ကံပွင့်၊ လာဘ်ဖွင့် အဆောင်များအကြောင်း

အဆောင်လက်ဖွဲ့ ဆိုတာ မြန်မာမှာတင် မဟုတ်ဘဲ ကမ္ဘာတစ်လွှားမှာပါ ဒေသအလိုက် ရိုးရာ ယုံကြည်မှုနဲ့အတူ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လာဘ်ခေါ်တချက် ငွေဇီးကွက်၊ ဈေးရောင်းကောင်းစေတဲ့ ဇော်ဂျီ၊ ဓာတ်တူနံတူ ငွေကိုယူ စသဖြင့် ထင်ရှားတဲ့ အဆောင်တွေ ရှိခဲ့ဖူးပါတယ်။ အဲဒီလိုပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း သူ့ရိုးရာ ဓလေ့ ယုံကြည်ချက်အရ အဆောင်မျိုးစုံကို အသုံးပြုနေတာ တွေ့ရပြီး ဒီထဲကမှ မြန်မာတွေနဲ့ နီးစပ်မှု ရှိနိုင်တဲ့ အဆောင်တချို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၁။ လာဘ်ခေါ် ကြောင်ရုပ် (ဂျပန်)

တခါတုန်းက ခပ်မွဲမွဲ စားသောက်ဆိုင်ရှင်တစ်ဦးဟာ ခိုကိုးရာမဲ့ ကြောင်လေးတစ်ကောင်ကို ဆိုင်ထဲ ခေါ်သွင်းပြီး ကျွေးမွေးစောင့်ရှောက်ရာမှာ ကြောင်လေးက ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆိုင်ရှေ့မှာ ထိုင်ပြီး ဖောက်သည်တွေကို လက်ယပ်ခေါ်ပေးခဲ့တယ်လို့ ပုံပြင်ဆိုရိုး ရှိပါတယ်။ ဂျပန်နိုင်ငံမှာ လက်ယပ်ခေါ်နေတဲ့ ကြောင်ရုပ်လေးတွေကို စီးပွားဖြစ်၊ ကံကောင်းစေတဲ့ လာဘ်ကောင်အဖြစ် အသုံးပြုကြသလို မြန်မာတွေလည်း ဒီကြောင်ရုပ်လေးတွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဆိုင်တချို့က ကောင်တာတွေမှာ တင်ထားတတ်ပါတယ်။ အဖြူရောင်ကြောင်ရုပ်ဟာ အောင်မြင်မှု၊ ရွှေရောင်က ဥစ္စာဓနနဲ့ အနက်ရောင်က အမှောင့်ပယောဂကို မောင်းထုတ်ပေးတယ် ဆိုပြီးတော့ အရောင်အားဖြင့်လည်း ခွဲခြားထားပါတယ်။

၂။ ဆုတောင်းပြည့် လင်းနို့ (တရုတ်)

သရဲကားတွေမှာ အလန့်တကြား လုပ်လေ့ ရှိတဲ့ လင်းနို့တွေက တရုတ်ပြည်မှာတော့ စူပါစတားအဆောင်ပါပဲ။ လင်းနို့တွေဟာ ကံကောင်း၊ ပျော်ရွှင်မှုကို ဆောင်ယူလာတယ်၊ ငွေကြေးဓနနဲ့ ဆုတောင်းလည်း ပြည့်တယ်လို့ တရုတ်တွေက ယူဆပါတယ်။ အနီရောင်လင်းနို့ ၅ ကောင်ဟာ ကျန်းမာ၊ သက်ရှည်၊ ပီယ၊ ကြွယ်ဝ၊ ဂုဏ်ရှိန် ဆိုတဲ့ ကံကောင်းခြင်း (၅) မျိုးကို ဖော်ညွှန်းတယ်လို့လည်း ဆိုပါတယ်။ အရင်တုန်းကဆိုရင် တရုတ်မိခင်တွေက သူတို့ရဲ့ မွေးကင်းစကလေးတွေကို ကျောက်စိမ်းနဲ့ ပြုလုပ်တဲ့ လင်းနို့ရုပ် အသေးလေးတွေကို ကြယ်သီးအဖြစ် ခမဲအဆောင်လုပ်ပေးလေ့ ရှိခဲ့ဖူးပါတယ်။

