ကြီးပွားချမ်းသာလိုသူများအတွက်

တစ်ချို့က ဒါန အဆက်ပြတ်တယ်။ ခုဘဝတော့ ချမ်းသာကြွယ်ဝ အစစ ပြည့်စုံသဗျ။ သို့သော် အလှူဒါနကျတော့ နည်းပါးတယ်။ မိမိဆန္ဒအာသီသကို ဖြည့်ဖို့သာ ကြိုးစားလုံးပန်းရင်း အချိန်ကုန်သွားရဲ့။ ဝိသာခါကျောင်းအစ်မကြီးက ယောက္ခမတွေကို ပြောသလို ပြောရရင်ဖြင့် အဟောင်းအမြင်း စားသုံးကြသူများ ဆိုပါတော့။ ထိုအဟောင်းလည်း ကုန်သွားရော စီးပွားဓနက တစ်စစ ကျလာရော။

တစ်ချို့ကတော့ ဒါနအဆက်ကို ဖြည့်သည်ထက် ဖြည့်တယ်။ ချမ်းသာလိုက်တာဟယ်၊ ချမ်းသာမှာပေါ့၊ ခုဘ၀လည်း လှူဒါန်း ပေးကမ်းတာက ကြည့်ဦးလေ နည်းတာမှ မဟုတ်တာ။ ဘယ်နေရာမှာဖြင့် ဘယ်လောက်တဲ့။ ဘယ်သူ့ကို ဘယ်လို လှူလိုက်သတဲ့ စသဖြင့်..။ ရှေးက အစဉ်အဆက် လိမ်းကျံလာသည် နံ့သာက မွှေးပါတယ်ဆိုနေမှ နောက်ထပ်လိမ်းတဲ့ လတ်လတ်ဆတ်ဆတ် နံ့သာနဲ့ပါ ပေါင်းပြီး မွှေးရုံမက သင်းပျံ့ထုံနေပါရောလား။

ဒါလေး ဘာကြောင့်ရေးရသလဲ ဆိုတော့ ကျွန်တော့်ဆီက လာဘ်ရွှင်နည်းတွေ ခဏခဏ တောင်းကြတာ များလို့ ရေးလိုက်တာပါ။ ဟဲ့ မယ်မင်းကြီးမတို့ရဲ့ ညည်းတို့တွေ တောင်းနေတဲ့ မောင်ဖုန်းတောင် အတိတ်က ဒါန နည်းခဲ့လို့၊ ရှိတဲ့ဒါနလေးကလည်းပေါ်ချိန် မရောက်သေးလို့ ခုထိမချမ်းသာသေးဘူးဟဲ့..။

ဘ၀အဆက်ဆက်က ပညာဒါနကိုပဲ စိတ်ရောက်ခဲ့လို့ထင်ရဲ့။ ခုဘ၀ ပညာအားဖြင့်တော့ ပွဲလယ်တင့်သလောက် ပိုက်ဆံကတော့ ရလိုက်ကုန်လိုက် လုံးချာလိုက်သကိုးဗျာ။ အဲဒါ ခင်ဗျားတို့က ကျုပ်ဆီ လာ လာတောင်းတော့ ကျုပ်ဖြင့် ဘာလုပ်ရပါ့။ ကဲ… ဒီလိုလေးတော့ လုပ်ကြည့်ပေါ့။ နေအိမ်ဘုရားမှာ နေ့စဉ် ကပ်နေကျ ဆွမ်းအပြင် သီးသန့်ဆွမ်းလေး တစ်ပွဲပြင် ထိုဆွမ်းသည် ပွင့်တော်မူပြီးသော ကြာသပတေးနေ့ဖွား မြတ်စွာဘုရားရှင်အပေါင်းတို့ကို ရည်စူးပြီး ကပ်သော ဆွမ်း။

ကြိုက်တာနဲ့ကပ်။ အအီအဆိမ့် ၊ အဆီအစိမ့်လေး ပါအောင်တော့ ကပ်။ မလိုင်လေး ထောပတ်လေးနဲ့ ဆွမ်းကို ဖွယ်ဖွယ်ရာရာ ပြင်ကပ်ပါ။ တတ်နိုင်တဲ့သူတွေကတော့ ငွေသားစစ်စစ် ဆွမ်းပန်းကန်နဲ့ ပြင်ပြီး ကပ်လှူပါ။ ပြီးရင် မိမိတို့မှာ အတိတ်ကံ ဒါနရှိခဲ့ရင် ထိုဒါနအမှုတို့သည် ကောင်းသော လာဘ်လာဘကို ဖြစ်ပါစေသတည်း စသည်ဖြင့် ဆုတောင်းပါ။ နောက်ဆုံးမှာ မိမိပြုသမျှ ကုသိုလ်တွေကို ကြာသပတေးဂြိုဟ် နတ်မင်းကြီးကိုပါ မေတ္တာပို့ အမျှဝေပါ။

