ကြာသပတေးဂြိုဟ်စီးဂြိုဟ်နင်းနဲ့ ၁၂ ရာသီခွင်ကံဇာတာ

ကောင်းကျိုးချမ်းသာအဖြာဖြာကို ပေးစွမ်းနိုင်တဲ့ အတိသုခ ကြာသပတေးဂြိုဟ်ကြီးဟာ အနောက်တိုင်းသာယန နက္ခတ်ဗေဒင်စနစ်အရ ဇွန်လ ၂၀ ရက်နေ့ကနေ အောက်တိုဘာ ၁၈ ရက်နေ့အထိ အသွားမမှန်ဘဲ နောက်ပြန် လှည့်လည် သွားလာတော့မှာ ဖြစ်ပါတယ်။

ကြာသပတေးဂြိုဟ် နောက်ပြန်သွားချိန် ဖြစ်တဲ့ ( ဇွန် ၂၀ – အောက်တိုဘာ ၁၈ ) အတွင်း ၁၂ ရာသီဖွားတွေပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁၂ ရာသီဖွားဟောစာတမ်းကို နားမလည်သူများအဖို့ ဥပမာတစ်ခု ပြောရရင် သင်ဟာ မေလ ၂၇ ရက်မှာ မွေးဖွားခဲ့တယ် ဆိုပါစို့။ မေ ၂၇ ဆိုတာ (မေ ၂၁-ဇွန် ၂၀) အတွင်းမှာ ရှိနေလို့ သင့်အနေနဲ့ မေထုန်ရာသီဖွား ဟောကိန်းကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ဇွန် ၂၀ ကနေ ဇူလိုင်လကုန်အထိ အကုန်အကျတွေ များလာနိုင်သလို အတိတ်က ဖြစ်ရပ်တွေကြောင့် နောင်တတွေ၊ စိတ်ပျက်စရာတွေ ခံစားရတတ်တယ်။ ဇူလိုင်လကျော်ရင်တော့ ဝင်ငွေ ကောင်းတာ၊ မိတ်ကောင်းဆွေကောင်းဆီက အကူအညီရတာနဲ့ လိုအင်ဆန္ဒ ပြည့်ဝတာတွေ ဖြစ်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ဇူလိုင်လကုန်ထိ လူမှုရေးကိစ္စတွေနဲ့ လုံးပန်းရတတ်ပြီး အဲဒီနောက်မှာ အလုပ်အကိုင်တွေ အရင်ထက် ပိုကောင်းလာနိုင်တယ်။ စီးပွားသစ်လုပ်ငန်းသစ် စတင်ရတတ်တယ်။ တိုးတက် အောင်မြင်မှုလည်း ရလာနိုင်တယ်။ အိုးအိမ်၊ နေရာနဲ့ ယာဉ်ကားကိစ္စတွေ၊ ငွေကြေးကိစ္စတွေ အဆင်ပြေမယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – ဇွန် ၂၀ ကနေ စပြီး အလုပ်တွေ ပိုများ၊ပိုရှုပ်လာနိုင်တယ်။ လုပ်စရာတွေ ပိုများလာလို့ အချိန်မလောက်သလိုတောင် ဖြစ်လာမယ်။ ဒါပေမယ့် ဇူလိုင်နောက်ပိုင်းမှာ မမျှော်လင့်ဘဲ ကံတွေ ကောင်းလာမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ အကျိုးပေးမယ်။ ဆရာကောင်းသမားကောင်းနဲ့ ဆုံမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ဇွန် ၂၀ ကနေ အောက်တိုဘာ ၁၈ အထိ ကာလတစ်လျှောက်လုံး အကောင်းအဆိုးတွေ အမျိုးမျိုးကို ဖြတ်သန်းရလိမ့်မယ်။ ငွေကုန်ကြေးကျတွေ သိပ်များလာနိုင်တယ်။ အလုပ် စီးပွားအသစ် စတင်ဖို့ မသင့်သေးဘူး။ ဒါပေမယ့် အကြီးအကဲ၊ ဆရာသမားတွေဆီက အကူအညီတွေ ရမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ဇူလိုင်လထဲမှာ မေတ္တာရေးကဏ္ဍ ပြဿာနာလေးတွေ ရှိလာမယ်။ ဒါပေမယ့်အဲဒီနောက်ပိုင်းမှာ အားလုံး ပြေလည်သွားမယ်။ ရပ်ထားရတဲ့အလုပ်တွေ ပြန်စနိုင်မယ်။ လုပ်ငန်းစီးပွား ကံဇာတာ ကောင်းလာပြီး အရှိန်ယူ ကြိုးစားနိုင်မယ်။ မပြေမလည် ဖြစ်နေတဲ့ဆက်ဆံရေးတွေ အေးချမ်းမှုရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ဇွန် ၂၀ နဲ့ ဇူလိုင်လကုန်ထိမှာ အချစ်ရေး၊ အိမ်ထောင်ရေးကံ အားနည်းနိုင်တယ်။ အချင်းချင်း မသင့်မြတ်တာတွေ များမယ်။ နားလည်ရညှိနှိုင်းရ ခက်ခဲမယ်။ ဇူလိုင်ကျော်ရင် လုပ်ငန်းစီးပွားတွေ ကောင်းလာနိုင်တယ်။ ငွေကြေးကိစ္စနဲ့ အတိုက်အခံကိစ္စတွေကို ဖြေရှင်းဖြတ်ကျော်နိုင်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – သူများပြဿနာတွေ၊ အရှုပ်ထုပ်တွေထဲ ကြားဝင်ပါပြီး ဖြေရှင်းရတတ်တယ်။ ဒါပေမယ့် ကိုယ်ပါလည်း မထူးခြားတာမို့ လက်ရှောင်တာ ကောင်းမယ်။ ဇူလိုင်ကျော်ရင် အကြံအစည်ကောင်းတွေ ပေါ်လာလိမ့်မယ်။ နှလုံးသားရေးနဲ့ ပညာလေ့လာရေးတွေလည်း ထူးခြားလာမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ဇွန် ၂၀ ကနေ အောက်တိုဘာ ၁၈ ထိ သိပ်မထူးခြားတဲ့ ကာလကို ဖြတ်သန်းရမယ်။ အတွေးအကြံတွေ ဘယ်လောက်ထုတ်ထုတ် သုံးမရဘဲ ဖြစ်နေမယ်။ ဇူလိုင်အကုန် နောက်ပိုင်းမှာ ငွေကြေးကိစ္စ၊ အိုးအိမ်နေရာကိစ္စတွေအတွက် ပင်ပန်းရမယ်။ မျှော်လင့်တာနဲ့ လွဲချော်နိုင်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ဇူလိုင်လကုန်ထိ စိတ်ရောလူပါ ခြေကုန်လက်ပန်းကျသလိုတွေ ဖြစ်နေမယ်။ ဘာကိုမှ တက်တက်ကြွကြွ မရှိတော့ဘဲ စိတ်ကုန်နေတတ်တယ်။ ဇူလိုင်ကျော်ရင်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဆီက အကူအညီတွေ ရမယ်။ ဆရာသမား၊ အကြီးအကဲတွေက ဖေးမကူညီမယ်။

