နှစ်သစ်အခါ ခေါင်းဆေးမင်္ဂလာ

နှစ်ဟောင်းကုန်ဆုံးမည့် မဟာသင်္ကြန်ရက်များတွင် ခေါင်းဆေးမင်္ဂလာပြုခြင်းသည် အတိတ်နှစ်ဟောင်းမှ အညံ့ဆိုးများ ပြေပျောက်ခြင်း အကျိုးကို ရရှိပြီး သစ်လွင်သောနှစ်သို့ မင်္ဂလာကျက်သရေအပေါင်းနှင့် ကူးပြောင်းခြင်း နိမိတ်ကို ဖြစ်ထွန်းစေမည်ဟု ကျမ်းဂန်များတွင် ဖော်ပြလေ့ရှိသည်။

သင်္ကြန်ခေါင်းဆေးမင်္ဂလာကို ဆောင်ရွက်ရာတွင် အကျနေ့နှင့် တိုက်ဆိုင်သော နေ့ဖွားများမှ တစ်ပါး အခြားသောနေ့ဖွားများသည် သင်္ကြန်အကျနေ့တွင် သင်္ကြန်ခေါင်းဆေးမင်္ဂလာကို ပြုလုပ်ဆောင်ရွက်ရမည်။ ယခုနှစ် သင်္ကြန်အကျနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ ထို့ကြောင့် တနင်္ဂနွေနေ့ဖွားများသည် ဝိသေသ ခေါင်းဆေးခြင်းပြုရမည်။

ယခုနှစ် သင်္ကြန်ကျချိန် အခါလဂ်သည် ကန်လဂ်ဖြစ်သောကြောင့် သမန္တသင်္ကြန်မဟာသင်္ကြန် ဖြစ်သည်။

ထို့ကြောင့် သင်္ကြန်ကျပြီး ၂၄ -မိနစ်အကွာဖြစ်သော ၁၄.၄.၂၀၁၉ တနင်္ဂနွေနေ့ ညနေ ၅-နာရီ ၄၅-မိနစ် ၄၂စက္ကန့်အချိန်တွင် (တနင်္ဂနွေနေ့ ဖွားများမှလွဲ၍) အခြားနေ့ဖွားအားလုံးခေါင်းဆေးမင်္ဂလာပြုရပေမည်။

နေ့သားအလိုက် အမြစ်နံအညွန့်အရွက်ကို နင်း၍ အညွန့်နံပန်းအညွန့်ကို အဆောင်ပြုကာ ဂဟပတိအရပ်ကို မျက်နှာမူပြီး ခေါင်းဆေးမင်္ဂလာပြုကြရမည်။ သို့သော် ယခုနှစ်သင်္ကြန်အကျနေ့သည် တနင်္ဂနွေနေ့ ကြာသပတေး မြေခံဖြစ်ပေရာ တနင်္ဂနွေနေ့ဖွားများနှင့် ကြာသပတေးနေ့ဖွားများသည် ဂဟပတိအရပ်ရှိ သစ်ပင်အောက်တွင် ဂြဟဇာပွင့်သော အရပ်ကိုမျက်နှာမူပြီး ခေါင်းဆေးမင်္ဂလာပြုရပေမည်။ ရှင်းလင်းစေရန် နေ့သားအလိုက် ဖော်ပြအပ်ပါသည်။

တနင်္လာနေ့ဖွားများ -အထက်ဖော်ပြပါအချိန်၌ အုန်း ၁ရွက်ကို ခင်း၍ ဇီး (ဆူးဖယ်) ၃-ညွန့်ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော အနောက်အရပ်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့်ခေါင်းဆေးမင်္ဂလာပြုရမည်။ ပြီးလျှင် နင်းထားသော အုန်းညွန့်ကို လက်အိပ်(သို့) ညှပ်ဖြင့် ကိုင်ပြီး တနင်္လာ၏ ဘုမ္မိအရပ်ဖြစ်သော အနောက်တောင်အရပ်သို့ စွန့်ပါ။ ဆောင်ထားသော ဇီးညွန့်များကို သီရိအရပ် ဖြစ်သော အရှေ့မြောက်အရပ်သို့စွန့်ပြီး ကိုးကွယ်ရာ ဘာသာအလိုက် ရှိခိုးကန်တော့ဆုတောင်းခြင်းပြုပါ။

အင်္ဂါနေ့ဖွားများ – အထက်တွင် သတ်မှတ်ထားသော အချိန်၌ ကြံ (သို့)ကံကော် ၂-ရွက်ကိုခင်း၍ ရွက်လှ ၃-ညွန့်ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော အနောက်မြောက်အရပ်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုရမည်။ ပြီးလျှင် နင်းထားသော ကြံ (သို့)ကံကော် ကို လက်အိပ် (သို့)ညှပ်ဖြင့်ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော အနောက်အရပ်သို့ စွန့်ပါ။ ဆောင်ထားသော ရွက်လှညွန့်များကို သီရိအရပ်ဖြစ်သော အရှေ့အရပ်သို့စွန့်ပြီး ကိုးကွယ်ရာဘာသာအလိုက် ရှိခိုးကန်တော့ ဆုတောင်းခြင်းပြုပါ။

