၇ နေ့ဖွား လစဉ်ဟောကိန်း (၂၀၂၁ ၊ ဇန်နဝါရီလ)

တနင်္ဂနွေနေ့ဖွားများ – ကိုယ်တိုင်ကြိုးပမ်းအားထုတ်မှုများအရာထင်လာမည်။ လုပ်ငန်းစီးပွားအခြေအနေ တိုးတက်မှုရမည်။ လူချစ်လူခင်ပေါများသောကာလ ဖြစ်ပြီး စိတ်လိုအင်ဆန္ဒအချို့ ပြည့်ဝမည်။ မိတ်ဆွေ အပေါင်းအသင်းများ၊ မိသားစုများနှင့် ပျော်ပွဲရွှင်ပွဲများ ဆင်နွဲရမည်။ အဆက်အသွယ်ကောင်းများ ရရှိခြင်း၊ စိတ်ကူးအကြံကောင်းများ ပေါ်ထွန်းလွယ်တတ်သော လဖြစ်သည်။ ငွေကြေးဓနဥစ္စာ ပေါကြွယ်ဝြခင်း လိုရာပြည့်စုံခြင်း၏ နိမိတ်ကောင်းဆောင်သော ကာလဖြစ်သည်။

ယတြာ – တနင်္လာနေ့ညနေတွင် ကလေးငယ် ၂ ဦးကို မုန့်ကျွေးပါ။

တနင်္လာနေ့ဖွားများ – အချစ်ရေး မေတ္တာရေးနှင့် ပက်သက်ပြီး ကံပွင့်လန်းသောကာလ ဖြစ်သည်။ ဝေးကွာနေသူများနှင့်ပြန်လည်ဆုံဆည်းရမည်။ အလှူမင်္ဂလာ ပွဲလမ်းသဘင်များသို့ ဖိတ်ကြားခံရမည်။ ယခုကာလအတွင်း တစ်ပါးသူပေါ် အကြံပေးရခြင်း အဆိုတင်သွင်း ခြင်းများ အောင်မြင်မည်။ မိတ်ကောင်းဆွေကောင်းများနှင့် ဆုံဆည်းရမည်။ အခက်အခဲ ကြုံနေသူအချို့ကို ကူညီဖေးမခွင့်ကြုံမည်။ စိတ်ခံစားချက် ပြင်းထန်မှုများတတ် သောကာလဖြစ်သည်။

ယတြာ – အင်္ဂါနေ့ မနက်တွင် အမျိုးသမီးကြီးတစ်ဦးအား ခေါင်းလျှော်ရည် လက်ဆောင်ပေးပါ။

အင်္ဂါနေ့ဖွားများ – အမှန်အမှား အကောင်းအဆိုးအကြောင်းအကျိုးကို မှန်ကန်စွာ ဆုံးဖြတ်နိုင်မည့် ကာလ ဖြစ်သည်။ မိမိပြုလုပ်ထားသည့်အတိုင်း ကောင်းဆိုး တရားအချို့ကို အမှန်အတိုင်း ကြုံတွေ့ရမည့် ကာလ ဖြစ်သည်။ မတရားလုပ်ခံထားရသည်များရှိပါက ယခုကာလတွင်း မျှမျှတတ အဆင်ပြေသွားမည်။ မတရား ဖိနှိပ်ခံရခြင်းများမှ လွတ်မြောက်မှုရမည်။ အကြီးအကဲကောင်းများထံ အကူအညီ အကြံဥာဏ် တောင်းခြင်းဖြင့် အဆင်ပြေမည်။ တပါးသူများ၏ အဆင်မပြေမှု အငြင်းပွားမှုပေါ် ကိုယ်တိုင် ၀င်ရောက်ဖြေရှင်းပေးခြင်းဖြင့် အဆင်ပြေသွားမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ယတြာ – ကြာသပတေးနေ့တွင် မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါ။