မကာရရာသီဖွား ( ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – ဇွန် ၂၀ ကနေ ဇူလိုင်လကုန်ထိ ပတ်ဝန်းကျင်ဆက်ဆံရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ များမယ်။ လူတွေနဲ့ အစေးမကပ်ဘဲ ဖြစ်နေတတ်တယ်။ ဒါပေမယ့် ဇူလိုင်လ နောက်ပိုင်းက စပြီး ဝင်ငွေတိုးပွား ရရှိတတ်တယ်။ တချိန်တည်းမှာပဲ အပေးအယူတွေကို သတိထားလုပ်ရမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ဇူလိုင်လကုန်ထိ အသုံးအစွဲတွေ လက်ဖွာပြီး အကုန်အကျက အရမ်း များလာနိုင်တယ်။ အဲဒီနောက် အလုပ်ရော ဘဝအနေအထားမှာပါ အပြောင်းအလဲတွေ ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မထင်မှတ်တဲ့ ကံကောင်းခြင်းတွေ ရရှိလိမ့်မယ်။ ဝင်ငွေရလမ်းသစ်တွေ ပေါ်မယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ဇွန်၊ ဇူလိုင်ထဲမှာ ရေဆန်ကို ကူးခတ်ရသလို ပင်ပန်းရုန်းကန်ရမယ်။ လမ်းပျောက်သလိုလည်း လူက ဝေဝါးနေတတ်တယ်။ ဇူလိုင်နောက်ပိုင်းမှာတော့ အသုံးအစွဲတွေ များလာနိုင်ပြီး ပိုင်ဆိုင်မှုတွေ တိုးလာနိုင်တယ်။ စာချုပ်စာတမ်းကိစ္စ၊ အိုးအိမ်နဲ့ ယာဉ်ကားကိစ္စတွေမှာ အလျင်မလိုဖို့ သတိပြုပါ။

ကြာသပတေးဂြိုဟ်စီးဂြိုဟ်နင်းမှာ ၁၂ ရာသီခွင်အားလုံး ဘေးကင်းကျန်းမာ လိုရာပြည့်ကြပါစေ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)