ငွေကြေးကံကောင်းစေမယ့် ပိုက်ဆံအိတ်အစီအရင်

တခါတလေ ငွေရှာရတာ သိပ်လွယ်ပြီး လာဘ်ပွင့် ကံကောင်းတတ်ပေမယ့် တခါတရံကျတော့လည်း ငွေကြေးနဲ့ ပတ်သက်လို့ ပြောရဆိုရ ခက်ခဲတာ၊ လက်ထဲ ငွေကျပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စတွေရဲ့ အဖြေဟာ ကိုယ့်ကံဇာတာနဲ့ပဲ သက်ဆိုင်တယ် ဆိုပေမယ့် ကိုယ်သုံးတဲ့ ပိုက်ဆံအိတ်ပေါ် မူတည်ပြီးတော့လည်း ကံကောင်းတာ ကံဆိုးတာတွေ ဖြစ်တတ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ကိုယ့်ပိုက်ဆံအိတ်နဲ့ ပတ်သက်လို့ ဘာတွေ ဆောင်ရမယ်၊ ဘာတွေ ရှောင်ရမယ် ဆိုတဲ့ အစီအရင် အချက်အလက်တွေကို ဗေဒင်သုတအဖြစ် တင်ပြပေးသွားပါမယ်။

(၁) အယူတော်မင်္ဂလာပညာအရ ကိုယ်သုံးနေကျ ပိုက်ဆံအိတ်ထဲမှာ တစ်ကျပ်တစ်ပြားမှ လုံးဝ မကျန်အောင် အပြောင်ရှင်း၊ အပြတ်ရှင်းပစ်တာမျိုး မလုပ်သင့်ပါဘူး။ အနည်းဆုံးပုံမှန်တန်ဖိုးတစ်ခု (တစ်ထောင်၊ တစ်သောင်း) စသဖြင့် အမြဲထားရှိရပါမယ်။ တကယ်လို့ ပိုက်ဆံအိတ် ပြောင်သလင်းခါအောင် သုံးမိရင် နောက်တခါ ငွေ ရှာ၊ အလုပ်ရှာတဲ့အခါ တော်တော်နဲ့ အဆင်မပြေဘဲ ဖြစ်တတ်ပါတယ်။ စုဖို့ဆောင်းဖို့ ခက်ခဲသွားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) အပြင်က ပြန်လာလို့ အိမ်ပြန်ရောက်တဲ့အခါ ပိုက်ဆံအိတ်ကို ဘယ်လို နေရာချထားသလဲ ဆိုတာကိုလည်း အရေးပါတဲ့ အချက်တစ်ခုပါပဲ။ အများစုကတော့ အဆင်ပြေသလို ၊ ကြုံသလို ပစ်ထားတတ်ပြီး ဘယ်နေရာမှာ ထားမိသလဲ မမှတ်မိအောင်ကို ပစ်စလတ်ခတ် ထားတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ပိုက်ဆံအိတ်ကို အံဆွဲ (သို့) သေတ္တာထဲမှာ ကျကျနန သိမ်းဆည်းခြင်းကသာ ငွေဓာတ်ကို ဆွဲဆောင်နိုင်မယ့် အချက်ဖြစ်ပါတယ်။

(၃) ပိုက်ဆံအိတ်က ဟောင်းနွမ်းစုတ်ပြဲလာရင် အမြန် အသစ်ဝယ်သုံး အစားထိုးပစ်ပါ။ အဟောင်းအစုတ်ကို ဆက်သုံးနေရင် ကိုယ့်ငွေကြေးကံဇာတာလည်း မှေးမှိန်တတ်ပါတယ်။ ပိုက်ဆံအိတ်ကို မဆံ့မပြဲ ဖောင်းကား နေအောင် မသုံးသင့်သလို မလိုအပ်တဲ့ အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတာမျိုးလည်း ရှောင်ကျဉ်ရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄) ပိုက်ဆံအိတ်ထဲမှာ မလိုအပ်တော့တဲ့ ပြေစာဟောင်းတွေ၊ တိုလီမုတ်စတွေ၊ သုံးမရအောင် စုတ်ပြဲနေတဲ့ ငွေစက္ကူတွေ၊ အချွန်အထက်တွေ၊ အသုံးမဝင်တော့တဲ့ ကဒ်တွေ စတဲ့ အမှိုက်တွေကို ရှင်းထုတ်ထားမှသာ ငွေကြေးကံကို ပွင့်လန်းစေမှာ ဖြစ်ပါတယ်။ ပြီးတော့ ပိုက်ဆံတွေကို လိမ်ခေါက် ထိုးထည့်ထားတာ၊ ဆေးဝါးနဲ့ မုန့်ပဲသရေစာတွေကို ထိုးသိပ်ထည့်ထားမျိုးလည်း မလုပ်သင့်ပါဘူး။ ငွေကြေးကံအားနည်းစေတတ်ပါတယ်။

(၅) ပိုက်ဆံအိတ်ထဲမှာ အမြဲ ဆောင်ထားသင့်တဲ့အရာတွေ ရှိပါတယ်။ အပြစ်အနာကင်းတဲ့ ဆန်စေ့ (၂၁) စေ့ကို စက္ကူလေးနဲ့ ထုပ်ပြီး ဆောင်ပါ။ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးပါတယ်။ ဗောဓိညောင်ရွက် တစ်ရွက်ကို ထည့်ဆောင်ပါ။ ကျန်းမာ၊ ချမ်းသာမှုကို အားပေးပါတယ်။ ရှေးဟောင်းငွေဒင်္ဂါးတွေကို ဆောင်ပါ။ ငွေရှာစီးပွားရှာရာမှာ လွယ်ကူစေပါတယ်။ အရေးအကြီးဆုံးက ပိုက်ဆံအိတ်ထဲမှာ ငွေတချို့ အမြဲ ရှိနေဖို့ပါပဲ။

ပိုက်ဆံအိတ်ကို အမြဲဆောင်သုံးတတ်ပြီး လာဘ်ရွှင်လိုတဲ့ အမျိုးသား၊ အမျိုးသမီးများအတွက် ဒီအချက်တွေက ကျင့်သုံးရမယ့် ရွှေစည်းမျဉ်းတွေ ဖြစ်ပါလိမ့်မယ်။ အရှေ့တိုင်းလောကီပညာရဲ့လျှို့ဝှက်ချက်တွေကို ဖွင့်ဆို အသုံးပြုထားပါတယ်။ ငွေကြေးလာဘ်လာဘတွေ ရွှင်လန်းပိုင်ဆိုင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)