စနေသား ဖြစ်ပြီး မွေးဖွားရာ မြန်မာသက္ကရာဇ်ကို ၇ နဲ့စားလို့ သုည ကြွင်းရင် စနေဘင်္ဂဖွား ဖြစ်ပါတယ်။ သုညကြွင်း စနေဘင်္ဂဖွားတွေသည် ရန်သူဟောင်းများ အမြဲရှိနေတတ်ကြပါတယ်။ ရန်ငြိုးရန်စဟောင်းများကို အမြဲသတိပြုရမယ့် ဇာတာရှင်တွေပါ။ နေရာထိုင်ခင်းကံနဲ့ ပတ်သက်ရင်လည်း ကံအားနည်းတတ်ကြသူတွေပါ။
မေတ္တာရေးမှာတော့ အများအားဖြင့် မိမိတို့အထက် ဘဝအဆင့်အတန်း ၊ အခြေအနေ ၊ အလုပ်၊ ရာထူးစသဖြင့် သာလွန်တတ်သော အိမ်ထောင်ဖက်မျိုး ကြုံရလေ့ရှိပါတယ်။ ပုံသေမှတ်ယူလို့ မသင့်ပေမယ့် အများအားဖြင့် အိမ်ထောင်ရေးကံ အားသာချက် ရှိတတ်ကြပါတယ်။
စနေဘင်္ဂဖွားတွေ သည် လက်မှုပညာ ၊ ဘာသာစကားပညာနဲ့ ဘာသာပြန်လုပ်ငန်းမျိုးတွေမှာ ကောင်းစွာ စွမ်းအားထုတ် လုပ်ကိုင်နိုင်စွမ်းလည်း ရှိတတ်ကြသူတွေပါ။ အဟောင်းတွေကို ပြန်လည်ပြုပြင်ရသော လုပ်ငန်း နယ်ပယ်တွေမှာလည်း ပါရမီ ရှိတတ်ကြသူတွေလို့ ဆိုနိုင်ပါတယ်။
ဘဝမှာ အသက်မွေးမှု မရေမရာ ဖြစ်ရတတ်ခြင်း၊ ရွေးရခက်ခဲမှု ၊ ဒွိဟဖြစ်မှု ကြုံရတတ်ခြင်း ကံရှိကြသူတွေလည်း ဖြစ်ပါတယ်။ အောင်မြင်သူအချို့မှာတော့ အသက်မွေးမှု တစ်ခုမက ပိုင်ဆိုင်နေတတ်ကြပြီး အလုပ်အကိုင် ၂ မျိုး၊ ၃ မျိုးကို တပြိုင်နက်တည်း လုပ်ကိုင်နေကြရသူတွေလည်း ရှိကြပါတယ်။
စနေဘင်္ဂဖွား ဇာတာရှင်တွေဟာ ဘဝမှာ ရန်သူဟောင်းက ဂုဏ်သိက္ခာကို ထိုးနှက်တိုက်ခိုက်ခြင်းကံ ရင်ဆိုင်ကြရတတ်တာကို အထူးသတိပြုရမယ့် ဇာတာရှင်တွေပါ။ မွေးရပ်မြေနဲ့ ဝေးကွာသော အရပ်ဒေသတွေမှာ ခေါင်းချကြရတတ်ပြီး စနေဘင်္ဂဖွားတွေအတွက် အကောင်းဆုံးအကျိုးပေးဂြိုဟ်ကတော့ ကြာသာပတေးဂြိုဟ်ပဲ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ဟာ ဂြိုဟ်ဆိုးအဖြစ် အကျိုးသက်ရောက်မှာဖြစ်ပြီး အသက်အားဖြင့် ၃၀ မှ ၄၁ အတွင်းမှာ နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ အခက်အခဲ အလွန် များတတ်ခြင်း၊ မိမိနေရာကို ဆုံးရှုံးရတတ်ခြင်း၊ ရာထူးဌာန အတွက် စိတ်ပင်ပန်းရတတ်ခြင်း၊ မနေလိုသော နေရာမျိုးတွင် နေရတတ်ခြင်း ကံတွေကိုလည်း ရင်ဆိုင်ကြရတတ်ပါတယ်။
ဒါကြောင့် ထိုအသက်ပိုင်းများ ရောက်ချိန်မှာ ညောင်ထောက်ခြင်း၊ တံတားပြင်၊ လမ်းပြင်ခြင်း၊ သိမ်ကျောင်းဇရပ် လှုဒါန်းရာတွင် ကုသိုလ်ပါဝင်ခြင်းများ ပြုသင့်လှပါတယ် ခင်ဗျား။
စနေဘင်္ဂဖွားအပေါင်း ကျန်းမာချမ်းသာခြင်း ရှိကြပါစေသတည်း – လေးစားစွာဖြင့် ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)