ကပ်ကျော် ရတနသုတ်တော် အကြောင်း

အခုတလော တစ်ကမ္ဘာလုံးနီးပါးကို ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင်တွေ စီးပွားရေးတွေပါ ထိခိုက်နစ်နာရတဲ့ အထိ ဖြစ်လာပါတယ်။ မြန်မာပြည်မှာ ဒီရောဂါပိုး ကူးစက်ခံရသူ မတွေ့သေးပေမယ့် အစိုးရက လူထုအတွက် သတိပေးချက်တွေ ထုတ်ပြန်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်နေပါတယ်။ ဆရာတော် သံဃာတော်များကလည်း ကပ်ဘေးတွေကို ကျော်လွှားနိုင်တဲ့ ရတန သုတ်တော်ကို အဓိဌာန်တင်ပြီး ရွတ်ဖတ်ပူဇော်နေကြပါတယ်။ ရတနာသုတ်တော်ကို ပရိတ်ကြီး ၁၁ သုတ်ထဲကနေ ရှာဖွေ ရွတ်ဖတ်နိုင်သလို အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း ဖတ်ဖူးကြမယ် ထင်ပါတယ်။ ဒါကြောင့် ရတနာသုတ်တော် ဖြစ်ပေါ်လာပုံကိုပဲ အများ ဗဟုသုတ ရအောင် အနှစ်ချုပ် တင်ပြလိုက်ပါတယ်။

ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်တဲ့ ရတနသုတ်တော်ရဲ့ ဖြစ်စဉ်အကျဉ်းက ဒီလိုပါ။ မြတ်စွာဘုရားရှင်လက်ထက်က ဝေသာလီပြည်မှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးမရဘဲ မိုးခေါင်ရေရှားပါ ဖြစ်ပြီး ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးကြီး ဆိုက်ခဲ့ပါတယ်။ အငတ်ဘေးကြောင့် လူတွေ သေကြေတာ များလာတော့ အလောင်းတွေကို သုသာန် မပို့နိုင်တော့ဘဲ မြို့ထဲရွာထဲမှာ အပုပ်နံ့တွေ တလှိုင်လှိုင်နဲ့ ဖြစ်လာပါတယ်။ အဲဒီအနံ့အသက်ကြောင့်ပဲ မြို့ရွာအပြင်က ဘီလူး၊ သဘက်တွေ အထဲကို ဝင်လာပြီး အသေကောင်တွေကို စားသောက်ကြပါတယ်။ ဘီလူး၊ သဘက်တွေကို မှီပြီး ကပ်ရောဂါဘေးလည်း ပို ဖြစ်လာတဲ့အခါ ဝေသာလီတစ်ပြည်လုံးမှာ တုန်လှုပ်ခြောက်ချားစရာတွေ ဖြစ်လာပါတယ်။

ဝေသာလီပြည်ကို အုပ်ချုပ်တဲ့ လီစ္ဆဝီမင်းတွေက မင်းကျင့်တရားနဲ့ ညီညွှတ်သလို တိုင်းသူပြည်သား အုပ်ချုပ်ခံလူတန်းစားတွေကလည်း ဖောက်ပြားမှု မရှိဘဲ အခုလို ကပ်ဘေးတွေ ဆိုက်နေတဲ့အတွက် ဝေသာလီနဲ့ ၈ ယူဇနာ ဝေးတဲ့ ဂင်္ဂါမြစ်တစ်ဖက်ကမ်းက ရာဇဂြိုဟ်ပြည်မှာ သီတင်းသုံးဝါဆိုနေတဲ့ မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီးကတစ်ဆင့် ပင့်ဖိတ်ပြီး မဟာကရုဏာထား dကယ်ဆယ်ပေးဖို့ တောင်းပန်လျှောက်ထားလာပါတယ်။ ဒါနဲ့ပဲ မြတ်စွာဘုရားဟာ ညီတော်အာနန္ဒာနဲ့အတူ ရဟန္တာငါးရာ ခြံရံပြီး ဝေသာလီပြည်ကို ကြွချီပါတယ်။ မြတ်စွာဘုရားနဲ့ ရဟန္တာတွေကို ပင့်ဆောင်လာတဲ့ လှေဖောင်ကြီး ၂ စင်းတွဲ ဝေသာလီဆိပ်ကမ်းဘက် ကပ်တာနဲ့ မိုးတိမ်တွေ ရုတ်တရက် တက်လာပြီး မိုးထစ်ချုန်း ရွာချပါတယ်။ မိုးသည်းသည်းနဲ့အတူ အလောင်းတွေ ပါသွားလို့ အနံ့အသက်တွေလည်း ကင်းသွားပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အဲဒီနောက်မှာ မြတ်စွာဘုရားဟာ ရဟန္တာငါးရာ ခြံရံပြီး ဝေသာလီမြို့တံခါးဝမှာ ရပ်ရင်း ရတနသုတ်ကို ရွတ်ဖတ်တော်မူပါတယ်။ ရတနာသုတ်တော်ကို သိကြားမင်း၊ နတ်မင်းတွေပါ လာရောက် နာယူကြလို့ မြို့မှာ ကပ်နေတဲ့ ဘီလူး၊ သဘက်၊ သရဲတွေလည်း မနေနိုင်တော့ဘဲ ဝေးရာကို ပြေးကုန်ကြပါတော့တယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုလို့ ရတနာသုတ်တော်ဟာ ကပ်သုံးပါးကို ကျော်လွှားနိုင်တယ်၊ ဘေးအန္တရာယ်တွေကို ကင်းဝေးစေတယ်၊ မကောင်းဆိုးဝါးတွေ မပြုစားနိုင်တဲ့ တန်ခိုးအစွမ်းတွေ ရှိတယ်လို့ သတ်မှတ် ရွတ်ဖတ် ပူဇော်တဲ့ အစဉ်အလာဖြစ်လာပါတယ်။

လတ်တလော မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ မတွေ့ရသေးပေမယ့် လူတိုင်းလူတိုင်းက ကျန်းမာရေးအသိနဲ့ ကြိုတင် သတိထား ဆင်ခြင်ကြရင်း တစ်ဖက်ကလည်း ရတနာသုံးပါး  ကိုးကွယ်ဆည်းကပ်သူတွေ အားကိုးအားထားပြုရာ ဖြစ်တဲ့ ရတနသုတ်အပါအဝင် ဘေးကင်းရန်ကွာ ဂါထာတော်တွေကို ရွတ်ဖတ်ပူဇော်ကြဖို့  နှိုးဆော် တိုက်တွန်း လိုက်ရပါတယ်။  ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)