ကုသိုလ်တစ်ခု နေ့စဉ်ပြု၍ ကြီးပွားချမ်းသာစေခြင်း

အာစိဏ္ဏကံ ဆိုတာ ကံ (၄) မျိုးထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး နေ့စဉ်မပြတ် အထပ်ထပ် ပြုလုပ်ထားတဲ့ ကံကို ဆိုလိုပါတယ်။ ကုသိုလ်ကောင်းမှုတစ်ခု ပြုပြီးရင် အဲဒီကုသိုလ်အပေါ်မှာ အကြိမ်ကြိမ် သတိရပြီး ဝမ်းမြောက်ရင် ဒါဟာ အာစိဏ္ဏကံကုသိုလ်ပဲ ဖြစ်ပါတယ်။ ဥပမာ နေ့စဉ် ဘုရားဝတ်ပြု၊ ပုတီးစိပ်တာ၊ ဆွမ်းအမြဲ လောင်းလှူတာ၊ သီလစောင့်တာ၊ တရားထိုင်၊ မေတ္တာ ပို့တာဟာ ကုသိုလ် စွမ်းအားတွေကို အဖန်တလဲလဲ ပွားများကြီးထွားစေတဲ့ အာစိဏ္ဏကံ ကုသိုလ်တွေပါပဲ။ အဲဒီလို နေ့စဉ်မပြတ် အမြဲ လုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေကို စွဲသွားတဲ့အခါ ကုသိုလ်စွဲ ဖြစ်လာပြီးတော့ မကြာခင်မှာ ကြီးပွားချမ်းသာစေနိုင်တယ်လို့ အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှာ ဖော်ပြထားပါတယ်။

ဆရာတော်ရဲ့ ဟောကြားချက်အရ နေ့စဉ် အပတ်စဉ် ဘုရား ရှိခိုးတဲ့အခါ၊ အလှူအတန်းတွေ လုပ်လာတဲ့အခါ ကုသိုလ်စွဲ ဖြစ်ပြီး မကြာခင်မှာ ချမ်းသာလာတတ်လို့ ဆိုပါတယ်။ ဆရာတော်ရဲ့ ဟောကြားချက်အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။

“နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခု လိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။ အဲ့သလို ဖြစ်လာပြီဆိုရင် စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွားချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ကုသိုလ်ကို စွဲသွားလို့ပဲ။ စွဲသွားတဲ့ အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲ့ဒါမျိုးကို အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။ အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန် ပြုတဲ့ ကုသိုလ်မျိုးကို ဆိုလိုတယ်။ အချိန်မှန်မှန် ပြုတယ်ဆိုရင် ပဋ္ဌာန်းလို အာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။ အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ သွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှု ဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့ ထက်မြက်လာတော့တာပဲကွ။ အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော်ရေ ကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့ လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာပါလိမ့်မယ်။”

ကောင်းသော ကုသိုလ်စွဲကို ပြုလုပ်ရင်း ကြီးပွားချမ်းသာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)