မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာပညာဖြင့် အဆောင်ကောင်းတစ်ခု ဖန်တီးခြင်း

မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာဗေဒင်ပညာရပ်ကြီးအရ ကိုယ်တိုင် ဖန်တီးလုပ်ဆောင်နိုင်သော အဆောင်ကောင်း တစ်ခုကို ရှေးပညာရှင်ကြီးများ၏ လမ်းစဉ်အတိုင်း ဖော်ပြပေးပါမည်။

ဤအဆောင်သည် လုပ်ငန်းစီးပွား အကြံအစည်များ ဆထက်ထမ်းပိုး တိုးတက်ခြင်း၊ လူချစ်လူချင် များခြင်း၊ ဩဇာအာဏာ ထွန်းတောက်ခြင်း၊ ဘုန်းတန်ခိုး တိုးခြင်း ဟူသော ကောင်းကျိုးချမ်းသာများကို အခိုင်အမာ ဖြစ်ထွန်းစေသည် ဟု ဗေဒင်ကျမ်းဂန်များတွင် အတိအကျ လျာထားချက်ရှိပေမည်။

ဆောင်ရွက်ရမည်မှာ နေ့သားအလိုက် ထုလုပ်ရမည့်အသားနှင့် အဆောင်အရုပ်ပုံစံ ကွဲပြားသွားပေမည်။

ဉီးစွာ နေ့သားအလိုက် အဆောင်ထုလုပ်မည့် (သစ်) အသားကို ကိုယ်တိုင် ရှာထားဖို့ လိုပါမည်။ ရပြီဆိုပါက မိမိမွေးနေ့မတိုင်ခင် ပန်းပုဆိုင်တွင် အပ်နှံရပေမည်။

နေ့သားအလိုက် ထုလုပ်ရမည့်အသားနှင့် အဆောင်ရုပ်ပုံစံများမှာ
၁) တနင်္ဂနွေသား – အောင်မဲဖြူသားဖြင့် ကြွက်ရုပ် ထုပါ။
၂) တနင်္လာသား – ကသစ်သားဖြင့် ပူးရုပ် ထုပါ။
၃) အင်္ဂါသာား – စွယ်တော်သားဖြင့် နဂါးရုပ် ထုပါ။
၄) ဗုဒ္ဓဟူးသား – ဝင်အူသားဖြင့် ဂဠုန်ရုပ် ထုပါ။
၅) ကြာသပတေးသား – မန်ကျည်းသားဖြင့် ကျားရုပ် ထုပါ။
၆) သောကြာသား – သစ်စိမ့်သားဖြင့် ခြင်္သေ့ရုပ် ထုပါ။
၇) စနေသား – ဒန့်ဒလွန်သားဖြင့် ဆင်ရုပ် ထုပါ။

၎င်းအရုပ်များကို ပန်းပုဆိုင်တွင် အပ်နှံ ထုလုပ်ခိုင်းပြီးနောက် ရုပ်တု ရလာသည်နှင့် တန်းဆောင်၍ မရသေးပါ။ စနစ်တကျ သန့်ရှင်းပြီး သိဒ္ဓိတင်ရန် လိုအပ်ပေမည်။
မိမိမွေးနေ့ မနက် ၆နာရီခွဲခန့်တွင် ထုလုပ်ပြီးသော အဆောင်ရုပ်ထုကို တရော်ကင်ပွန်းဖြင့် စနစ်တကျ သန့်စင်ဆေးကြောပြီး အမွှေးနံ့သာ ပက်ဖျန်းပါ။

ပြီးလျှင် ကြွေပန်းကန်အတွင်း ထည့်၍ သရဏဂုံ ၃ပါး ၊ ဂုဏ်တော်ကိုးပါးဖြင့် ရွတ်ဖတ်သိဒ္ဓိတင်ပြီးမှသာ တစ်သက်တာအဆောင်အဖြစ် စနစ်တကျဆောင်ထားနိုင်ပေမည်။

ထိုသို့ဆောင်ထားခြင်းဖြင့် နေ့သားအလိုက် လုပ်သမျှ အကြံစည်များအထမြောက်ခြင်း ၊ ဘုန်းတန်ခိုး တောက်ပခြင်း၊ ကံဇာတာ မြင့်မားခြင်း၊ ပြောရေးဆိုတာ အောင်မြင်ခြင်းများ အခိုင်မာဖြစ်ထွန်းလာပေမည်ဟု အင်္ဂဝိဇ္ဇာဆရာကြီးများက မိန့်ကြားခဲ့ပေသည်။

လက်တွေ့အဆောင်ကောင်းတစ်ခုအဖြစ် အသုံးချပြီး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေသတည်း…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)