ဗုဒ္ဓဟူးနေ့ဖွားများ – အခက်အခဲများကြားမှ အဆင်ပြေတိုးတက်မှုရရှိမည်။ မထင်မှတ်သော အကြောင်းအရာများ အပြောင်းအလဲများ ပေါ်ပေါက်မည်။ ငွေကြေး ရင်းနှီးမြုပ်နှံမှုများ ရှိတတ်သည်။ သတိပြုရန်မှာ လောင်းကစားကိစ္စများတွင် ငွေကြေးကစားခြင်း လုံးဝမပြုသင့်ပါချေ။ အသိဥာဏ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်ခြင်းဖြင့် အခက်အခဲများမှ ကျော်လွှားနိုင်ပါမည်။ ငွေကြေးကံကောင်းခြင်းရှိမည်။

ယတြာ – တနင်္လာနေ့တွင် ငှက်စာကျွေးပါ။

ကြာသပတေးနေ့ဖွားများ – အမှားအမှန် ကိုခွဲခြားသိမြင်ပြီး ဦးတည်ချက်လားရာ အပြောင်းအလဲများ ကြုံမည့်ကာလဖြစ်သည်။ စွန့်ခွာသင့်သည်များ ချန်ရစ်ခဲ့သည်များကို စွန့်ခွာချန်ရစ်ပြီး စိတ်ကူး အကြံအစည်သစ်များဖြင့် ရှေ့ဆက်ရမည့်ကာလဖြစ်သည်။ အတွေ့အကြုံများ သင်ခန်းစာများကြောင့် မိမိယုံကြည်ချက်ကို မြှင့်တင်နိုင်မည့်ကာလဖြစ်သည်။ ယာယီတိုးတက်မှု များကို ဥပက္ခာပြုပြီး ရေရှည် တိုးတက်မှုအတွက် စွန့်စားရမှုများကြုံမည့် ကာလဖြစ်သည်။

ယတြာ – ဗုဒ္ဓဟူးနေ့ ညနေတွင် အသက်အရွယ်ကြီးသော အဖိုးအိုတစ်ဦးအား ဆေးဝါးဓာတ်စာလှူဒါန်းပါ။

သောကြာနေ့ဖွားများ – ထူခြားသော အပြောင်းအလဲများ ကြုံမည်။ ငွေကြေးကိစ္စကံကောင်းမည့် ကာလ ဖြစ်သည်။ လက်ရှိကြုံတွေ့နေရသော ပြဿနာများ အဆုံးသတ်သွားမည်။ မိမိကိုယ်တိုင်လည်း အပြောင်းအလဲ ပြုလုပ်ရန် ၀န်မလေးသင့်ပါ။ အပြောင်းအလဲ၏ နောက်တွင် ကောင်းကျိုးရလဒ်များခံစားရမည်။ ရည်မှန်းချက် ပန်ုးတိုင်သို့ ရောက်ရှိရန် ကံအခွင့်အလမ်းများ ပေါ်ပေါက်မည့်ကာလဖြစ်သည်။

ယတြာ – တနင်္ဂနွေနေ့ မနက်တွင် ယပ်တောင်တစ်ချောင်း မိတ်ဆွေအား လက်ဆောင်ပေးပါ။

စနေနေ့ဖွားများ – သိမ်မွေ့နူးညံ့စွာဖြင့် ပြဿနာအခက်ခဲများအား ဖြေရှင်းနိုင်မည်။ စိတ်ကောင်း စေတနာ ထားရှိတတ်ခြင်း၏ ကောင်းမျိုးများခံစားရမည်။ ယခုကာလတွင်း မူးယစ် ဆေးဝါးအန္တရာယ်သတိပြုရမည်။ ဥပဒေ စည်းကမ်းနှင့်မညီသော လုပ်ငန်းလုပ်သူများနှင့်ကင်းအောင်နေပါ။ အိမ်မွေးတိရစ္ဆာန်များ ၀င်လာခြင်း ရှိတတ်သည်။ လူမှုရေးပိုင်းကိစ္စ ဆောင်ရွက်မှုများ အဆင်ပြေမည်။

ယတြာ – တနင်္လာနေ့ညနေတွင် ငါးစာကျွေးပါ။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့် KP ရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)