၃။ ဝက်သစ်ချသီး အဆောင် (အင်္ဂလန်)

ဝက်သစ်ချပင်ဟာ အင်္ဂလန်ရဲ့ အထိမ်းအမှတ်သစ်ပင်လည်း ဖြစ်သလို ခွန်အားနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကိုလည်း ဖော်ပြတဲ့ အပင် ဖြစ်ပါတယ်။ သမိုင်းစဉ်ဆက်မှာလည်း ကယ်လ်တစ် ဘာသာရေးခေါင်းဆောင်တွေက ချစ်သူ စုံတွဲတွေကို ဝက်သစ်ချတောထဲမှာ လက်ထပ်ထိမ်းမြား ဆုတောင်းပေးခဲ့တယ်လို့ ဆိုရိုးရှိပါတယ်။ မင်္ဂလာစုံတွဲ တသက်သာ ခိုင်မာမြဲမြံစေဖို့ နိမိတ်ကောင်း ယူတာမျိုး ဖြစ်ပါတယ်။ ဝက်သစ်ချပင်လိုပဲ ဝက်သစ်ချသီးကလည်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ တန်ခိုးအာဏာကိုလည်း ပေးစွမ်းနိုင်တဲ့ အဆောင် ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၎။ ကံကောင်းခြင်း ပိုးတောင်မာ (အီဂျစ်)

မမ်မီဇာတ်ကားတွေမှာ တွေ့ရတဲ့ အသည်းယားစရာ မည်းမည်းလှုပ်လှုပ် ပိုးတောင်မာတွေဟာ ရှေးအီဂျစ်တွေရဲ့ ကံကောင်းခြင်း အဆောင် ဖြစ်ပါတယ်။ ပိုးတောင်မာရဲ့ အဓိပ္ပါယ်ကိုက အသက်ဓာတ် တည်ရှိမှုလို့ အီဂျစ်စာမှာ ဖော်ပြထားပြီး အဖန်တလဲလဲ ရှင်သန် မွေးဖွားခြင်းကိုလည်း အဓိပ္ပါယ်ဆောင်ယူပါတယ်။ ထာဝရအသက်ကို ပေးသလို မကောင်းဆိုးဝါးရန်ကနေ အကာအကွယ်ပေးတယ်လို့လည်း အီဂျစ်တွေက ယုံကြည်ကြပါတယ်။

၅။ ဘေးကင်းရန်ကင်း အန်စာတုံး

ဒုတိယကမ္ဘာစစ်တုန်းက တိုက်လေယာဉ်တွေ ဘေးကင်း ကံကောင်းစေဖို့ ရည်ရွယ်ပြီး လေယာဉ်ခေါင်းခန်းမှာ အန်စာတုံးတွေ ချိတ်ဆွဲခဲ့ကြပါတယ်။ စစ်ကြီးပြီးသွားတဲ့ နောက်ပိုင်းကာလမှာလည်း တိုက်လေယာဉ်မှူးတွေက အဲဒီအန်စာတုံးအဆောင်ကို သူတို့ မော်တော်ကားထဲမှာ အဆောင်အဖြစ် ဆက်လက် အသုံးပြုခဲ့ကြပါတယ်။ ကားထဲမှာ တွဲလောင်းကျနေတဲ့ အန်စာတုံးလေးက ဘေးရန်ကင်းဖို့သာမကဘဲ မျှော်လင့်ချက်တွေကိုလည်း ပြည့်ဝစေတယ်လို့ အယူ ရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၆။ ပျော်ပျော်ရွှင်ရွှင် အန်းကုံးကြီး

တရုတ်လူမျိုးတွေရဲ့ အိမ်တွေ ဆိုင်တွေမှာ မြင်တွေ့နေကျ အန်းကုန်းဘိုးတော်ကိုတော့ မြန်မာတွေ တရင်းတနှီး ရှိပြီးသား ဖြစ်မှာပါ။ အန်းကုန်းဘိုးတော်ကြီးရဲ့ စူထွက်နေတဲ့ ဗိုက်ပူကြီးကို ပွတ်ပြီး ဆုတောင်းရင် စီးပွားလာဘ်လာဘ်နဲ့ ပျော်ရွှင်မှုကို ရရှိနိုင်တယ်လို့ တရုတ်တွေက ယုံကြည်ထားပါတယ်။

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)