေးတွေ အမြဲ လွှမ်းမိုးနေတတ်ကြသော (၅) ကြွင်းဖွားတွေအဖို့ အချိန် ဆိုတာ ဘယ်လိုမှ ဆုံးရှုံးလို့ မဖြစ်တဲ့ ရတနာ တစ်ပါးပါပဲ။ ဒါကြောင့်လည်း သူတို့တွေဟာ နာရီကောင်းကောင်း လေးတွေ ကြိုက်တတ်ပြီး ၊ အများစုကတော့ နာရီကို နည်းနည်း ကြိုစော တိုက်ထားတတ်ကြပါတယ်။ ဒါမှလည်း နောက်ကျသက်သာမယ်လို့ ထင်မြင်နေတတ်ကြသူတွေပါ။

(၅) ကြွင်းဖွားတွေရဲ့ သဘာဝပေး လက်နက်ကို ပြပါဆိုရင် မေတ္တာနဲ့ ငြိမ်းချမ်းရေး စွမ်းရည်ပါပဲ ။ အမြဲဆူပူ ငြူစူနေတတ်သော ၊ မျက်နှာကြော အမြဲတင်းနေသော ၊ ဒေါသကြီးသော ၊ ပေါက်ကွဲလွယ်သော (၅) ကြွင်းဖွားများဟာ တကယ်တော့ လက်နက်မဲ့ အကာကွယ်မဲ့ ကျရှုံးနေသူများပဲ ဖြစ်ပါလိမ့်မယ်။ အမြဲ ပြုံးရွှင်နေတတ်သော ၊ သူတစ်ပါးတို့အပေါ် အမှန်တကယ် မေတ္တာစိတ်ထားတတ်သော ၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တတ်သော (၅) ကြွင်းဖွားမျိုးတွေကတော့ လက်နက်အပြည့်အစုံ တပ်ထားတဲ့ အောင်မြင်မှုရရှိနေသော သူမျိုးတွေလို့ ဆိုနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သည်နေရာမှာ (၅) ကြွင်းဖွားများတွေအတွက် ဥပမာတစ်ခု တင်ပြရရင် ကျေးဇူးတော်ရှင် တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီးဟာ (၅) ကြွင်းဖွားပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး ပရိတ်ရွတ်တဲ့ အခါ ပရိတ်ရေများ ဆူပွက်ကျတာကို စာဖတ် ပရိသတ် အများစုအနေနဲ့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဆရာတော်ကြီးဟာ မေတ္တာပွားများနိုင်မှု မှာ အထူးထင်ရှားခဲ့ပြီး ကျားရိုင်းတောရိုင်းတွေတောင် ယဉ်ပါးသွားစေတဲ့အထိ မေတ္တာစွမ်းရည် ကို အသုံးပြုနိုင်ခဲ့ပါတယ်။ ဒါကြောင့် (၅) ကြွင်းဖွား တွေအားလုံးကို အကောင်းဆုံး အကြံပေးလိုတာကတော့ မည်သည့် အခက်အခဲမျိုးကို မဆို မေတ္တာတရားကို လက်ကိုင်ပြုပြီး ကျော်ဖြတ်ပါ။ မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် မေတ္တာစိတ် အမှန်တကယ် ထားပြီး ပြုံးရွှင်ကြည်သာ ဆက်ဆံပါ။ တစ်ကယ်တော့ (၅) ကြွင်းဖွားတွေအတွက် အပြုံး ဆိုတာလည်း လက်နက်တစ်ပါးပါပဲ။

(၅) ကြွင်းဖွားတွေဟာ အထက်တန်းလွှာ လူတန်းစားတွေ၊ အမြင့်မားဆုံး အောင်မြင်နေသူတွေ နဲ့ ရင်းနှီး ပတ်သက်ရ လွယ်ကူသော ကံလည်း ရှိပါတယ်။ တနည်းအားဖြင့် အထက်လွှာ လူတန်းစားတွေနဲ့ နီးစပ်  ပတ်သက် ရတတ်သော ကံရှိပါတယ်။ ဒီကံကို အသုံးပြုတတ်ရင်လည်း ဘ၀တိုးတက်ရေးမှာ အကျိုးပြုပါလိမ့်မယ်။ အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)