Wall Street မှာ လင်းတဲ့ ကြယ်

မြန်မာလူမျိုးတွေရဲ့ ရိုးရာအစွဲအလန်းနဲ့ ဗေဒင်အပေါ် လေးနက်ယုံကြည်မှုကြောင့် သာမန် လူတန်းစားက အစ သူဌေးဘောစိအဆုံး အကုန်လုံး ဗေဒင်ကို အသုံးပြုကြတာ မဆန်းပါဘူး။

မြန်မာပြည်က ဦးတေဇ၊ ဦးဇော်ဇော်နဲ့ မိုက်ကယ်မိုးမြင့်တို့လို နာမည်ကျော်သူဌေးကြီးတွေ ဗေဒင်ကို အယုံအကြည် ရှိကြလား မသိ။ ကျွန်တော် သိသလောက်တော့ Sky Net ရုပ်သံပိုင်ရှင် ရွှေသံလွင် ဦးကျော်ဝင်းဟာ သူ့ဝန်ထမ်းတွေကို အကျီအနက် မဝတ်ခိုင်းတာ၊ တခါတလေ အထက်ပုဂ္ဂိုလ်ဆရာ သမားက ညွှန်ကြားတာနဲ့ လုပ်ငန်းအဆောက်အဦမှာ ယတြာတွေ ခဏခဏ ချေတာတော့ ကြားဖူးပါရဲ့။
အဲသလို သူဌေးကြီးတွေ မဟုတ်တောင် စာပေလောကတိုက်ရဲ့ ငွေရှင်းကောင်တာ နောက်မှာ ဧရာမ ရုပ်စမတော်ကြီးကို မှန်ဘောင်သွင်း အဆောင်ပြုထားတာ၊ နာမည်ကျော် အိုင်တီအသုံးအဆောင် ရောင်းတဲ့ ပင်ရင်းဆိုင်ကြီးရဲ့ ဘုရားကျောင်းဆောင်ထဲမှာ ကလပ်ပေါ် ခေါင်းလောင်းလေး တင်ထားတာ .. အစရှိသဖြင့် မြန်မာပြည်က ဘောစိတွေရဲ့ ဗေဒင်ယုံကြည်မှုဓလေ့ကို သတိထား မှတ်သားဖူးပါတယ်။
မြန်မာလူမျိုးတွေရဲ့ ရိုးရာအစွဲအလန်းနဲ့ ဗေဒင်အပေါ် လေးနက်ယုံကြည်မှုကြောင့် သာမန် လူတန်းစားက အစ သူဌေးဘောစိအဆုံး အကုန်လုံး ဗေဒင်ကို အသုံးပြုကြတာ မဆန်းပါဘူး။
ဆန်းတာကတော့ အမေရိကန်၊ နယူးယော့ခ်မြို့ဆီက ဝေါစထရိဆိုတဲ့ စတော့ ရှယ်ယာတွေ ရောင်းဝယ်တဲ့ စျေးကွက်မှာ အရောင်းအဝယ်သမားတွေ၊ ကုန်သည်ပွဲစားတွေ၊ လုပ်ငန်း ရှင်ကြီးတွေက နက္ခတ်ဗေဒင်ဆရာတွေ ဆီက အကြံဉာဏ်တွေကို နှစ်စဉ်ကြေးပေးပြီး ယူနေ တာပဲ ဖြစ်ပါတယ်။ ဒီအကြောင်း လေ့လာဖူးသူ ဆရာသမားတွေလည်း ကြားဖူးနားဝ ရှိမှာပါ။ မသိသေးတဲ့သူအဖို့ကတော့ ဒီလို ရုပ်ဝါဒီတွေ၊ ဘာသာမဲ့တွေ ထွန်းကားရာ အနောက်နိုင်ငံကြီးမှာ ဗေဒင်ကို သာမန် အပျင်းပြေ အဆင့်ထက် ပိုပြီး အရဲကိုး စွန့်စားရတဲ့ စတော့ရှယ်ယာ အရောင်းအဝယ်မှာ အသုံးပြုနေတာဟာ အနည်းဆုံး မျက်လုံးတော့ ကျယ်သွားစေမယ့် ကိစ္စပါ။