ဆွမ်းကပ်ရမယ့် အချိန်က တနင်္ဂနွေနေ့ နံနက် ၆ နာရီကနေ ၇း၃၀ကြားမှာ စကပ်ပါ။ နောက်နေ့တွေတော့ အဆင်ပြေသလို ဆက်ကပ်နိုင်။ အလုပ်များလို့ မကပ်နိုင်တောင် တစ်ပတ်တစ်ခါ တနင်္ဂနွေနေ့တိုင်း ကပ်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က…တစ်လတစ်ခါ မိမိဝင်ငွေထဲက ဦးဦးဖျားဖျားကို နိုင်သလောက်ဖယ်၊ အိမ်မှာ မြသပိတ်လေး ဆောင်ထား။ အဲဒီ မြသပိတ်ထဲကို လစဉ် အဦးအဖျားကို လှူ၊ စုမိပြည့်လျံလာချိန်မှာ အကျိုးကျေးဇူး တယ်ကောင်းသဗျား။ အဲဒီ့လိုဆိုလို့ မြန်မြန်အဆင်ပြေအောင် မြန်မြန်ပြည့်ဟ ဆိုပြီး လောဘနဲ့မသွားနဲ့။ ပုံမှန်လေးလုပ်သွား။ ပြည့်လျှံလာတိုင်း သင့်ရာမှာ ပြန်လှု။ လှူလိုက် ပြန်ဖြည့်လိုက်၊ ပြည့်လျှံလာလိုက် ပြန်လှူလိုက်နဲ့ပေါ့။

ကဲ.. ဒါဆိုရင် နည်းစနစ်က ပြည့်စုံ လုံလောက်ပါပြီ။ အဆင်ပြေကြပါစေဗျား။ ဒါနအခံ မရှိဘဲ လာဘ်ရွှင်ချင်လို့ ဆိုပြီး ဟိုဟာဒီဟာတွေ ဆောင်မနေနဲ့ ။ အိမ်ရှုပ်တာပဲ အဖတ်တင်ပါမယ်။ ဒါကြောင့်လည်း ဟဲ့.. သူကျတော့ ဟိုအဆောင်လေး ဝယ်ဆောင်တာ ငွေဝင်ချက်.. ငါ့ကျတော့ ဘာမှ မထူးပါဘူး ဆိုတာတွေ ကြုံလာကြတာပါ။ လက်ယပ် ခေါ်နေတဲ့ ကြောင်ရုပ်ကလေးတော့ ဆောင်ထားပါရဲ့။ ငါ့ဆိုင် အရောင်းပါးလိုက်တာ…ဒီကြောင်ရုပ် ကိုင်ပေါက်ချင်လာပြီ ဆိုတာ …ဒါမျိုးခေါ်သဗျ..။

ဆိုတော့ ဗုဒ္ဓဘာသာမှာက ဘ၀သံသရာ ရှည်လျားစွာကို ဖြတ်ခဲ့ကြ ၊ မှန်တာကောင်းတာတွေလည်း လုပ်ခဲ့ကြ မှားတာတွေလည်း လုပ်ခဲ့ကြတယ် ဆိုတာ လက်ခံ ယုံကြည်ကြစမြဲ ဖြစ်ပါတယ်။ ဒီတော့ ဘ၀တစ်ခုခုမှာ ဒါနမျိုးစေ့လေးကတော့ ရှိနေတတ်ပါတယ်။ ဒါကိုလည်း ယုံကြည်လက်ခံမိကြလိမ့်မယ် ထင်ပါတယ်။ ထိုအတိတ်ကံဒါန တို့ကိုလည်း အောက်မေ့ဆင်ခြင်ပြီး ပီတိပွားကြည့်ပါ။ ပရစေတနာလေး ပြုကြည့်ပါ။ အနှစ်ချုပ်ပါ့မယ်။ ချမ်းသာချင်ရင် …ဘာလုပ်ရမလဲ။ လိုချင်ရင် ..ဘာလုပ်ရမလဲ။ လိုချင်ရင် ပေးပါ။ ချမ်းသာချင်ရင် လှူပါဗျား။

ဒီစာကို ဖတ်မိသမျှ ချမ်းသာကြပါစေသတည်း  – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)