မွေးရက်ဂဏန်းအလိုက် ကံကောင်းစေသော အရောင်များ

သင်္ချာဗေဒလို့ တနည်းခေါ်ကြတဲ့ ဂဏန်းဗေဒင်ပညာမှာ မွေးရက်အလိုက် ဆောင်ရမယ့် အရောင်တွေကို ခွဲခြားစိတ်ဖြာထားပါတယ်။ ကိုယ့်မွေးရက်နဲ့ လိုက်ဖက်တဲ့ ကံကောင်းစေမယ့် အရောင်ကို ဝတ်ဆင်ပြီး အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ စတင်ရာမှာ၊ အင်တာဗျူး ဖြေဆိုရာမှာ၊ မင်းစိုးရာဇာအကြီးအကဲ စတာတွေနဲ့ တွေ့ဆုံရာမှာ အသုံးပြုနိုင်ပါတယ်။

ဒါတင်မကဘဲ ကိုယ့်လုပ်ငန်းမှာ မွေးဂဏန်းက ဖော်ညွှန်းတဲ့ အရောင်တွေကို ခြယ်သတာ၊ မကြာခဏ အဲဒီ အရောင်တွေကို ဝတ်ဆင် သွားလာလုပ်ကိုင်တာ စသဖြင့် ဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်။ ကဲ ဒီနေရာမှာ ဘယ်ဂဏန်းက ဘယ်အရောင်နဲ့ လိုက်ဖက် အကျိုးပေးသလဲ ဆိုတာ လေ့လာကြည့်ရအောင်ဗျာ..။

၁ ၊ ၁၉၊ ၂၈ ရက်မှာ မွေးဖွားသူတွေဟာ အဝါရောင်၊ ရွှေရောင်တွေနဲ့ သိပ်ကို အကျိုးပေး ကောင်းပါတယ်။ တောက်ပတဲ့ အနီရောင်ကိုလည်း အသုံးပြုနိုင်၊ ဆောင်နိုင်ပါတယ်။

၂၊ ၂၀၊ ၂၉ ရက်မှာ မွေးဖွားသူတွေအဖို့ နို့နှစ်ရောင်၊ ဆင်စွယ်ရောင်၊ အဖြူရောင်တွေကို ဆောင်နိုင်ပါတယ်။ အစိမ်းရောင်ကိုလည်း မကြာခဏ အသုံးပြုနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၃၊ ၁၂၊ ၂၁၊ ၃၀ ရက်မှာ မွေးဖွားသူတွေက အရောင်ဖျော့တွေ များများ ဝတ်ဆင်ပေးပါ။ ရွှေအိုရောင် သန်းတဲ့ အရောင်၊ အဝါရင့်ရောင်တွေကလည်း အကျိုးပေး ကောင်းပါလိမ့်မယ်။

၎၊ ၁၃၊ ၂၂၊ ၃၁ ရက်မှာ မွေးဖွားသူတွေအနေနဲ့ အပြာရောင်၊ မီးခိုးရောင်တွေကို ဆောင်ပါ။ တောက်ပတဲ့ အပြာ၊ ရောင်စုံနှော အရောင်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ သတိထားရမှာက အနီ၊ အနက်တွေပါပဲ။

၅၊ ၁၄၊ ၂၃ ရက်မှာ မွေးဖွားသူတွေက မီးခိုရောင်နုနုနဲ့ အဖြူရောင်တွေကို အသုံးပြုနိုင်ပါတယ်။ အရောင်ရင့်တွေ ရှောင်ရပါမယ်။ အစိမ်းရောင်ဟာလည်း ကံကောင်းစေတဲ့ အရောင် ဖြစ်ပါတယ်။

၆၊ ၁၅၊ ၂၄ ရက်မှာ မွေးဖွားသူတွေက အပြာနဲ့ ပတ်သက်သမျှ အရောင်အားလုံး ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အပြာတောက်တောက်ကို ရှောင်ပါ။ အပြာအပြင် ပန်းရောင်ကိုလည်း အသုံးပြုနိုင်ပါတယ်။

၇၊ ၁၆၊ ၂၅ ရက်မှာ မွေးဖွားသူတွေဟာ အဖြူ၊ အဝါ၊ ရွှေနဲ့ အစိမ်းဖျော့အရောင်တွေကို ဆောင်နိုင်သုံးနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၈၊ ၁၇၊ ၂၆ ရက်မှာ မွေးဖွားသူတွေက အနက်ရောင်၊ ခရမ်းရောင်နဲ့ မီးခိုးရောင်၊ အပြာရင့်ရင့်တွေကို ဝတ်နိုင် သုံးနိုင်ပါတယ်။ အရောင်တောက်တောက်နဲ့ အဖျော့ကိုတော့ ရှောင်သင့်ပါတယ်။ လုံးဝ မသင့်တော်လို့ပါပဲ။

၉၊ ၁၈၊ ၂၇ ရက်မှာ မွေးဖွားသူတွေဟာ အနီနဲ့ ပတ်သက်သမျှ အရောင်အားလုံးကို ဝတ်ဆင်အသုံးပြုပေးပါ။ နှင်းဆီရောင်၊ ပန်းရောင် အကုန်လုံး ပါပါတယ်။ အရောင်မှိုင်းမှိုင်းတွေကိုတော့ ရှောင်ကျဉ်ရပါမယ်။

မွေးရက်ဂဏန်းတွေနဲ့ လိုက်ဖက်ရာ အရောင်တွေအကြောင်း ပြောတဲ့အခါ ၄ ဂဏန်း၊ ၈ ဂဏန်းနဲ့ ၉ ဂဏန်း သမားတွေအတွက် ရှောင်ရန် အရောင်တွေပါ ထည့်ပြောသွားတာ သတိပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီဂဏန်းသမားတွေဟာ အစွန်းနှစ်ဖက် ရောက်လွယ်၊ ထိရှလွယ်တတ်လို့ ဆောင်ရန်အရောင်နဲ့တကွ ရှောင်ရန် အရောင်ကိုပါ ထည့်သွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဂဏန်းဗေဒင်နဲ့ ပတ်သက်ပြီး ဗဟုသုတ မျှဝေစရာလေးတွေ ရှိပါသေးတယ်။ ဗေဒင်သုတပရိတ်သတ်အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

မွေးရက်ဂဏန်းသမားအားလုံး လိုက်ဖက်ကံကောင်းတဲ့ အရောင်တွေကို ဆောင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)