ဝေါစထရိက ထောင်နဲ့ချီတဲ့ ရှိတဲ့ လုပ်ငန်းရှင်တွေဟာ ငွေကြေးဘဏ္ဍာရေး နက္ခတ်ဗေဒင်ပညာရှင်တွေ ဆီက ဘယ်အချိန် ရောင်း၊ ဘယ်အချိန် ဝယ်၊ ဘယ်တော့ ဘာလုပ် ဆိုတဲ့ အကြံ ဉာဏ်တွေကို နှစ်စဉ်ကြေး ပေးပြီးတော့ ဝယ်ယူ သုံးစွဲနေကြတယ်လို့ ၂ဝ၁၂ အကုန်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ဆိုထားပါတယ်။

ဒါပေမယ့် လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ဟာ ဗေဒင်ဆရာတွေ ဆရာမတွေဆီက အခုလို အကြံဉာဏ်တွေ ယူပြီး အရောင်းအဝယ် လုပ်နေတယ် ဆိုတာ လူသိ မခံချင်ကြပါဘူး။ အထူးသဖြင့် သူတို့ အသိုင်းအဝိုင်းမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက် မဟုတ်ဘဲ တခြားသူ (အထူးသဖြင့် ဗေဒင်ဆရာတွေ) ဆီက အကြံတောင်းပြီး ရောင်းရ ဝယ်ရ ပါတယ်လို့ လူသိသွားရင် အတော်လေး ဖီးလ်ငုပ်သွားမှာပါပဲ။

အဲဒီက ငွေကြေးစျေးကွက် ကျွမ်းကျင်သူ ဗေဒင်ဆရာတွေ အဆိုအရ နက်ပကျွန်းနဲ့ စနေဂြိုဟ်တွေ အမြင်ယှဉ် မကောင်းလို့ အမေရိကန်ဗဟိုဘဏ်ဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ နိုင်ငံစီးပွားရေးကို မဲပြန်တင်းဖို့ ငွေစက္ကူတွေ ထပ်ရိုက်ရတဲ့ စီမံချက်တွေ ဆက်လုပ်ရမယ်လို့ ခန့်မှန်းပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးဂြိုဟ် ဗုဒ္ဓဟူး နောက်ပြန် (ဝကြ) သွားချိန်မှာ ဘယ်လို အရောင်းအဝယ် စာချုပ်မှ မချုပ်ဖို့ လုပ်ငန်းသစ်တွေ မစဖို့ ကြပ်ကြပ် သတိပေးလေ့ ရှိပါတယ်။

ဗေဒင်ပဲ မှန်သလား၊ တိုက်ဆိုင်လွန်းတာပဲလားတော့ မသိ။ အဲဒီဗေဒင်ပညာရှင်တွေရဲ့ သတိပေးချက်တွေ ဟောပြောချက်တွေ အများစုဟာ မှန်ကန်လေ့ ရှိပါတယ်။ ဒါကြောင့်လည်း တစ်နှစ်ကို ဒေါ်လာ ဘယ်လောက် ဆိုပြီး ဉာဏ်ပူဇော်ခပေး ဗေဒင်မေးကြတာပါပဲ။ ဒါပေမယ့် ဗေဒင်ဆရာတွေက သူတို့ ဟောသမျှ မှန်ရမယ်၊ မေးခွန်းတိုင်းမှာ အဖြေရှိတယ်လို့ ယတိပြတ် မပြောကြပါဘူး။ လူသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ဗေဒင်ဝါသနာပါ၊ ဗေဒင်ရောဂါထသူမို့ တခါတုန်းက အမေရိကန် ဘီလျံနာကြီး ဂျေပီမော်ဂန်ရဲ့ “Millionaires don’t use astrology, billionaires do.” ဆိုတဲ့ စကားစုလေးနဲ့ပဲ ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။ ပြီးတော့ Wall Street လို ကမ္ဘာကျော်စျေးကွက်ကြီးမှာ နေရာတစ်နေရာ အခိုင်အမာ ယူထားနိုင်တဲ့ ဗေဒင်ပညာကိုလည်း ကြယ်တစ်ပွင့်သဖွယ် ဂုဏ်ယူဦးညွှတ် လိုက်ပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)