ဗုဒ္ဓဟူးနေ့ဖွားများ – အထက်တွင် သတ်မှတ်ထားသော အချိန်၌ ဇီး ၃-ညွန့်ကိုခင်း၍ ပျဉ်းမ(သို့)မေမြို့ ၅ညွန့်/ပွင့် ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော မြောက်အရပ်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုရမည်။ ပြီးလျှင် နင်းထားသော ဇီး ညွန့်များကို လက်အိပ် (သို့)ညှပ်ဖြင့်ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော အနောက်မြောက် အရပ်သို့ စွန့်ပါ။ ဆောင်ထားသော ပျဉ်းမ(သို့) မေမြို့ ပန်း/ညွန့်များကို သီရိအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့စွန့်ပြီး ကိုးကွယ်ရာဘာသာအလိုက် ရှိခိုးကန်တော့ ဆုတောင်းခြင်း ပြုပါ။

ဗုဒ္ဓဟူးနေ့ညနေမွန်းလွဲနောက်ပိုင်းဖွားများ(ရာဟုများ)- အထက်တွင် သတ်မှတ်ထားသော အချိန်၌ ဇီး ၃-ညွန့်ကိုခင်း၍ ပျဉ်းမ(သို့)မေမြို့ ၅ညွန့်/ပွင့် ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုရမည်။ ပြီးလျှင် နင်းထားသော ဇီး ညွန့်များကို လက်အိပ် ညှပ်ဖြင့်ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော အရှေ့အရပ်သို့ စွန့်ပါ။ ဆောင်ထားသော ပျဉ်းမ(သို့)မေမြို့ ပန်း/ညွန့်များကို သီရိအရပ်ဖြစ်သော အနောက်အရပ်သို့စွန့်ပြီး ကိုးကွယ်ရာ ဘာသာအလိုက် ရှိခိုးကန်တော့ ဆုတောင်းခြင်းပြုပါ။

ကြာသပတေးနေ့ဖွားများ – အထက်တွင် သတ်မှတ်ထားသော အချိန်၌ ၀ါး ၄-ညွန့်ကိုခင်း၍ သီဟို (သို့) သီး ၆ညွန့် ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော အရှေ့အရပ်ရှိ သစ်ပင်တစ်ပင်အောက်တွင် ဂြဟဇာပွင့်သော အထက်ကောင်းကင်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုရမည်။ ပြီးလျှင် နင်းထားသော ၀ါးညွန့်များကို လက်အိပ် ညှပ်ဖြင့်ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော အရှေ့မြောက် အရပ်သို့ စွန့်ပါ။ ဆောင်ထားသော သီဟို (သို့)သီးညွန့်များကို သီရိအရပ်ဖြစ်သော အနောက်တောင်အရပ်သို့စွန့်ပြီး ကိုးကွယ်ရာ ဘာသာအလိုက် ရှိခိုးကန်တော့ဆုတောင်းခြင်းပြုပါ။

မှတ်ချက်။ ။သင်္ကြန်အကျနေ့ တနင်္ဂနွေနေ့တွင် ကြာသပတေးမြေခံခြင်းကြောင့် ၀ိသေသခေါင်းလျှော်ရခြင်း မည်ပါသည်။ အရှေ့အရပ်ရှိ သစ်ပင်ကြီး အောက်တွင် အဆင်မပြေပါက မိမိတို့ နေအိမ် တိုက်ခန်းများ၏ အရှေ့အရပ်ထောင့်တွင် ပန်းအိုးချပြီး ၄င်းဘေးတွင် အထက်ကောင်းကင်သို့ မျက်နှာမူကာ ခေါင်းလျှော်နိုင်ပါသည်။ ဤသည်မှာ သင့်လျော်သလို ဥာဏ်ကူဆောင်ရွက်ခြင်းဖြစ်သည်။

သောကြာနေ့ဖွားများ – အထက်တွင် သတ်မှတ်ထားသော အချိန်၌ ပျဉ်းမ ၅-ညွန့်ကိုခင်း၍ ဒန်း (သို့) ထန်း ၇ညွန့်ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော တောင်အရပ်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာ ပြုရမည်။ ပြီးလျှင် နင်းထားသော ပျဉ်းမ ညွန့်များကို လက်အိပ်(သို့) ညှပ်တစ်ခုဖြင့်ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော အရှေ့တောင်အရပ်သို့ စွန့်ပါ။ ဆောင်ထားသော ဒန်း (သို့) ထန်း ညွန့်များကို သီရိအရပ် ဖြစ်သော အနောက်မြောက်အရပ်သို့စွန့်ပြီး ကိုးကွယ်ရာဘာသာအလိုက် ရှိခိုးကန်တော့ ဆုတောင်းပါ။

စနေနေ့ဖွားများ – အထက်တွင် သတ်မှတ်ထားသော အချိန်၌ သီဟို(သို့)သီး ၆ညွန့်ကိုခင်း၍ အုန်း ၆ညွန့်ကို ဆောင်ကာ ဂဟပတိအရပ်ဖြစ်သော အရှေ့မြောက်အရပ်သို့ မျက်နှာမူပြီး တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာ ပြုရမည်။ ပြီးလျှင် နင်းထားသော သီဟို(သို့)သီး ညွန့်များကို လက်အိပ်(သို့) ညှပ်တစ်ခုဖြင့် ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော မြောက်အရပ်သို့ စွန့်ပါ။ ဆောင်ထားသော အုန်း ညွန့်များကို သီရိအရပ်ဖြစ်သော တောင်အရပ်သို့စွန့်ပြီး ကိုးကွယ်ရာဘာသာအလိုက် ရှိခိုးကန်တော့ဆုတောင်းခြင်းပြုပါ။

တနင်္ဂနွေနေ့ဖွားများအတွက် ဝိသေသ(အထူး) ခေါင်းဆေးခြင်း

သင်္ကြန်အကျနေ့နှင့် တိုက်ဆိုင်သော တနင်္ဂနွေနေ့ဖွားများသည် အကျနေ့တွင် ခေါင်းဆေးမင်္ဂလာမပြုရဘဲ အခြားသူများနှင့် တစ်ရက် တိတိ(၂၄-နာရီခြားနားသော) ကွာဟသော အကြတ်နေ့ဖြစ်သော ၁၅.၄.၂၀၁၉ ရက် တနင်္လာနေ့ ညနေ ၅-နာရီ ၄၅-မိနစ် ၄၂စက္ကန့် အချိန်မှသာ ဂဟပတိ အရပ်ဖြစ်သော အနောက်တောင်အရပ်ရှိ သစ်ပင်အောက်တွင် ထိုနေ့၏ ဂြဟဇာပွင့်ရာအရပ်ဖြစ်သော အရှေ့အရပ်သို့မျက်နှာမူပြီး ဒန်း(သို့)ထန်း ၇-ညွန့်ကို ခင်း၍ ကံကော်(သို့) ကြံ ၂-ညွန့်ကို ဆောင်ကာ တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုရမည်။

ပြီးလျှင် နင်းထားသော ဒန်း(သို့)ထန်း ညွန့်များကို လက်အိပ်(သို့) ညှပ်တစ်ခုဖြင့်ကိုင်ပြီး ဘုမ္မိအရပ်ဖြစ်သော တောင်အရပ်သို့ စွန့်ပါ။ ဆောင်ထားသော ကံကော်(သို့) ကြံ ညွန့်များကို သီရိအရပ်ဖြစ်သော မြောက်အရပ်သို့ စွန့်ပြီး ကိုးကွယ်ရာဘာသာအလိုက် ရှိခိုးကန်တော့ဆုတောင်းခြင်းပြုပါ။

မှတ်ချက်။ ။အနောက်တောင်အရပ်သစ်ပင်အောက်သို့သွားရန်အဆင်မပြေပါက မိမိတို့နေအိမ် ခြံဝန်း တိုက်ခန်းများ၏ အနောက်တောင်အရပ်တွင် ပန်းအိုးချပြီး ၄င်းပန်းအိုးဘေးတွင် အရှေ့အရပ်မျက်နှာမူပြီး အထက်ကအတိုင်း ခေါင်းဆေးမင်္ဂလာ ပြုလုပ်နိုင်ပါသည်။

ဤသို့ သင်္ကြန်အခါတွင် စနစ်တကျ ခေါင်းဆေးမင်္ဂလာပြုခြင်းဖြင့် လာမည့် တစ်နှစ်တာပတ်လုံး ဘုန်းကံပွင့်လန်းခြင်း၊ မကောင်းသောဘေးရန် အန္တရာယ်များမှ ကင်းဝေးပြီး လုပ်ငန်းစီးပွားတိုးတက်ခြင်း၊ ကောင်းခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းအကျိုးကို ရရှိစေမည်ဟု ကျမ်းဂန်များတွင် ညွန်းဆိုထားပါသည်။

သတ္တဘာဂီ-ခုနှစ်နှစ်က ဖြစ်ကုန်သော ၊ရောဂီ – အနာမျိုးတို့သည်၊ ၀ိနာသေယျုံ -ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏အဖို့ဖြစ်ကုန်သော ၊သတ သဟဿနီ -တစ်သိန်းသော အကျိုးတို့သည် ၊ ဘဝေယျုံ -ဖြစ်ကုန်ရာ၏။

နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ…

အာစရိယဂုဏံအဟံဝန္ဒာမိ

ဆရာလင်းဝေအောင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)